တန့်ဆည်-၂၀၂၃ နိုဝင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ မနေ့ကညပိုင်းကနေ ဒီနေ့လယ်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို၊ လူအင်အားထပ်တိုးချထားတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်ထားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့လည်း အခုအဲဒီကနေပြန်နေတာပဲ။ စခန်းကတော့ မသိမ်းနိုင်ခဲ့ဘူးရယ်။ မထိန်းချုပ်နိုင်သေးဘူး။ လမ်းဆုံပဲကျွန်တော်တို့က ထိန်းချုပ်နိုင်သေးတာ။ တန့်ဆည်ပေါ်ထိ ကျွန်တော်တို့ မလုပ်နိုင်သေးဘူးရယ်။ လောလောဆယ်ကျန်တာက ထွေအုပ်ရယ်၊ ရဲစခန်းရယ်၊ ဝန်ထမ်းအိမ်ရာရယ် ပြီးကျ ခရိုင်ရုံးရယ်ကျန်တာပေါ့” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေက တန့်ဆည်မြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ လူအင်အား ငါးဆယ်ဝန်းကျင် ထပ်တိုးချထားခဲ့တာကြောင့် မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား တစ်ရာကျော်လောက်ရှိနိုင်တယ်လို့ သူကဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ခုနစ်ဦး ထိခိုက်ဒဏ်ရာရကာ တစ်ဦးကျဆုံးသွားတယ်လို့ တန့်ဆည်ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ခုနစ်ယောက်ထိတာကို တစ်ယောက်ကျတယ်။ လည်ပင်းထိတာ။ တစ်ယောက်ကစိုးရိမ်ရတယ်။ သူကကျ အဆုတ်ထိတာ။ လောလောဆယ်ကတော့ ဆေးရုံရောက်နေတာ။ စိုးရိမ်ရလူနာပေါ့ဗျာ။ ကျန်တဲ့သူတွေကတော့ ရှပ်ပါးထိတာမျိုးပေါ့။ မစိုးရိမ်ရဘူး” လို့ သူကပြောပါတယ်။
တန့်ဆည်မြို့မှာ မနေ့က ည ၁၁ နာရီဝန်းကျင်ကစပြီး ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
တန့်ဆည်မြို့ပေါ်မှာ အခုလ ၂၂ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။
သောင်းချီတဲ့ တန့်ဆည်မြို့ခံတွေကတော့ အဲဒီတိုက်ခိုက်မှုဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး အခုရက်ပိုင်းက မြို့ထဲပြန်ဝင်ရောက်လာတဲ့ ဒေသခံတချို့လည်း ဒီနေ့တိုက်ပွဲကြောင့် ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့နေရာတွေအနီးမှာရှိတဲ့ အိမ်တွေက ဒေသခံတွေကို နေအိမ်တွေမှာ ပြန်နေခိုင်းပြီး မနေပါက မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားသလို မီးရှို့ခံထားရတဲ့ နေအိမ်တွေလည်းရှိတယ်လို့ တန့်ဆည်ဒေသခံတွေကပြောပါတယ်။
“ပထမတစ်ခေါက်တုန်းကတော့ သူတို့ လာနေဖို့ပြောတယ်။ လာမနေရင် သေချာပေါက်လည်း မီးရှို့တယ်။ ဝန်ထမ်းအိမ်ရာနောက်ဖက်ဘက်က အိမ်တွေဆို မီးရှို့ထားတာရှိတယ်။ ပြန်လာမနေလို့ပေါ့၊ အဲ့လိုမျိုး” လို့ တန့်ဆည်ပကဖ ကပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေသလို တန့်ဆည်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နိုင်ပြီဆိုတာ မဟုတ်သေးတဲ့အပြင် သတင်းမှားတွေလည်း မပြန့်စေချင်ဘူးလို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ ပြောချင်တာက သတင်းကိုတော့ မမှန်ကန်တဲ့သတင်းတွေတော့ မပေးစေချင်ဘူးဗျာ။ လိုင်းပေါ်မှာလည်း မပွစေချင်ဘူး။ တချို့သတင်းတွေက ကျွန်တော်တို့တောင် မလုပ်ရသေးဘဲ၊ ကျွန်တော်တို့တောင် မသိတဲ့အရာတွေရှိတာပေါ့။ အဲဒီသတင်းတွေကျတော့ ရှေ့ကလုပ်တဲ့ ရဲဘော်တွေအတွက် အနှောင့်နှေးဖြစ်တာတွေရှိတယ်လေ။ မပြီးပြတ်သေးတဲ့အချိန်မှာ သတင်းတွေတင်တဲ့အခါကျတော့ ရှေ့ကလုပ်တဲ့ ရဲဘော်တွေအတွက်က အခက်အခဲ တအားဖြစ်တာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တန့်ဆည်မြို့ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ထိန်းချုပ်ထားနိုင်တဲ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီကနေ ငါးကြင်းမြှီး စက်သေနတ်တစ်လက်နဲ့ MA-1 သေနတ်တစ်လက် သိမ်းပိုက်ရရှိခဲ့တယ်လို့ တန့်ဆည်ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
တန့်ဆည်မြို့ပေါ်တိုက်ပွဲကို အမှတ်(၁) စစ်ဒေသ ၊ရွှေဘိုခရိုင်ကွပ်ကဲရေးက ဦးဆောင်ခဲ့ပြီး တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပုံစာ-တန့်ဆည်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ-Taze PDF