တပ်မတော်သားကိုယ်စားလှယ်တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတစ်ခု လွှတ်တော်ပယ်ဖျက်

တပ်မတော်သားကိုယ်စားလှယ်တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတစ်ခု လွှတ်တော်ပယ်ဖျက်
ဂေထော
နိုဝင်ဘာ-၂၈
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အများစုရဲ့ကန့်ကွက်မဲကြောင့် တပ်မတော်သားလွှတ်တော်ကိုယ်စားတွေ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေမူကြမ်းတစ်ခုကို ဒီနေမှာ ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။
 
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်အပါအဝင် ၁၄၄ဦးက တင်သွင်းထားတဲ့ ဒီဥပဒေ ကြမ်းမှာ ပါဝင်တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို သုံးသပ်ပြင်ဆင်တာမျိုးမဟုတ်ဘဲ ပုဒ်မအနည်းငယ် ကိုသာ သီးခြားပြင်ဆင်ဖို့တင်ပြထားတယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်ကို ရှင်းလင်းပြတယ်။
 
လက်ရှိမှာလည်း ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတင်သွင်းဖို့ ပူးပေါင်းကော်မတီဖွဲ့ကာ ဥပဒေကြီးတစ်ခုလုံးကို စိစစ်နေတာကြောင့် ဒီလုပ်ငန်းစဉ်တွေထဲမှာ ထည့်သွင်းဆွေးနွေးသွားလည်းရတယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်ကို ရှင်းပြတယ်။
 
ဒါကြောင့် ဗိုလ်မှူးချုပ်မောင်မောင်တင်သွင်းတဲ့ ဥပဒေမူကြမ်းကို သီးခြားမဆွေးနွေးဘဲ ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းသုံးသပ်ဖို့ ဥပဒေကြမ်းကော်မတီရဲ့ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၃၆၂၊ ကန့်ကွက်မဲ ၁၉၂ နဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အဆိုပြုချက်အတိုင်း လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
 
ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို သုံးသပ်ကာ ပြင်ဆင်ဖို့ ဥပဒေမူကြမ်းတင်သွင်း ရမယ့် ကော်မတီကို ဖွဲ့စည်းပေးပြီးတဲ့နောက်ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့မူကြမ်းတွေကို လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့တွေက ဆက်တိုက်ဆိုသလိုတင်သွင်းလာကြတယ်လို့လည်း ဒေါက်တာ မြတ်ဉာဏစိုးက ပြောတယ်။

#mawkun #magazine #dailynews


အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."