တရားသူကြီးရောက်မလာသဖြင့် Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တရားစွဲဆိုခံရသည့်အမှု ပြန်လည်ရက်ရွှေ့

တရားသူကြီးရောက်မလာသဖြင့် Gust Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားများ တရားစွဲဆိုခံရသည့်အမှု ပြန်လည်ရက်ရွှေ့

ရေဂင်
ရန်ကုန် – ၂၀၂၀ သြဂုတ် ၂၅ (မော်ကွန်း)

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပုဒ်မ ၄၆ (ဃ)/ ၄၇ ဖြင့်တရားစွဲဆိုခံထားရသည့် Gust Myanmar အထည်ချုပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမားများ၏ ယနေ့ ရှစ်ကြိမ်မြောက် ရုံးချိန်းတွင် တရားသူကြီး မရောက်လာသဖြင့် လာမည့် စက်တင်ဘာ ၁၅ ရက်သို့ ရုံးချိန်း ထက်မံရွေ့ဆိုင်းလိုက်သည်။

“ဒီနေ့ ရုံးချိန်းကတော့ တရားသူကြီးရောက်မလာတဲ့အတွက် ရုံးချိန်ရောက်လာတဲ့သူ၊ ပျက်ကွက်တဲ့သူ စာရင်းကောက်ပြီး နောက်လ ၁၅ ရက်နေ့ကို ရက်ချိန်းပေးပြီး ပြန်လွှတ်လိုက်တာပဲ” ဟု အလုပ်သမား သမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။

အဆိုပါ Gust Myanmar မှ အလုပ်သမား ၉၇ ဦးအား ပြီးခဲ့သည့် မတ် ၁၃ ရက်က အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနမှ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် လာရောက်သူ ၄၈ ဦး၊ ခွင့်တိုင်ကြားသူ ၁၀ ဦး၊ ပျက်ကွက်သူ ၃၉ ဦးရှိခဲ့သည်။

ယင်းတရားစွဲဆိုခံထားရသည့် အလုပ်သမားများတွင် နယ်ပြန်သူများ၊ အခြား စက်ရုံတွင် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သွားသူများရှိသည့်အတွက် ထိုသို့ ရုံးချိန်းလာနိုင်ရန် အခက်အခဲများရှိနေပြီး လာမည့် နောက်ဆုံးရုံးချိန်းတွင် ခွင့်မဲ့ဖြင့်ပျက်ကွက်ပါက ဖမ်းဝရမ်းထုတ်မည်ဖြစ်ကာ ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ အထိ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် မအေးသူဇာက ပြောသည်။

ထိုသို့ တရားစွဲဆိုခံထားရခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သမ္မတရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီရုံးများသို့ ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က အသနားခံစာ ပေးပို့ထားသော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိသေးကြောင်း အလုပ်သမား သမဂ္ဂမှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်ကပြောသည်။

ပုံစာ။ ။ လှိုင်သာယာ မြို့နယ်တရားရုံး
ပုံ ။ ။ မော်ကွန်း


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."