အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင် တို့ကို ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲတစ်ခုက ဟောပြောမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှုပုဒ်မ-၁၂၂၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) တွေနဲ့ ဒီကနေ့မှာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် အပြစ်ဒဏ် ကျခံရန် ချမှတ်ခဲ့ပါတယ်။ ဒီအမှုမှာ စာရေးဆရာဝေဟင်အောင်၏ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်၏သုံးသပ်ချက်တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
“ အယူခံတက်မတက်ကိုတော့ ကျွန်မပြောလို့မရဘူး။ ကျွန်မပြောလို့ရတာက ဒီနိုင်ငံ၊ ဒီတရားစီရင်ရေးဟာ ဥပဒေနဲ့ ညီတယ်၊ တရားဥပဒေစိုးမိုးမှုရှိတယ်လို့ သူ့စိတ်ထဲမှာ ယုံကြည်ခဲ့ရင် ဒီလောက်နှစ်ရှည်ထောင်ဒဏ် ချထားတာနဲ့ ပတ် သက်ပြီး အထက်တရားရုံးအဆင့်ဆင့်ကို သူအယူခံတက်ဖို့ကြိုးစားလိမ့်မယ်။ ဒါမှမဟုတ် ဥပဒေနဲ့ညီစေခဲ့သည်ရှိစေကာမူ မတော်မတရား အမိန့်ချမှတ်ခဲ့တယ်လို့ သူခံစားခဲ့ရင်တော့ ဒီအယူခံကိုတက်မှာမဟုတ်ဘူး။ ဒါက ကျွန်မပြောလို့ ရတဲ့အဆင့်။
“ အဲဒီတော့ သူအယူခံတက်မယ်ဆိုတဲ့ကိစ္စကို ကျွန်မကိုလာမပြောဘူး။ ကျွန်မခန့်မှန်းလို့ရတာကတော့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒီနိုင်ငံမှာ အယူခံတက်လို့ထူးပါ့မလားဆိုတဲ့ ခံစားချက်ပဲ သူ့မှာအခုရှိနေတယ်။ တက်ရင်လည်းဘာထူးမှာလဲ။ ဥပဒေနဲ့ မညီဘူးဆိုတာ ကျွန်မတို့ တဆာဆာပြောခဲ့တယ်။ လျှောက်လှဲချက်တွေဟာ နာရီပေါင်းများစွာ၊ စာနဲ့ရေးထားတဲ့ လျှောက်လှဲချက်တွေဟာ စာမျက်နှာပေါင်းများစွာ၊ ဥပဒေတွေ၊ စီရင်ထုံးတွေ၊ အကိုးအကားတွေအကုန်လုံးကို ကျွန်မတို့ တင်ပြတယ်။ ဒါပေမယ့် ဒီနေ့ချမှတ်တဲ့စီရင်ချက်မှာ ကျွန်မတို့ရှေ့နေတွေရဲ့လျှောက်လှဲတင်ပြချက်ထဲက စကားလုံးလေး တစ်လုံးလောက်ကိုတောင်မှ မကိုးကားပဲနဲ့ အပြစ်ပေးလိုက်တာ။
“ တရားဝင်လျှောက်လဲချက်အားပြုပေးရတယ်ဆိုတာ ကျွန်မတို့ လုပ်ထုံးလုပ်နည်း။ ဒါပေမယ့် ဒေါက်တာအေးမောင် ရှေ့နေရော၊ ဝေဟင်အောင်ရှေ့နေဖြစ်တဲ့ကျွန်မရော နည်းအမျိုးမျိုးနဲ့တင်ပြတယ်။ ဒါကိုငါတို့လက်မခံနိုင်ဘူးဆိုတဲ့ အချက်မျိုးကို သက်သေခံဥပဒေအရ စီဒီခွေက တဆင့်ခံသက်သေခံချက်မို့လို့ မူးရင်းဖုန်းကို တင်မပြတာမို့လို့ သက်သေခံ မဝင်ဘူး။ ဥပဒေနဲ့မညီဘူးဆိုတဲ့ တစ်ချက်ကိုပဲကောက်နုတ်တယ်။ ကျန်တဲ့ ပုဒ်မ-၁၂၂ ကို လုံးဝမကောက်နုတ်ဘူး။
“ လူတစ်ယောက်ရဲ့ ပြုလုပ်မှုတစ်ခုတည်းအပေါ်မှာ တစ်မှုတည်း ဆွဲပြီးသာအပြစ်ပေးရမယ်ဆိုတာကြီးကို သုံးမှုဆွဲပြီးတော့ ဆောင်ရွက်ခဲ့တာဟာ ဥပဒေနဲ့မညီနဲ့အချက်ပဲ။ ပြီးရင် AA (ရက္ခိုင့်တပ်မတော်)နဲ့ အစိုးရနဲ့ဖြစ်နေတဲ့ကိစ္စကိုပါ အဲဒီ အမှုထဲမှာ ဆွဲထည့်လိုက်သေးတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဒီကိစ္စဖြစ်တာနဲ့ အခု AA ဒီလိုဖြစ်နေတယ်ဆိုတာကြီးက အမှု စစ်ပြီးသွားတာကြာလှပြီ။ ဒီကိစ္စဟာ အမှုထဲမှာ ဘာမှမပေါ်လွင်ခဲ့ဘူး။ မပေါ်လွင်တဲ့ပြင်ပအချက်ကိုပါ ထည့်သွင်းပြီးတော့ အမိန့်ချမှတ်ပြီးတော့ အပြစ်ပေးတယ်ဆိုတာ ဥပဒေနဲ့မညီဘူး။ ဥပဒေနဲ့ဆန့်ကျင်တယ်။ ဒါကြောင့် သူ့မှာ အဲဒီခံစားချက်ရှိ တယ်။ ရှေ့နေတွေကလည်း ပြောသာပြောရတာ စကားသာအဖတ်တင်ပေါ့လေ။ အဲဒီအပေါ်မှာ သူခါးခါးသီးသီးကို ဖြစ်သွားတာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။