ကော်သူးလေ – ၂၀၂၃ စက်တင်ဘာ ၁၁ (မော်ကွန်း)
ကော်သူးလေ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၅ မှာရှိတဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသားလေးဦးသေဆုံးခဲ့ရတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မော်ကွန်းကိုပြောပါတယ်။
“စ.က.စ ဘက်က လေယာဉ်တွေက ကျွန်တော်တို့ရဲ့ကျောင်းတွေကို တိုက်ခိုက်တာဟာ တဖြည်းဖြည်းနဲ့ပိုပြီးများလာတယ်လို့ပြောလို့ရတယ်၊ ဒီလိုလုပ်ရပ်မျိုးဟာ အရပ်သားပြည်သူကို ရည်ရွယ်ပြီး တိုက်ရိုက် တိုက်ခိုက်တာဖြစ်တယ်၊ ဒါကစစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်လို့ပြောလို့ရတယ်”လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
အခုလ ၇ ရက်က KNU တပ်မဟာ ၅ ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ သေသူးခီးရွာနဲ့ ကော်ရော်ဘောထရွာနဲ့ ဒွယ်လိုးမြို့နယ်၊ ထီးကော်ထရွာတွေကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသားလေးဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရှိသူတွေလည်းရှိခဲ့ပါတယ်။
သေဆုံးတဲ့ကျောင်းသားတွေဟာ အသက် ၁၃ နှစ်ကနေ ၁၆ နှစ်အတွင်းဖြစ်ကြပြီး သူတို့နေထိုင်တဲ့ ဘော်ဒါဆောင်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာပါ။
စာသင်ကျောင်း၊ ဘော်ဒါဆောင်၊ ဘုရားကျောင်းနဲ့ လူနေအိမ်ခြေတွေပါ ပျက်စီးသွားပြီး ဒီလိုအကြမ်းဖက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့စစ်တပ်ကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပိတ်ဆို့အရေးယူသွားဖို့ တောင်းဆိုကြောင်း KNU က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
“ဒီလိုအရပ်သားပြည်သူတွေကို အဓိကထားပြီး တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုမြောက်တဲ့အပေါ်မှာ နိုင်ငံတကာက သိဖို့လိုအပ်သလို ဒါတွေကို ဝိုင်းဝန်းကာကွယ်ရမယ့်တာဝန်လည်း သူတို့မှာရှိတယ်ဆိုတာကို ယူဆတဲ့အတွက်ဖြစ်ပါတယ်၊ အထူးသဖြင့် စ.က.စကို ထောက်ခံနေတဲ့၊ ထောက်ပံ့နေတဲ့ နိုင်ငံတကာအစိုးရတွေက ဒါတွေကို ပိုပြီးသိရှိဖို့လည်း လိုအပ်တာပေါ့” လို့ ပဒိုစောကလယ်စေးကပြောပါတယ်။
KNU တပ်မဟာ ၃၊ ၅ နဲ့ ၆ တွေမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်ပုံမှန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရှိနေပြီး ဒေသခံစစ်ရှောင် ခြောက်သိန်းနဲ့အထက်ရှိနေပြီလို့ KNU ဘက်ကပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက KNU တပ်မဟာတွေအထဲ တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ တို့မှာ ပုံမှန်တိုက်ပွဲတွေပိုမိုပြင်းထန်ခဲ့ပေမယ့် အခုနှစ် နှစ်ဆန်းပိုင်းလောက်ကစလို့ ပဲခူးတိုင်းအရှေ့ခြမ်း၊ KNU တပ်မဟာ ၃ ၊ ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ ၂ ၊ တောင်ငူခရိုင်တို့ဘက်တွေမှာပါ တိုက်ပွဲတွေပြင်းထန်လာနေပါပြီ။
ပုံစာ – KNU တပ်မဟာ ၅ မှာ လေကြောင်းတိုက်ခိုက်ခံရလို့သေဆုံးသွားကြသူတွေနဲ့ အပျက်အစီးများ။
ဓာတ်ပုံ – KNU HQ
#Dailynews

