၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင်ရေးသည်။
မစားရ ဝခမန်း ပြောစကားတွေအရ
မှုန်ဝါးဝါး အရှေ့အရပ်ဆီမှာ
နေ့သစ်တည်မယ့် ရောင်နီလာလုလု။
တစ်ခုသော လောကကမ်းပါးထက်မှာတော့
မျှော်လင့်ခြင်း ခရီးရှည်အိပ်မက်များ
ဝရုန်းသုန်းကား အုံကြွဆူပွက်လို့။
ဒီမှာ ညစာ မစားရသေးသူတချို့နဲ့
တမြည့်မြည့် တလွမ်းလွမ်း
သွေးစွန်းတဲ့ သမိုင်းသင်ခန်းစာဟောင်း တချို့။
လေမဝှေ့တဲ့ ကွန်ကရစ်လမ်းမပေါ်
သစ်ရွက်ကြွေတို့ အမှိုက်လို လွင့်ပါ ရှပ်တိုက်
အထပ်မြင့်တွေက အိပ်ငိုက်နေကြ။
ဘာမှ စိတ်မချရသေးပါဘူး
ညှော်စော်နံတဲ့ အဆိပ်မီးခိုးငွေ့တွေ
တရွေ့ရွေ့ ပျံ့နှံ့ မြို့ပြသွေးကြောများထဲ။
ပြောရရင် မတရားလှတဲ့ ည
သန်းခေါင်ယံအလွန် ကောင်းကင်ကြီးထဲ
ကြယ်တွေ ပိုပြီး လင်းလက်လာသလိုလို ရှိဆဲ။
စေတန်နတ်ဆိုးတွေလည်း
ကခုန်မြူးထူးလို့ ဝိုင်ခွက်ချင်း တိုက်နေကြ
တေ်္ဆသရဲ မှင်စာငနဲများ ဝန်းရံခလျက်။
သွားလေ၊ မနေချင် သေလိုက်ပေါ့
ဂိမ်းတွေကို ဆော့မိပြီ ဆိုမှတော့
တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ဖို့ လိုအပ်မယ်။
ဒီတည်ဆောက်ရေး စီမံကိန်းသစ်ထဲ
ခင်ဗျားဟာ အုတ်တစ်ချပ် သဲတစ်ပွင့်လား
အုတ်သဲကျောက် ကန်ထရိုက်တာလား။
အိပ်မရတဲ့ စိတ်္တဇညတွေကို
ဆေးလိပ်ငွေ့လို ရှိုက်ဖွာမှုတ်ထုတ်
ရာဇဝင်ဘုတ်အုတ်ဟာလည်း ခြတွေ တရွရွတက်လို့ပဲ။
ရာသီခွင်ဇယားအရ ဒါဟာ ဆောင်းပါ
အချိန်အခါမဟုတ် မိုးတွေ ဝုန်းခနဲ ရွာချလိုက်
နေပြင်းပြင်း ပြန်ပူလိုက်နဲ့ မမိုက်တဲ့ ဌာနီ။
ပက်လက်အစန့်သား ငြိမ်သက်မောလျ
ဆေးရုံခုတင်ပေါ်က နာတာရှည်လူနာဟာ
မနက်ဖြန်ကို မြင်တွေ့ဖို့ရာ သိပ်မသေချာ။
သေနတ်ပြောင်းဝကနေ အာဏာထွက်မလာသေးခင်
အရေပြားမပါတဲ့ ရောင်စုံတက်တူးရုပ်တွေ
နိုက်ကလပ်ထဲက ရုတ်တရက်ပြေးထွက်လာကြ။
ဆုတောင်းလေ၊ ဆုတောင်းကြပေါ့
ဘုရားသခင်တွေဆီမှာ ဆုတောင်းကြ
ဆုတောင်းပွဲတွေမှာ ဆုတောင်းကြ။
ခေတ်ကြီး တကယ်ပြောင်းသွားတဲ့အခါ
မင်းလည်း ပဲပြုတ်နံပြားရောင်းဖို့ မလိုတော့သလို
ငါလည်း ဒီလို ကဗျာတွေ ရေးဖို့ မလိုတော့ဘူးပေါ့ကွာ။
(၉.၁၂.၂၀၁၇)