အောင်ထူးနိုင်
ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၀ (မော်ကွန်း)
တပ်မတော်ဝန်ထမ်းတွေ ရုံးတက်ချိန်မှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ တားမြစ်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
“ကျွန်တော့်တပ်မတော်မှာတော့ ဒါကို တင်းတင်းကြပ်ကြပ် တော်တော်လေး ကိုင်ထားပါတယ်။ လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးအခွင့်အရေးပါပဲ၊ သို့သော် ကျွန်တော်တို့က ကျန်းမာမှ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် စည်းကမ်းအရ ကျွန်တော်က သတ်မှတ်ပေးထားတာဖြစ်ပါတယ်” လို့ ဒီနေ့မနက် ရန်ကုန်တပ်မတော်ခန်းမမှာပြုလုပ်တဲ့ သတင်းမီဒီယာတွေ၊ အနုပညာရှင်တွေနဲ့ ရိုးရာလက်ဝှေ့အဖွဲ့အတွက် Covid ကာလ စားသောက်ရေးအဆင်ပြေစေဖို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းပွဲမှာ ပြောခဲ့တာပါ။
တာဝန်ထမ်းဆောင်ချိန်မဟုတ်တဲ့ အိမ်မှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာကို မပြောပေမယ့် ရုံးမှာတော့ တားမြစ်ထားတယ်လို့ သူက ရှင်းပြတယ်။
“ဒီလိုပဲ အရက်သေစာ သောက်စားတာနဲ့ပတ်သက်ရင် ထိန်းသိမ်းဖို့ ကျွန်တော်တိုက်တွန်းထားတယ်၊ မတားမြစ်ပါဘူး၊ သို့သော် ထိန်းသိမ်းပါဆိုပြီး တိုက်တွန်းတယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတယ်။
ဒီအပိုင်းတွေကို သတင်းမီဒီယာတွေနဲ့ အနုပညာရှင်တွေအနေနဲ့ လူထုပညာပေးအဖြစ် လုပ်ပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေတ္တာရပ်ခံပါတယ်။
ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေး
#Dailynews