တပ်သိမ်းမြေယာနဲ့ အဆိုးကျော့ သံသရာထဲက လယ်သမားများဘဝ

တပ်သိမ်းမြေယာနဲ့ အဆိုးကျော့ သံသရာထဲက လယ်သမားများဘဝ

Photo – Minn Lwin

တုန်းတင်ကန် (ဇူလိုင်၊ ၂ဝ၁၇)

လယ်ကွင်းထဲက တဲစုစုလေးတွေဆီ ဦးတည်မောင်းနှင်လာတဲ့ မြေတူးယာဉ်နှစ်စီးကို တွေ့လိုက်ရတဲ့အခါ ဒေါ်စန်းမြင့်တစ်ယောက် တဲထဲဝင်လိုက်၊ တဲပြင်ပြေးထွက်သွားလိုက်နဲ့ဆောက်တည်ရာမရ ဖြစ်သွားတယ်။ သူတို့နေထိုင်တဲ့ လယ်ကွက်တွေထဲကနေ တဲတွေဖယ်ပေးဖို့ရေတပ်ပင်မလက်နက်ခဲယမ်းမီးကျောက်တပ် တာဝန်ရှိသူတွေက အမိန့်ပေးထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက သတိပေးပြီး နှစ်ပတ်အကြာမှာပဲ စစ်ယူနီဖောင်းဝတ် ၁ဝ ဦးခန့်နဲ့အတူ မြေတူးယာဉ်တွေ ရောက်လာတာကြောင့်ပါ။

မြေတူးယာဉ်တစ်စီးဟာ သူ့တဲအရှေ့ဘက် လယ်ကန်သင်းရိုးပေါ်က တဲတစ်လုံးကို ထိုးကော်လိုက်တာ မြင်တွေ့လိုက်ရတဲ့အခါ ဒေါ်စန်းမြင့်တစ်ယောက်လည်း အစိမ်းရောင်မြေတူးယာဉ်ကြီးရှိရာဆီ ပြေးထွက်လိုက်ပြီး ”သားတို့ရယ်၊ အဒေါ့်တဲလေးတော့ ချမ်းသာပေးပါကွယ်၊ ချမ်းသာပေးကြပါ”လို့ သူ့နှုတ်ကတဖွဖွ အော်ပြောနေပေမယ့် ရပ်မသွားဘဲ သူ့တဲရှိရာသို့သာ ဦးတည်မောင်းနှင်သွားတော့တယ်။

သူလည်းမတတ်သာတဲ့အဆုံး တဲဆီ ပြန်လှည့်ပြေးလာခဲ့ပြီး သယ်နိုင်သမျှ အထုပ်အပိုးအချို့ကို ဆွဲထုတ်ကာ ”အဒေါ်တို့ဘာသာ တဲကိုဖျက်ပါ့မယ် မောင်တို့ရယ်၊ မလုပ်ကြပါနဲ့”လို့ ဒေါ်စန်းမြင့် ဒုတိယအကြိမ် တောင်းပန်တိုးလျှိုးလိုက်ပြန်ပါတယ်။

ဒီတစ်ကြိမ်တော့ တဲဖျက်ဖို့လာတဲ့သူတွေဟာ မြေတူးယာဉ်ကြီးကို ဆက်မမောင်းတော့ဘဲ တဲထဲကပစ္စည်းတွေ သယ်ထုတ်နေတဲ့ ဒေါ်စန်းမြင့်နဲ့သူ့သမီးနှစ်ယောက်ကို ရပ်ကြည့်နေခဲ့ကြတယ်။ လေဖြတ်နေတဲ့သူ့ခင်ပွန်းကတော့ အားမတန်မာန်လျှော့ တဲဘေးမှာ တောင်ဝှေးတစ်ချောင်းနဲ့ ဒီအတိုင်းရပ်ကြည့်နေခဲ့ရတယ်လို့ လွန်ခဲ့တဲ့လေးနှစ်က အဖြစ်အပျက်ကို သူက ပြန်ပြောင်းပြောပြတယ်။

”လယ်သိမ်းတဲ့အပြင် လူကိုပါ မောင်းထုတ်တော့ အဒေါ်တို့မှာ အခုလို လမ်းဘေးရောက်လာရတာပဲ”လို့ ဖယ်ပေးလိုက်ရတဲ့ တပ်ဝင်းအပြင်ဘက် တာလမ်းဘေးမှာ ဆောက်ထားတဲ့ တဲအိမ်ပေါ်ထိုင်ရင်း ရင်ဖွင့်နေတဲ့ဒေါ်စန်းမြင့်ရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ စိုရွှဲနေတယ်။

ယခင် တပ်မတော်အစိုးရ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက အသုံးမပြုဘဲ ကျန်နေတဲ့မြေတွေကို ပြန်လည်ပေးအပ်နေတယ်ဆိုပေမယ့် အရပ်သားအစိုးရခေတ်ရောက်မှ သီးစားလုပ်ခွင့်ပါ ပျောက်တဲ့အပြင် လယ်ထဲကပါ နှင်ထုတ်ခံရတဲ့ ဒေါ်စန်းမြင့်တို့လို အောက်ခြေလယ်သမားတွေ ရှိနေပါသေးတယ်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စိစစ်ဖို့ကျန်နေတဲ့ လယ်ယာမြေသိမ်းဆည်းမှုနဲ့ပတ်သက်တဲ့ အမှုတွဲပေါင်းဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၃,၆၂၂ မှုရှိခဲ့တာကို NLD အစိုးရသစ်တာဝန်ယူပြီးချိန် တစ်နှစ်တာအတွင်းမှာ ၁ဝ၁ မှု ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ၂ဝ၁၇ ဧပြီမှာ ထုတ်ပြန်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်မတီစတင်ဖွဲ့စည်းတဲ့ ၂ဝ၁၆ မေကနေ ၂ဝ၁၇ မတ် အထိ မြေယာနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေထဲ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၁,၅၇၁ မှုရှိပြီး ၁၆ မှု ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

Photo – Minn Lwin                                                               ခြံစည်းရိုးခတ်ထားသည့် ရေတပ်ဝင်းအတွင်းမှ သိမ်းဆည်းလယ်မြေများ

မြန်မာနိုင်ငံမှာ တပ်မတော်က သိမ်းယူထားတဲ့ မြေတွေထဲက လယ်ယာမြေအစီရင်ခံစာထဲ မပါဝင်ဘဲ သီးခြားစွန့်လွှတ်တဲ့မြေဧကဟာကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းမြေဧကတစ်သိန်းခုနစ်သောင်းကျော်(၁၇၂,၂၃၈ ဒသမ ၇၂၉)ရှိတယ်လို့ ၂ဝ၁၅ကကျင်းပခဲ့တဲ့ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ ၁၂ ကြိမ်မြောက်အစည်းအဝေးမှာ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဖြေကြားထားပါတယ်။

စစ်ဆေးဆောင်ရွက်တဲ့အခါ ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ လွှတ်တော်နားရက်တွေမှာသာ လုပ်ငန်းဆောင်ရွက်နိုင်တာ၊ အစိုးရဌာနတွေက အောက်ခြေမြေပြင်အထိ ဆောင်ရွက်မပေး နိုင်တာအပြင် တွေ့ရှိချက်တွေအပေါ် အကောင်အထည်ဖော်မှု အားနည်းတာတွေကြောင့် မြေယာပြဿနာတွေ ဆက်ရှိနေတာ ဖြစ်တယ်လို့ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ ဖွဲ့စည်းခဲ့တဲ့လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်က ၂၀၁၆၊ဇန်နဝါရီမှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ တင်သွင်းခဲ့တာပါ။

ဒေါ်စန်းမြင့်တို့နေထိုင်တဲ့ ဒလမြို့နယ်၊ တုန်းတင်ကန်(မြောက်) ကျေးရွာက အရပ်သားအစိုးရလက်ထက်ရောက်မှ ဖယ်ရှားခံလိုက်ရတဲ့ အိမ်ထောင်စု ၁၅ စု ဟာဆိုရင်လည်း အဲဒီလိုမဖြေရှင်းနိုင်ဘဲကျန်နေခဲ့တဲ့ မြေယာပြဿနာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ သူတို့ မိသားစုလိုပဲ လယ်မြေသိမ်းခံရတာကြောင့် ဖယ်ရှားခံရတဲ့ လူဦးရေ ၄ဝ ကျော်ဟာလည်း စားဝတ်နေရေး အခက်အခဲ ကြုံနေကြပါတယ်။

ဘယ်လိုသိမ်းခဲ့လဲ

အဲဒီအိမ်ထောင်စုတွေထဲက လယ်သမားအများစုဟာ သူတို့ရဲ့လယ်မြေတွေကို ၁၉၇ဝ ကျော်ဝန်းကျင်လောက်ကတည်းက ကိုယ်တိုင် ခုတ်ထွင်ရှင်းလင်း လုပ်ကိုင်လာတဲ့ ဓားမဦးချမြေတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။ လယ်လုပ်တဲ့အတွက် အစိုးရကို လယ်ဧကအလိုက် တာဝန်ကျေစပါးပေးသွင်းရတဲ့ မြေခွန်ပြေစာတွေရှိခဲ့ပေမယ့် ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တုန်းက နေအိမ်တွေ ပျက်စီးခဲ့တာကြောင့် အထောက်အထားစာရွက်တွေ ပျောက်ဆုံးခဲ့ကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒလမြို့နယ်အပိုင် ခနောင်(ရွာမ)၊ ခနောင်(ချောင်းဝ)၊ ခနောင်(မီးခြစ်စက်)နဲ့ တုန်းတင်ကန်(တောင်/မြောက်)စတဲ့ ကျေးရွာတွေက လယ်သမားတွေရဲ့ လယ်မြေဧက ၅ဝဝ ကျော်ကိုတော့ ၁၉၉၆ မှာ ဧရာဝတီရေတပ်စခန်းဌာနချုပ်က လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေနဲ့ သိမ်းဆည်းခဲ့တာပါ။

မြေသိမ်းဆည်းမှုနဲ့ပတ်သက်လို့ ၂ဝ၁၆ မှာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်ရဲ့ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က စာနဲ့ဖြေကြားရာမှာတော့ ‘ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၆ ခုနှစ်မှာ မြေဧက ၅ဝဝ ကို ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာနဲ့ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ တပ်ပိုင်မြေအဖြစ်သိမ်းယူခဲ့ခြင်းဖြစ်တယ်’ လို့ ထည့်သွင်းဖော်ပြထားပါတယ်။

သိမ်းဆည်းစဉ်က တပ်ဝင်းအတွင်းအဆောက်အအုံ ဆောက်လုပ်လို့ ပိုလျှံတဲ့လယ်မြေတွေကို သီးစားလုပ်ခွင့် ပြန်လည်ချထားပေးမှာဖြစ်သလို မူလအတိုင်း ဆက်လက်နေထိုင်ခွင့်ပါ ပေးထားမှာဖြစ်တဲ့အကြောင်း တပ်မတော် တာဝန်ရှိသူတွေက ရှင်းပြခဲ့တယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

ဒါကြောင့်လည်း သူတို့ပိုင်ဆိုင်ကြတဲ့လယ်ယာမြေပေါ်မှာ စပါးစိုက်ပျိုးခွင့်ရခဲ့ပေမယ့် လယ်တစ်ဧကအတွက် သီးစားခစပါး ၁၁ တင်းကို ဧရာဝတီရေတပ်စခန်းဌာနချုပ်ကို ပေးခဲ့ရတယ်လို့ အဲဒီလယ်သမားတွေက ဆိုပါတယ်။ သီးစားလုပ်ကိုင်ခွင့်နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်ရဲ့ အမေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှတစ်ဆင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖြေကြားတဲ့အခါ ‘သိမ်းဆည်းမြေတွေအပေါ် အဆောက်အအုံဆောက်လုပ်ထားပြီး ကျန်မြေတွေကို သိမ်းဆည်းခံလယ်သမားအချို့ကိုပေးကာ လုပ်ကိုင်စေခဲ့တယ်’လို့ ထည့်သွင်းဖော်ပြထားပါတယ်။ သီးစားခပေးသွင်းရတာ ရှိ၊ မရှိ ဆိုတာကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

လယ်မြေတွေသိမ်းယူပြီး ၂၃ နှစ်အကြာမှာတော့ လယ်မြေထဲလူနေထိုင်ခွင့်နဲ့ သီးစားလုပ်ကိုင်ခွင့်တွေကိုပါ ဆုံးရှုံးခဲ့ကြတယ်။ အကြောင်းကတော့ မူလသိမ်းဆည်းခဲ့တဲ့ ဧရာဝတီရေတပ်စခန်းဌာနချုပ်ကတစ်ဆင့် ရေတပ်ပင်မလက်နက်ခဲယမ်းမီးကျောက်တပ်ကို လွှဲပြောင်းပေးခဲ့ရာက စတာပါပဲ။

အသစ်ရောက်လာတဲ့ အဲဒီလက်နက်ခဲယမ်းမီးကျောက် တပ်တာဝန်ရှိသူတွေက သီးစားလုပ်နေတဲ့ မူလလယ်ပိုင်ရှင်တွေကို လယ်မြေတွေထဲ သီးစားလုပ်ခွင့်မပေးတော့သလို လူတွေနဲ့ တဲအိမ်တွေကိုပါပြောင်းရွှေ့ခိုင်းတယ်။ လယ်သမားတွေဟာ တခြား ပြောင်းရွှေ့စရာနေရာမရှိတော့ မပြောင်းကြဘူး။ အဲဒီအခါ အထက်မှာ ဖော်ပြခဲ့သလို တဲအိမ်တွေကို မြေတူးယာဉ်တွေနဲ့ ထိုးကော်ဖျက်ဆီးဖို့ လုပ်လာကြတယ်လို့ မော်ကွန်းက တွေ့မေးခဲ့တဲ့ လယ်သမား ၁၃ ဦးက ဆိုပါတယ်။

ဒါ့အပြင် လယ်မြေတွေထဲက မပြောင်းရွှေ့မီ လယ်မြေတချို့တစ်ဝက်မှာ စပါးစိုက်ပျိုးခဲ့ကြပေမယ့် ရိတ်သိမ်းချိန်နီးတော့မှ စစ်တပ်တာဝန်ရှိသူတွေက ပေါင်းသတ်ဆေးဖျန်းပြီး စပါးပင်တွေကိုသတ်ပစ်ခဲ့တာကြောင့် ဝမ်းစာစပါး မရတဲ့အပြင် မျိုးစရိတ်နဲ့ လုပ်အားတွေပါ ဆုံးရှုံးခဲ့ရကာ စားဝတ်နေရေးပါ အခက်တွေ့ခဲ့ရတယ်လို့ သိမ်းဆည်းခံ လယ်သမားတွေက ရှင်းပြပါတယ်။

မိသားစုပိုင်လယ်မြေ ၁၃ ဧကကို ဒေါ်စန်းမြင့်ဆုံးရှုံးသွားပြီးတဲ့နောက်မှာ စားဝတ်နေရေးအတွက် ကိုးတန်းတက်နေတဲ့ သားအကြီးကို ကျောင်းက ထုတ်ပြီး ဆိုင်ကယ်ကယ်ရီမောင်းကာ ငွေရှာခိုင်းတယ်။ သူကိုယ်တိုင်ကတော့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်အချို့ကို ရွာစဉ်လှည့်ပြီး ဈေးရောင်းတယ်။ တစ်နေ့တာအတွက် သားအမိနှစ်ယောက်ရဲ့ လုပ်အားခအနေနဲ့ ငွေကျပ်ခုနစ်ထောင်ခန့်ရတယ်။

တစ်ခါတစ်ရံ တပ်မိသားစုဝင်တွေက သူ့ဆီက ဈေးဝယ်တဲ့အခါ စားဝတ်နေရေးအရ အဆင်ပြေအောင်ဆက်ဆံရပေမယ့် ရင်ထဲမှာတော့ ”ပတ်သက်ချင်စိတ်ကို မရှိဘူး”လို့ ဒေါ်စန်းမြင့်ကဆိုတယ်။

Photo – Minn Lwin                        တာလမ်းဘေးကပ်ဆောက်ထားသည့် လယ်သိမ်းခံတောင်သူတို့ နေထိုင်ရာတဲအိမ်များ၏ နောက်ကျောဘက်မြင်ကွင်း

ကိုယ့်မြေပေါ်က ဖယ်ပေးရတဲ့အပြင် နေရေးထိုင်ရေးအတွက်ပါ ဒုက္ခရောက်ခဲ့ရတော့ ကိုယ့်မြေသိမ်းယူပြီးအဆင်ပြေပြေနေနိုင်တဲ့သူတွေအကြောင်းတွေးမိရင် ”ရင်ထဲနင့်နေအောင် ခံစားရတယ်”လို့ သူက ဆိုတယ်။

လူဆင်းရဲ စိတ်ဆင်းရဲ

ဒေါ်စန်းမြင့်တို့မိသားစုလို လယ်မြေအသိမ်းခံရပြီး လက်ရှိမှာ သီးစားပါလုပ်ခွင့်မရှိတော့တဲ့အတွက် အသက် ၈၄ နှစ်အရွယ် မိခင်ကြီးရဲ့ စားဝတ်နေရေးကို တွေးတောပူပန်နေရတယ်လို့ မြေသိမ်းခံခဲ့ရတဲ့ ခနောင်(မီးခြစ်စက်)ရွာက ဦးသိန်းလှ(၆ဝ နှစ်) ကလည်း ဆိုပါတယ်။

သိမ်းဆည်းတဲ့အထဲ မိဘလက်ထက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ လယ်မြေ ၁ဝ ဧကနီးပါး ပါသွားခဲ့တယ်လို့ သူက ပြောပါတယ်။ သိမ်းခံရတဲ့မြေတွေဟာ မိဘနှစ်ပါးစလုံး ကိုယ်တိုင်ခုတ်ထွင် ရှင်းလင်းခဲ့ရတဲ့ ဓားမဦးချ လယ်မြေတွေဖြစ်လို့ ဒီမြေတွေအပေါ်မှာ နှမြောတသ ပိုဖြစ်ရတယ်လို့ သူက ဆိုတယ်။

တပ်မတော်အစိုးရလက်ထက်က သီးစားလုပ်ခွင့်ရခဲ့ပေမယ့် သမ္မတဦးသိန်းစိန်တာဝန်ယူပြီး ချိန် မှာ လုပ်ကိုင်ခွင့်ရုပ်သိမ်းလိုက်တာဟာ ”ရှေ့မင်းထက် နောက် မင်းပိုကဲ”ဆိုတာလို ဖြစ်နေတယ်လို့ ဦးသိန်းလှက ဥပမာပေးပါတယ်။

လယ်ပိုင်စဉ်တုန်းကနဲ့ သီးစားလုပ်ခွင့်ရတုန်းကတော့ ကိုယ့်စပါးနဲ့ကိုယ် ကြိတ်ခွဲစားနိုင်တာမို့ စားဝတ်နေရေးမှာ ပြဿနာမရှိလှဘူးလို့ သူကဆက်ပြောတယ်။ သားသမီးတွေဟာလည်း မိဘပိုင်လယ်မြေတွေကို သီးစားလုပ်ခွင့်မရှိတဲ့နောက်ပိုင်း လယ်သူရင်းငှား လုပ်သူလုပ်၊ လှေထိုးလိုက်သူလိုက်နဲ့ သူကိုယ်တိုင်ကတော့ ဝါးဓနိရောင်းပြီး ငွေရှာရတယ်လို့ ဦးသိန်းလှက ရှင်းပြတယ်။

မိခင်အတွက် ဟင်းသွားပို့တဲ့အခါဖြစ်ဖြစ်၊ အလည်သွားတဲ့အခါဖြစ်ဖြစ် လယ်မြေတွေနဲ့ပတ်သက်တဲ့ အကြောင်းကိုတော့ စကားမဟဝံ့ဘူး။ ဘာကြောင့်လဲဆိုတော့ အသက်ကြီးပြီဖြစ်တဲ့မိခင်ကို စိတ်မချမ်းမြေ့စရာတွေ သွားပြောမိတဲ့အခါ အနာဟောင်းကို ပြန်ဆွသလိုဖြစ်ပြီး ကျန်းမာရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့ သူက ပြောတယ်။

ဖခင်ရှိတုန်းကလည်း အသက်ဆုံးပါးသွားတဲ့အထိ သူ့လယ်မြေတွေနဲ့ပတ်သက်လို့ ပြောလေ့ရှိတာက ”ငါတို့အပေါ် သက်သက်မဲ့အနိုင်ကျင့်ခံရတာ၊ လုံးဝမတရားဘူး”လို့ တဖွဖွ ပြောဆိုရေရွတ်နေခဲ့တယ်လို့ ဦးသိန်းလှက ပြန်ပြောပြတယ်။ တပ်မတော်က လယ်မြေတွေသိမ်းယူပြီး သုံးနှစ်ခန့်အကြာ (၁၉၉၉) မှာ သူ့ဖခင် ဆုံးပါးခဲ့တယ်။

အရပ်အမောင်းကောင်းသလို ခန္ဓာကိုယ်တုတ်ခိုင်သန်စွမ်းတဲ့သူ့ဖခင်ဟာ သူပိုင်လယ်မြေတွေ သိမ်းခံရပြီးကတည်းက အအိပ်ပျက်အစားပျက်နဲ့ ကျန်းမာရေးထိခိုက်ကာ ပိန်လှီလာခဲ့တယ်။ နောက်ဆုံး အဲဒီစိတ်နဲ့ပဲ အိပ်ရာက မထနိုင်တော့ဘဲ အသက်ဆုံးရတယ်လို့ပြောနေရင်း ဦးသိန်းလှရဲ့အသံတွေ တိုးတိမ်သွားတယ်။

အထက်ပါဖြစ်ရပ်တွေအပြင် လယ်သိမ်းခံရသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဦးသောင်းတင်ဆိုရင် စားဝတ်နေရေး ခက်ခဲလာတာကြောင့် လင်မယားချင်း အချင်းများရာက အိမ်ထောင်ရေးပါ ပြိုကွဲခဲ့ရတယ်လို့ သူက ပြောပါတယ်။

မိသားစုပြိုကွဲ

ဦးသောင်းတင်ဟာ တုန်းတင်ကန်(မြောက်)ရွာမှာနေ ထိုင်တဲ့ သိမ်းဆည်းခံလယ်သမားတစ်ဦးဖြစ်ပြီး အခုဆိုအသက် ၅ဝ ရှိပါပြီ။ အခြားမြေသိမ်းခံလယ်သမားမိသားစုတွေလို သူပိုင်လယ်မြေ ၁ဝ ဧကကျော်လည်း အသိမ်းခံရတဲ့အထဲ ပါသွားတယ်။ အများနည်းတူ သူလည်း သီးစားပြန်လုပ်ခွင့်ရတယ်။ အဲဒီလို လုပ်ကိုင်လာရင်းနဲ့ တစ်နှစ်မှာတော့ တပ်ကိုပေးသွင်းရမယ့် သီးစားခစပါးကို ပြည့်မီအောင်မပေးနိုင်ခဲ့ပါဘူး။ စပါးတင်းတစ်ရာကျော ်ပေးသွင်းရမှာကို သူက ၇၅ တင်းကျော်ပဲသွင်းနိုင်တယ်။ သူတို့အတွက် သီးစားခကို လယ်တစ်ဧက စပါး ၁၁ တင်းနှုန်း သတ်မှတ်ထားပေမယ့် စပါးအစား ငွေပဲသွင်းရတာလို့ သူက ဆိုပါတယ်။

အဲဒီနောက် ၂ဝဝ၆ အရောက်မှာတော့ သီးစားခတွေမပေးဘဲ လိမ်လည်တယ်ဆိုပြီး သူ့မြေတွေသိမ်းယူခဲ့တဲ့တပ်က သူ့ကိုပြန်တရားစွဲဆိုလာတယ်လို့ ဦးသောင်းတင်က ရှင်းပြတယ်။”ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခံရတယ်ဆိုတာ ဘာဟုတ်သေးလဲဗျာ၊ ဒီထက်ဆိုးတယ်” လို့အံကိုကြိတ်ရင်း လက်ဟန်ခြေဟန်နဲ့ သူက ပြောတယ်။

တရားစွဲခံနေရချိန်မှာတော့ သူ့ကို အချုပ်ထဲထည့်ထားပြီး အဲဒီကနေပဲ တရားရင်ဆိုင်တယ်။ နှစ်လမျှအကြာမှာ တရားရုံးကသူ့ကို ‘သီးစားခအား ကျေလည်အောင်ပေးသွင်းပါမည်’ဆိုတဲ့ ခံဝန်ကတိနဲ့ အချုပ်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးသောင်းတင်က သူကြုံရပုံကို ရှင်းပြပါတယ်။

အခုလို တရားရုံးမှာ ခံဝန်လုပ်ခဲ့ပေမယ့် ပေးစရာငွေ လက်ထဲမရှိတာကြောင့် လယ်တဲအိမ်ကိုရောင်းပြီးပေးရတယ်လို့ သူကပြောတယ်။ အမှုရင်ဆိုင်ပြီးချိန်မှာတော့ သီးစားလုပ်ကိုင်ခွင့် ထပ်မပေးတာကြောင့် အလုပ်အကိုင်လည်း မရှိတော့သလို နေစရာလည်း ပျောက်ဆုံးခဲ့ရပါတယ်။ ဒေါ်စန်းမြင့်တို့ မိသားစုလိုပဲ တပ်ဝင်းအပြင်ဘက်က မြေကွက်လပ်မှာ တဲထိုးနေခဲ့တယ်။

”စားဝတ်နေရေးအဆင်မပြေတော့ အိမ်ထောင်ရေးမှာလည်း အဆင်မပြေ ဖြစ်လာတော့တာပဲ”လို့ ဦးသောင်းတင်က ဆိုပါတယ်။ ဒါကြောင့်လည်း မိဘတွေနေတဲ့အရပ်ကို ပြောင်းရွှေ့နေထိုင်ကြမယ်လုပ်တော့ လင်းမယားနှစ်ယောက် အမြင်မတူကြဘူး။ ဦးသောင်းတင်က သူ့မိဘတွေရှိတဲ့ရွာကို ပြောင်းရွှေ့မှာကို ဇနီးက လက်မခံသလို သူကိုယ်တိုင်လည်း ယောက္ခမတွေဆီ မပြောင်းလိုဘူး။ နောက်ဆုံးတော့ ခုလိုမျိုးကွဲကွာတဲ့အထိ ဖြစ်လာရတယ်လို့ သူက ရှင်းပြတယ်။

သားသမီးလေးယောက်ကို နှစ်ယောက်စီခွဲဝေ တာဝန်ယူလိုက်ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။ လက်ရှိမှာ သားသမီးနှစ်ယောက်နဲ့အတူ မိဘအိမ်မှာ ကပ်နေရပြီး လယ်ပိုင်ရှင်ဘဝကနေ လယ်သူရင်းငှားပြန်လုပ်စားနေရတယ်လို့ သူကဆိုပါတယ်။ သူနဲ့အတူနေခဲ့တဲ့ သားအကြီးဆုံးက အသက် ၂ဝ ကျော်ရှိကာ သားအငယ်ကတော့ ၁၆ နှစ်ရှိပြီး ကိုးတန်းတက်နေပါတယ်။

Photo – Minn Lwin                      ဒလမြို့နယ်၊ တုန်းတင်ကန်အနီး ကျေးရွာအချို့မှ မြေသိမ်းခံလယ်သမားများ၏ တဲအိမ်များ

သူတို့မိသားစု အခုလိုတကွဲတပြားနဲ့ ဒုက္ခရောက်ရတာရဲ့ မူလအစဟာ မြေယာတွေ သိမ်းဆည်းခံခဲ့ရတာက အစပြုခဲ့တာဖြစ်လို့ ”ထိုက်သင့်တဲ့ လျော်ကြေးငွေတစ်ခုခု ပြန်ပေးဖို့တော့ မျှော်လင့်မိတယ်”လို့ သူ့ခံစားချက်ကို ရင်ဖွင့်ပါတယ်။

သီးစားချထားခွင့် မရှိ

အစိုးရသစ်ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ စိစစ်ရေးဗဟိုကော်မတီက ချမှတ်ထားတဲ့ တပ်သိမ်းမြေများနဲ့ပတ်သက်တဲ့ မူဝါဒသုံးရပ်ထဲမှာတော့ တပ်သိမ်းမြေတွေကို သီးစားချထားခွင့်မရှိသလို အကျိုးတူ ဆောင်ရွက်ခြင်းမျိုးလည်း မပြုလုပ်ရဘူးလို့ ကန့်သတ်ထားပါတယ်။

နောက်ထပ် မူဝါဒတစ်ချက်မှာဆိုရင်လည်း တပ်၊ ဌာနချုပ်များရဲ့ လုံခြုံရေးလိုအပ်ချက်များနဲ့ လေ့ကျင့်ရေးကွင်းလိုအပ်ချက်များအတွက် အမှန်တကယ်လိုအပ်တဲ့ မြေဧရိယာအကျယ်အဝန်းကို တိုင်းတာတွက်ချက်ပြီးမှ ရယူသုံးစွဲရမှာဖြစ်ပြီး ပိုလျှံမြေတွေကိုတော့ မူလပိုင်ရှင်များထံ ပြန်လည်စွန့်လွှတ်လွှဲပြောင်းပေးအပ်ရမယ်လို့ ပါရှိပါတယ်။

ဒေါ်စန်းမြင့်အပါအဝင် ဒလမြို့နယ်ရှိ တောင်သူတွေရဲ့လယ်မြေဧက ၅ဝဝ ကျော်ကို သိမ်းယူခဲ့တဲ့ ရေတပ်ဝင်း အတွင်းမှာတော့ အသုံးပြုတဲ့ မြေဧကဟာ တစ်ဝက်ခန့်သာ ရှိ ပြီး ကျန်တစ်ဝက်ကိုတော့ လယ်သိမ်းခံရသူမဟုတ်တဲ့ အခြားသူတွေကို သီးစားချ လုပ်ကိုင်ခွင့်ပြုတာ တွေ့ရတယ်လို့ ဒလမြို့ နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်က ဆိုပါတယ်။

ဦးထွေးတင်ဟာ ၂ဝ၁၆ အတွင်းမှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတစ်ခုမှာ အဲဒီပိုမြေတွေကို ပြန်လည် စွန့်လွှတ်ပေးရန် သို့မဟုတ် လျော်ကြေးငွေ ပေးအပ်ရန် ရှိ၊ မရှိ စတဲ့မေးခွန်း မေးမြန်းခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဒလမြို့နယ်ရဲ့ လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ စိစစ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့မေးမြန်းမှုကိုတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတစ်ဦးက လွှတ်တော်ကိုလာရောက်ဖြေကြားရာမှာ တပ်အနေနဲ့ ၁၉၉၅ ကတည်းက မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးစတဲ့ ခေါင်းစဉ်တွေအောက်မှာ သိမ်းဆည်းလယ်မြေ တစ်ဧကကို ၃,၅ဝဝ ကျပ်နှုန်းနဲ့ လျော်ပေးပြီးဖြစ်တဲ့အတွက် ထပ်မံပေးလျော်ရန် မရှိဘူးလို့ ပြန်လည်ဖြေကြားထားပါတယ်။

ဦးထွေးတင်အနေနဲ့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူတွေရဲ့ဘဝရပ်တည်မှုအတွက် ဥပဒေဘောင်အတွင်းကနေ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်း၊ တိုင်းမှ ဗဟိုအထိ အဆင့်ဆင့်သော လယ်/စစ်ကော်မတီများထံတင်ပြပြီး နစ်နာမှုနဲ့ပတ်သက်တဲ့ လျော်ကြေးရရှိရန် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

”မြေလျော်ကြေးမရဘူးဆိုရင်လည်း နှစ်ပေါင်းနှစ်ဆယ်နီးပါးသီးစားခပေးသွင်းခဲ့ရတာတွေကို တောင်သူတွေထံ ပြန်ပေးဖို့ ဆိုတာမျိုး တင်ပြထားတယ်”လို့ ဦးထွေးတင်က ရှင်းပြတယ်။ သီးစားခပေးသွင်းငွေတွေ ပြန်လည်ရရှိရေးတောင်းခံလွှာကို ခရိုင်လယ်/စစ် ကော်မတီထံပေးပို့ပြီးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလောမှာတော့ သိမ်းဆည်းထားတဲ့လယ်မြေဧက ၅ဝဝ ကိုတပ်မတော်ရဲ့ လက်နက်နဲ့ခဲယမ်းမီးကျောက်တွေ သိုလှောင်ထားရှိတာဖြစ်တဲ့အတွက် ပိုနေတဲ့မြေလွတ်တွေကို ပြန်ပေးဖို့မရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ၂ဝ၁၇၊ မေကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဖြေကြားထားပါတယ်။

နယ်/လုံဝန်ကြီးရဲ့ ဖြေကြားချက်မှာတော့ အဲဒီမြေလွတ်တွေကို မူလတောင်သူတွေထံ ပြန်မပေးရတဲ့ အဓိကအကြောင်းကတော့ လက်နက်ခဲယမ်းမီးကျောက်များ ထိန်းသိမ်းထားရှိတာကြောင့် မတော်တဆပေါက်ကွဲမှုဖြစ်နိုင်တဲ့အတွက်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရယူနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးထံကို မော်ကွန်းက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ”အလုပ်မအားလို့”ဟုဆိုကာ တစ်စုံတစ်ရာဖြေရှင်းချက်ပေးတာမျိုး မရရှိခဲ့ပါဘူး။

Photo – Minn Lwin                          ဒလမြို့နယ်၊ တုန်းတင်ကန်(မြောက်) ကျေးရွာမှ လယ်သိမ်းခံတောင်သူတစ်ဦး

မြေပိုင်ရှင်မှ ကျူးကျော်ဘဝသို့

လယ်သိမ်းခံရတဲ့အပြင် နေစရာမြေပါမရှိတော့လို့ မိသားစု ရပ်တည်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်စန်းမြင့်ဟာဆိုရင် လက်ရှိနေထိုင်တဲ့ တာလမ်းဘေးက တဲအိမ်လေးကို သက်ဆိုင်ရာက ဘယ်တော့များလာရောက် ဖျက်ဆီးဖယ်ရှားလေမလဲလို့ နေ့စဉ်တွေးတောပူပန်နေရတယ်လို့ သူက ရင်ဖွင့်ပါတယ်။

အကြောင်းကတော့ ၂ဝ၁၆ အစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ကျူးကျော်ပပျောက်ရေးလုပ်ဆောင်မယ်လို့ ပြောဆိုထားလို့ပါပဲ။ ရန်ကုန်တိုင်းအစိုးရက ကျူးကျော်စာရင်း ကောက်ယူတဲ့အခါ သူတို့တဲအိမ်တွေဆီကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ လယ်သမားတွေဟာ သက်ဆိုင်ရာရဲ့ မေးမြန်းမှုနဲ့ စာရင်းကောက်ယူမှုတွေကို လက်မခံခဲ့ဘူးလို့ ဒေါ်စန်းမြင့်က ပြန်ပြောပြတယ်။

ဒေါ်စန်းမြင့်တို့လို နစ်နာခဲ့တဲ့ လယ်သမားတွေရဲ့ အရေးကို လုပ်ဆောင်ပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးထွေးတင်က အဲဒီလို လက်မခံခဲ့တာကလည်း သူတို့ဟာ ကျူးကျော်သူတွေ မဟုတ်ဘဲ လယ်မြေသိမ်းခံထားရတဲ့ မြေပိုင်ရှင်တွေ ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

ကျူးကျော်တွေနဲ့ပတ်သက်လို့ ယခုနှစ် ဇွန်လ ဒုတိယပတ်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ကျူးကျော်တဲ ငါးထောင်ခန့်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ အဲဒီသတင်းတွေကို အသိမိတ်ဆွေတွေထံမှ ကြားသိရပြီးကတည်းက ဒေါ်စန်းမြင့်ဟာ တချို့ ညတွေမှာ စိုးရိမ်စိတ်နဲ့ အိပ်လို့တောင်မပျော်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူက အခုလို ရင်ဖွင့်လိုက်ပါတယ်။

”ကျွန်မတို့မှာ ပြေးစရာမြေမရှိတော့ဘူး” ။      ။

၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

မင်းလွင် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."