ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ကို တော်လှန်ဆန့်ကျင်နေသူတွေဟာ အကြမ်းဖက်သမားတွေဖြစ်ပြီး ပြည်သူတွေအနေနဲ့ လက်နက်တွေရှိရင် သူတို့ဆီကို လာအပ်ပေးဖို့ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမှာ လိုက်လံကြေညာနေရပြန်ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
CRPH နဲ့ NUG တို့ဟာ တရားမဝင် အကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်း၊ ပြည်သူလူထုရဲ့ မသိ နားမလည်မှုအပေါ်မှာ အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်နေတာဖြစ်ကြောင်း အသံချဲ့စက်ကို ကားပေါ်တင်ကာ တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံအော်ဟစ်နေတာဖြစ်တယ်လို့ မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။
အသံချဲ့စက်တင်ထားတဲ့ ကားပေါ်မှာ သေနတ်တွေ အသင့်ကိုင်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တပ်သားတွေဟာ လမ်းထဲဝင်လာပြီဆိုရင် တိုက်တွေပေါ်ကို အလွတ်မပေးဘဲ လိုက်ကြည့်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
တချို့မြို့နယ်တွေမှာဆိုရင် အသံချဲ့စက်တင်ထားတဲ့ကားရဲ့ အရှေ့နဲ့ အနောက်မှာ စစ်ကောင်စီအဖွဲ့လက်အောက်ခံ ရဲနဲ့ စစ်သားတွေဟာ ကားတွေနဲ့ လိုက်ပါလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ခုလို လက်နက်အပ်ဖို့ ကြေညာတဲ့အချိန်မှာတင်မကဘဲ ကိုဗစ်ဆေးထိုးဖို့ လိုက်အော်တဲ့အခါမှာလည်း သေနတ်တွေ ကိုင်ဆောင် ချိန်ရွယ်ထားတဲ့ စစ်သားတွေဟာ ကားပေါ်မှာ အခုလို ပါမြဲဖြစ်ကြောင်း သတင်းရင်းမြစ်ကဆိုပါတယ်။
ဒါအပြင် ပြည်သူတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ လာတဲ့အခါမှာလည်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေကို လိုက်ပါ စောင့်ရှောက်နေရတဲ့အပြင် မီတာခပေးဆောင်ဖို့လည်း ဖိအားပေး၊ ခြိမ်းခြောက်တာမျိုးလည်းရှိတယ်လို့ မြို့ခံတစ်ဦးကဆိုပါတယ်။
ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထောင်ချကာ တိုင်းပြည်ကို စစ်ကောင်စီအဖွဲ့အာဏာသိမ်းတာဟာ လာမယ့် ၂၀၂၂ ဇန်နဝါရီလ ပြီးရင် တစ်နှစ်ပြည့်ပါပြီ။
ဒီကာလအတွင်း စစ်ကောင်စီအဖွဲ့ဟာ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်လို့မရတဲ့အပြင် နိုင်ငံတကာ၊ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို မရရှိဘဲ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီးသတ်ဖြတ်နေတာတွေကြောင့် ရှုတ်ချ ပြစ်တင်ကာ တရားစွဲဆို ခံထားရမှုတွေလည်း ရှိနေပါသေးတယ်။
ပြည်တွင်းမှာတော့ စစ်အာဏာရှင်ကို ရရာ လက်နက်စွဲကိုင်ပြီး တော်လှန်ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဟာ တိုက်ခိုက်ရင်ဆိုင်နေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နေ့စဉ် စောင့်ကြည့်တွက်ချက်မှု မနေ့ကစာရင်းအရ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၃၅၁ ဦးရှိပါတယ်။
#Dailynews

