တန်းတူရင်ပေါင်တန်းခဲ့သည်

တန်းတူရင်ပေါင်တန်းခဲ့သည်

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ forgotten  ဖြစ်ပါသည်။

 

လူတိုင်းမှာ ချစ်ခင်မြတ်နိုး တွယ်တာတတ်တဲ့ စိတ် အခံလေးတွေ ရှိကြတယ်။ ချစ်မိပြီဆိုမှဖြင့် တန်ဖိုး ထားကြတာချည်းပဲ။ စကားမပီကလာ ပီကလာ ပြောတတ်တဲ့ သာလိကာလေးတစ်ကောင်ကို ချစ် ခင်မြတ်နိုးတာ ဖြစ်နိုင်သလို ဆံပင်ကုပ်ဝဲလေးနဲ့ အသံစာစာ စာစာ ပြောတတ်တဲ့ အမျိုးသမီး ငယ်တစ်ယောက်ကို

ချစ်နေတာလည်း ဖြစ်နိုင်တာပဲ။

ဖမ်းယူ ဆုပ်ကိုင်လို့ မရတဲ့

ကဗျာ စာပေ ဂီတသံစဉ်

တစ်ခုခုကို မြတ်နိုး

တန်ဖိုးထားတာလည်း ဖြစ်နိုင်တာပဲ။ စာအုပ် လေးတစ်အုပ်၊ ဘောလ်ပင်လေးတစ်ချောင်း၊ မီး ခြစ်လေးတစ်လုံး၊ တံဆိပ်ခေါင်းလေးတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ သင်းပျံ့ပျံ့လေး မွှေးနေတဲ့ စံပယ်ရနံ့၊ အသံသာသာ တွန်တတ်တဲ့ ဥသြငှက်ရဲ့ တွန်သံ၊ လက်ရာမြောက် ပန်းချီကားတစ်ချပ် စတဲ့ အနုသုခုမတွေကို မြတ်နိုးတန်ဖိုးထားသူတွေ ရှိ နိုင်ပါ တယ်။ ကျွန်တော့်မှာလည်း မြတ်နိုးတန်ဖိုး ထားစရာတွေ အများကြီး ရှိတာပါပဲ။

ကျွန်တော့်ငယ်ဘဝတစ်လျှောက်လုံး ကိုင်တွယ် အသုံးပြု ခဲ့တဲ့ လွယ်အိတ်တွေက ကျွန်တော့်ဘ၀ တန်ဖိုးထားမှု အမှတ်စဉ် မှာ ထိပ်ဆုံးက ရှိနေပါတယ်။ လွယ်အိတ်တွေက ကျွန်တော်တို့ လူမျိုးရဲ့ ကိုယ်ပိုင် အမှတ်လက်္ခဏာလို့တောင် ဆိုနိုင်တယ်။ လွယ် အိတ်မျိုးစုံ ကျွန်တော် သုံးစွဲဖူးတယ်။ အရောင်စုံ၊ ဒီဇိုင်းစုံ၊ အရွယ် စုံ လွယ်အိတ်တွေ အများကြီး ကိုင်တွယ် သုံးစွဲခဲ့ဖူးတယ်။ အဲဒီ လွယ်အိတ်တွေထဲမှာ အမှတ်ထင်ထင် ဖြစ်ခဲ့ရတဲ့ လွယ်အိတ်တွေ လည်း ရှိခဲ့တာပေါ့။ မေ့မေ့လျော့လျော့ ဖြစ်ခဲ့ရတဲ့ လွယ်အိတ်တွေ လည်း မနည်းလှဘူး။ ကိုယ်တိုင်ဝယ်ပြီး သုံးခဲ့တဲ့ လွယ်အိတ်တွေ လည်း ရှိသလို လက်ဆောင်ရတဲ့ လွယ်အိတ်တွေလည်း ရှိတယ်။ ကျွန်တော့်ဆရာတစ်ယောက်ကတော့ အလျဉ်းသင့်လို့ ပြည်ပ ခရီးတွေ သွားတိုင်း တိုင်းတစ်ပါးက မိတ်ဆွေတွေအတွက် လွယ် အိတ်နဲ့ ဝါးပေတံတွေ လက်ဆောင်ပေးဖို့ အမြဲ ဝယ်သွားလေ့         ရှိတယ်။

ကျွန်တော့်ဘဝမှာ ပထမဆုံး စကိုင်တွယ်ခွင့်ရတဲ့ လွယ် အိတ်က အင်းလေးအမှတ်တံဆိပ် ပါတဲ့ လွယ်အိတ်အနီရဲရဲလေး။ ခမောက်ဆောင်းထားတဲ့ အင်းသားတစ်ယောက်က လှေကို ခြေ တစ်ဖက်တည်းနဲ့ လှော်နေတဲ့ပုံလေး လွယ်အိတ်မှာပါတာ အမှတ် ရမိတယ်။ လွယ်အိတ်တစ်လုံးလုံး နိုင်လွန်ချည်တွေနဲ့ ရက်ထား တယ်။ လွယ်အိတ်အတွင်းထဲမှာ အိတ်သေးသေးတစ်လုံး ကပ် ချုပ်ထားပြီး နိုင်လွန်ဇစ် တပ်ထားတယ်။ ကျွန်တော်တို့အတွက် တော့ လွယ်အိတ်အတွင်းမှာပါတဲ့ အိတ်ကပ်လေးက ခဲတံ၊ ခဲဖျက် ထည့်စရာပါပဲ။ မူလတန်းကနေ ကျောင်းပြီး ဘွဲ့ရတဲ့အထိ လွယ် အိတ်တွေက ကျွန်တော့်ပခုံးထက်မှာ အစဉ်အမြဲ နေရာယူခဲ့တယ်။ အခုခေတ်လို ကျောပိုးအိတ်တွေလည်း ဖောဖောသီသီ မရှိသေး တော့ လွယ်အိတ်တွေက ကျောင်းသူ ကျောင်းသားတွေ၊ ရုံးသူ ရုံးသားတွေအတွက် မရှိမဖြစ် အသုံးအဆောင် ပစ်္စည်းတွေပါပဲ။ မူလတန်း ကျောင်းဆင်းရင် လွယ်အိတ်ကိုင်းကြိုးကို လက်နှစ် ဖက်အောက်က မ၊ ခေါင်းကို ကျော်ပြီး နောက် ပစ်ချလိုက်ရင် ကျောပိုးအိတ် ဖြစ်ရော မဟုတ်လား။

လွယ်အိတ်တွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ရဟန်း ရှင်လူ ကျားမ မရွေး ကြိုက်နှစ်သက်ကြတယ်။ အဖိုးနည်း ဝန်ပါ ဖြစ်ရုံမက အသုံးလည်း တည့်လှတယ်။ အခုအချိန်အထိ ကား စပယ်ယာတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ စာရေးစာချီတွေ၊ ဈေးကောက် ကောက်ကြသူတွေ၊ စာရေးဆရာတွေ လွယ်အိတ် တွေကို ခုံခုံမင်မင် သုံးနေကြတုန်းပဲ။ စာတွေ၊ ကဗျာတွေထဲမှာ လွယ်အိတ်အကြောင်း ထည့်ရေးပြီး ဂုဏ်တင်ကြတယ်။ တေး ရေးဆရာတွေကလည်း လွယ်အိတ်နဲ့ ပတ်သက်ပြီး မမေ့မလျော့ သီကုံးခဲ့ကြတယ်။ ကိုင်ဇာ၊ ထူးအိမ်သင်၊ စိုးလွင်လွင် စတဲ့ အဆို တော်တွေရဲ့ ကျောင်းသီချင်းတွေမှာ လွယ်အိတ်အကြောင်း တခုတ်တရ ထည့်သွင်း သီဆိုခဲ့ကြတယ်။ ကျွန်တော်တို့ အလယ် တန်းကျောင်းသားဘ၀ (၁၉၈၅-၈၈) ကာလမှာ စစ်ဘေးလွယ် အိတ်တွေလည်း ခေတ်စားခဲ့သေးတယ်။ လွယ်အိတ်ကိုင်းက စစ် ခါးပတ်ပုံစံ  အပြားဖြစ်ပြီး အတိုအရှည် ညှိစရာ ခေါင်းပါတယ်။ စစ်လွယ်အိတ်တွေက အဖုံးတွေလည်း ပါသေးပြီး လွယ်အိတ် အဖုံး အစွန်းနှစ်ဖက်မှာ ချိတ်စရာ ချိတ်လေးတွေလည်း ပါတယ်။ စစ်လွယ်အိတ်တွေကလည်း ခိုင်လိုက်တာ။ စစ်လွယ်အိတ်တစ်လုံး ပိုင်ဆိုင်ထားရင် သုံးပေတော့ မပျက်မချင်း။ အခု ရှော့ပင်းမောလ် ကြီးတွေမှာ လူငယ်လေးတွေ လွယ်နေကြတဲ့ ဘေးလွယ်အိတ် ဆိုတာ ကျွန်တော်တို့ ငယ်ငယ်က သုံးခဲ့ကြတဲ့ စစ်လွယ်အိတ်တွေ ရဲ့ ပုံစံနဲ့ တစ်ပုံစံတည်းပဲ။

ကျွန်တော် အလယ်တန်း ၁၉၈၅-၁၉၈၈ ရောက်တော့ လွယ်အိတ်တွေရဲ့ ရေစီးကြောင်း တစ်ဆစ်ချိုး ပြောင်းလဲခဲ့တယ် လို့တောင် ဆိုနိုင်တယ်။ ကချင်လွယ်အိတ်နဲ့ အင်းလေးနိုင်လွန် လွယ်အိတ်သာ ရှိခဲ့ရာက စီလွန်ချည်နဲ့ ရက်လုပ်ထားတဲ့ စီလွန် လွယ်အိတ်ဆိုတာ ပေါ်လာတယ်။ အရင်က လွယ်အိတ်တွေဟာ လိုင်းအစင်း ဒီဇိုင်း မရှိခဲ့ပေမယ့် စီလွန်လွယ်အိတ်တွေရဲ့ ဒီဇိုင်းက ဒေါင်လိုက်လိုင်းစင်းတွေနဲ့မို့ အမြင်ဆန်းကြယ်တယ်။ ရုပ်ရှင်မင်း သား၊ မင်းသမီးတွေကလည်း ရုပ်ရှင်ဇာတ်ကားတွေမှာ စီလွန် လွယ်အိတ်တွေ လွယ်ပြီး ရိုက်ပြကြတယ်။ စီလွန်လွယ်အိတ်တွေ အထူးတလည် ကြော်ငြာစရာ မလိုဘဲ ဈေးကွက်မှာ နေရာရခဲ့ ကြတယ်။ ကျော်သူ၊ စိုးသူ၊ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင် စတဲ့ ခေတ်ပြိုင်မင်းသားအားလုံး စီလွန်လွယ်အိတ်တွေ လွယ်ပြီး ရုပ်ရှင်ရိုက်ခဲ့ကြတယ်။ မင်းသားကျော်သူကတော့ လွယ်ရုံတင် မက လွယ်အိတ်ကိုင်းကို ထုံးပြီး ရုပ်ရှင်ရိုက်လိုက်တယ်။ အဲဒီ ခေတ်လူငယ်တွေကြားမှာတော့ ကျော်သူထုံးဆိုပြီး ရေပန်းစား သွားတဲ့အထိ အောင်မြင်ခဲ့တယ်။

စီလွန်လွယ်အိတ်တွေနဲ့ မရှေးမနှောင်းပေါ်လာတာက ပန်း ဖွားလွယ်အိတ်တွေ။ ပန်းဖွားလွယ်အိတ်တွေကိုတော့ ကျောင်းသူ တွေပဲ လွယ်ကြပြီး ကျောင်းသားတွေက မလွယ်ကြဘူး။ ပန်းဖွား လွယ်အိတ်တွေမှာ ပန်းပွင့်ပုံ ဒီဇိုင်းတွေ ပုံဖော်ထားတော့ ကျောင်းသားတွေလည်း မလွယ်ရဲကြဘူးလေ။ မေသန်းနု၊ ဇင်မာ ဦး၊ ခိုင်ခင်ဦး စတဲ့ မင်းသမီးတွေ တက်္ကသိုလ်ကျောင်းသူ ဇာတ်ဝင် ခန်းတွေ သရုပ်ဆောင်တဲ့အခါ ပန်းဖွားလွယ်အိတ်ကြီးတွေ လွယ် ခဲ့ကြတယ်။ အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ်၊ ဒဏ္ဍာရီ၊ ကိုကိုဘာလို့မုန်းတာလဲစတဲ့ ရုပ်ရှင်ကားတွေထဲမှာ မင်းသမီးတွေလွယ်တဲ့ လွယ်အိတ်တွေဟာ ပန်းဖွားလွယ်အိတ် တွေပါပဲ။

အထက်တန်းတက်တဲ့ နှစ်မှာတော့ ကချင်လွယ်အိတ် ဝယ် ပေးဖို့ အိမ်ကို ပူဆာလို့ ရပြီ။ ကချင်လွယ်အိတ်တွေက ဂျပ်ခုတ် သားတွေ ဖြစ်ပြီး လွယ်အိတ်ပေါ်မှာ အဆင်ဒီဇိုင်းလေးတွေ ရောင် စုံ ရက်ဖောက်ထားတယ်။ ကချင်လွယ်အိတ် အမြိတ်လေးတွေက တော့ ချည်သားအနက်ရောင်တွေသာ များတယ်။ တစ်ခါတလေ လွယ်အိတ်ထဲ စားစရာတစ်ခုခု မေ့ကျန်ခဲ့တဲ့အခါ လွယ်အိတ်ကို  ကြွက်ကိုက်ဖောက်သွားတာလည်း ကြုံဖူးတယ်။ အဲဒီလိုအခါမျိုး ဆို အမေက ဆူလို့ ပြောလို့ မပြီးတော့ဘူး။ အလယ်တန်းနဲ့ အထက်တန်း တက်တဲ့ နှစ်တွေမှာ ပုံနှိပ်စာအုပ်တွေပါ ထည့်သယ် ကြရလို့ လွယ်အိတ်အလေးကြီး သယ်ခဲ့ရတာလည်း မှတ်မိတယ်။ စာအုပ်အပြည့်နဲ့ လွယ်အိတ်အလေးကြီးကို ကျောင်းသွား ကျောင်းပြန် လွယ်ရတော့ ပခုံးတွေလည်း ညောင်း၊ ဇက်တွေ လည်းနာ ဖြစ်ရသေးတယ်။ နောက်တော့ ပုံနှိပ်စာအုပ် အထူကြီး တွေ ဖြစ်တဲ့ သင်္ချာစာအုပ်ဆိုရင် ကိုယ့်စားပွဲထဲက အံခွက်ထဲမှာပဲ ထားခဲ့ကြတော့တယ်။ တစ်ခါတစ်ရံ စာအုပ်တွေရဲ့ အလေးချိန် များလွန်းလို့ လွယ်အိတ်ကိုင်းကြိုး ပြတ်ကြရတယ်။ အဲဒီအချိန်မှာ  တွယ်ချိတ်တွေက အရေးပေါ် လွယ်အိတ်ကိုင်းဆက် ကိရိယာ ဖြစ် သွားရပြန်တယ်။ (စကားမစပ် ဖိနပ်သဲကြိုးပြတ်ရင်လည်း တွယ် ချိတ်တွေကိုပဲ အားကိုးကြရတယ်။) တကယ်တော့ လွယ်အိတ် ထဲက စာအုပ်တွေရဲ့ အလေးချိန်ထက် လွယ်အိတ်ထဲ ထည့်သယ် ခဲ့ရတဲ့ တာဝန်တွေက ပိုလေးတယ် ထင်တာပဲ။ ကျောင်းက အပြန် လွယ်အိတ်တွေ တိုင်မှာချိတ်လိုက်ရရင် စိတ်လက်ပေါ့ပါးသွား တာချည်းပဲ။

အနောက်နိုင်ငံတွေမှာတော့ ကလေးတွေ စိတ်လက်ပေါ့ ပါး ကျောင်းတက်နိုင်ဖို့ ကျောပိုးအိတ်တွေထဲမှာ စာအုပ်တွေ အများကြီး ထည့်သယ်ခွင့် ပြုမထားဘူး။ ကျွန်တော်တို့ဆီမှာတော့ စာအုပ်များများ ထည့်သယ်နိုင်ရင် ပညာများများ တတ်မယ် ထင် တဲ့သူတွေ ၂၁ ရာစုအထိ ရှိနေတုန်း။ လွယ်အိတ်တွေမှာ နာမည် စာတန်းထိုးတာလည်း ကျွန်တော်တို့ခေတ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ စတိုင်လ်လို့ ဆိုရမယ်။ အင်္ဂလိပ်စာလုံး အတို ကောက်နာမည် ရေးထိုးထားသူ ပါသလို မြန်မာလို ကိုယ့်နာမည် ကို ရေးထိုးကြသူတွေလည်း ရှိတယ်။ လွယ်အိတ် လက်ဆောင် ပေးရင် သိပ်ကြည်နူးစရာကောင်းတာ။ ငွေကုန်ကြေးကျလည်း နည်း၊ အသုံးလည်း တကယ်တည့်၊ တာရှည်လည်းခံ ဆိုတော့ လွယ်အိတ်က ပေးသူ၊ ယူသူ အဆင်ပြေတဲ့ လက်ဆောင်မွန်တစ်ခု။

တက်္ကသိုလ်ကျောင်းသားဘဝတစ်လျှောက်လုံး အသုံးပြုခဲ့ တဲ့ လွယ်အိတ်ကတော့ ကချင်လွယ်အိတ်ပါပဲ။ တက်္ကသိုလ် ကျောင်းသားဘဝမှာ လွယ်အိတ်ထဲ စာအုပ်တွေ အများကြီး ထည့်စရာမလိုတော့ လွယ်အိတ်ကို အထက်တန်းကျောင်းသား ဘဝကလို စလွယ်သိုင်း လွယ်စရာ မလိုတော့ဘဲ ဘေးတိုက်လေး ပခုံးထက်မှာ စတိုင်လ်ကျကျ လွယ်လို့ ရလာတယ်။ ကျွန်တော်တို့ ခေတ်မှာ လွယ်အိတ်ကို စက်ဘီးလက်ကိုင်မှာ ဟန်ပါပါ ချိတ်လို့  ကိုယ်ဟန်ချီချီနဲ့ စက်ဘီးနင်းသွားနိုင်ရင် တက်္ကသိုလ်ကျောင်းသူ ဆိုတာ မပြောဘဲ တန်းသိနိုင်တယ်။ လွယ်အိတ်တွေက ကျွန်တော် တို့ လူ့အဖွဲ့အစည်းရဲ့ တစ်ကိုယ်ရေသုံး လူလုပ်ပစ်္စည်း ဖြစ်တဲ့အပြင် လူတန်းစား အလွှာစုံ သုံးကြတဲ့ ပစ်္စည်း။ အများသူငါ မြင်သာထင် သာတဲ့ အသုံးပစ်္စည်းလည်း ဖြစ်တယ်။ အခြေခံအကျဆုံး လူသုံး ကုန်ပစ်္စည်း ဖြစ်တဲ့အပြင် မြန်မာ့ရိုးရာလက်မှုထည်လည်း ဖြစ်ပါ တယ်။ ဒါပေမဲ့ အဆိုးမြင်ဝါဒီတွေကတော့ လွယ်အိတ်ကို ဘေး တိုက်လိုက်တဲ့ ပစ်္စည်းအဖြစ် တံဆိပ်ကပ်ကြတယ်။ အဖွဲ့အစည်း တွေမှာ ရှေ့ကလည်း ဦးဆောင်မှု မပေးနိုင်၊ နောက်ကလည်း မလိုက်နိုင်သူတွေကို လွယ်အိတ်တွေပါကွာလို့ ချိုးချိုးဖဲ့ဖဲ့ စကား တင်းဆိုကြတယ်။

လွယ်အိတ်လုပ်ငန်းလုပ်သူတွေက ခေတ်အမြင်ရှိတယ်လို့ ဆိုနိုင်တယ်။ မီဒီယာမှာ ကိုယ်ပိုင်လုပ်ငန်း ကြော်ငြာတွေ ဗုံးပေါ လအော မရှိခင်ကတည်းက လွယ်အိတ်ကြော်ငြာတွေ မီဒီယာ တွေမှာ တွေ့ ခဲ့ဖူးတယ်။ အထူးသဖြင့် လစဉ်ထုတ် မဂ်္ဂဇင်းတွေမှာ လွယ်အိတ်ကြော်ငြာတွေ တွေ့ ခဲ့ဖူးတယ်။ ကေ်္ဘာဇလွယ်အိတ်  ကြော်ငြာက ရုပ်ရှင်မင်းသားစိုင်းကောင်းစံနဲ့ ကြော်ငြာခဲ့ပြီး ကြံ တိုင်းအောင်လွယ်အိတ်ကြော်ငြာက ကာတွန်းဆရာ အော်ပီ ကျယ်ရဲ့ လက်ရာနဲ့ ကြော်ငြာခဲ့ကြတယ်။ မနောမြေလွယ်အိတ်က တော့ ကချင်တိုင်းရင်းသူဝတ်စုံလေးဝတ်ပြီး ကြော်ငြာခဲ့တယ်။

လွယ်အိတ်တွေက ချစ်စရာကောင်းသလောက် အများ အမြင်ကတ်စရာ အိတ်တွေလည်း ရှိခဲ့ဖူးပါသော်ကော။ လယ်ဂျာ စာအုပ်ကြီးတွေ ထိုးထိုးထောင်ထောင် ထည့်ပြီး လက်နဲ့ ဆွဲကိုင် ရတဲ့ အိတ်ခပ်ကြီးကြီးတွေလေ။ အဲဒီအိတ်ကြီးတွေက မိုးကာစနဲ့ ချုပ်ထားလေ့ရှိပြီး လေးထောင့်စပ်စပ်ကြီးတွေ။ အိတ်ရဲ့ အလယ် လောက်မှာ တစ်ထွာတစ်မိုက်လောက် ရှိတဲ့ အိတ်လေးတစ်လုံး ကပ်ချုပ်ထားပြီး အဲဒီအိတ်အပေါ်မှာ နာမည်၊ ရာထူး ထည့်စရာ ပလတ်စတစ် အကြည်သားနဲ့ လုပ်ထားတဲ့ လိပ်စာကတ်အရွယ် အိတ်သေးသေးလေး ပါသေးတယ်။ တင်းပြည့်ပါတီဝင်တွေ၊ အလုပ်သမားအစည်းအရုံးက လူကြီးတွေ၊ လုပ်ငန်းစစ်ဆေးရေး က လူကြီးတွေ ကိုင်ကြတယ်။ အရပ်ထဲက လူတွေကတော့ အဲဒီ အိတ်ကို ကြက်ကြောက်အိတ်တွေလို့ ခေါ်ကြတယ်။ ကျွန်တော် တို့ အရပ်ထဲက သမလူကြီးတစ်ယောက်ကတော့ ကွယ်လွန်ချိန် ထိ အဲဒီ ကြက်ကြောက်အိတ်ကြီးကို တယုတယ ကိုင်တွယ်သွား ခဲ့တယ်။

ကြက်ကြောက်အိတ်တွေကလည်း ရာဇဝင်ရှိတယ်။ နယ် ဘက်ကျေးဘက်တွေမှာ ကြက်ကြောက်အိတ်ကြီး ကိုင်ဝင်လာ ရင် ဘုမသိဘမသိနဲ့ ကြောက်ကြရတဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူး တယ်။ အဲဒီအိတ်တွေ ကိုယ်စီကိုင်လို့ ရောက်လာကြရင် နယ် ဘက်ကျေးဘက်က လူတွေက လိုလေသေးမရှိ ဧည့်ခံကြရတယ်။ အပူချိန် အပူ၊ အအေးချိန် အအေး ဗောင်းတော်ညိတ် စိတ်တော် သိခဲ့ကြရတယ်။ ကြက်ကာလသားချက် ချက်ကျွေးကြရ၊ ကြက် ရေချိုလေး ချက်လိုက်ကြရ၊ ကြက်ကြောက်အိတ် ကိုင်ထားတဲ့ လူကြီးတွေ မငြိုငြင်အောင် ဧည့်ခံကြရတယ်။ ကြာလာတော့ ရွာ က ကြက်တွေတောင် ရိပ်မိလာကြတဲ့အထိ။ အဲဒီလို အိတ်တွေ ကိုယ်စီကိုင်ပြီး ရွာထဲဝင်လာရင် ကြက်တွေက ကြောက်ပြီး ထွက် ပြေးကြရသတဲ့။ ကျွန်တော်တို့ ရွှေပြည်ကြီးမှာ အဲဒီလို ရပ်ထဲရွာ ထဲ လူထုကြားက လာတဲ့ ပါးစပ်ရာဇဝင်တွေကလည်း အများ  ကြီးပဲ။

စာရေးဆရာ မောင်မိုးသူက လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ် လည်ဆိုပြီး ဆောင်းပါးတွေ စုထုတ်ခဲ့သလို မှော်ဘီဆရာသိန်းက လည်း အရူးလွယ်အိတ်ဆိုပြီး ကြုံခဲ့ ဆုံခဲ့ရပုံတွေကို ရေးသားထား တယ်။ ပန့်ခ်အဆိုတော် ကျားပေါက်သည်ပင် သူ့တီးဝိုင်းအမည် ကို ဘစ်ဘတ် (လွယ်အိတ်ကြီး) ဆိုပြီး ပေးထားတာပဲ။ ကျွန်တော့် တူမလေးတစ်ယောက်ကိုတော့ သူ့အဒေါ်တွေက ဆာလာအိတ် လို့ နာမည်ပြောင်ပေးထားကြတယ်။ ဆော့ကစားရာက ဗိုက်ဆာ လာရင် စားသောက်ပြီး အိပ်လေ့ရှိတာမို့ ဆာလာအိတ်လို့ နာ မည်ပြောင်ပေးထားကြတာပါ။

ဘာပဲပြောပြော လွယ်အိတ်တွေက ချစ်စရာကောင်းတယ်။ လူ့အဖွဲ့အစည်းအတွက် အသုံးတည့်တယ်။  မြန်မာဟန် အပြည့်ရှိ တယ်။ ကျွန်တော့်ဆရာသမားတွေထဲမှာ အခုထိ လွယ်အိတ်တွေ ကို ခုံခုံမင်မင် လွယ်နေသူတွေ ရှိ နေတုန်းပဲ။ အခုတော့ ဈေးကွက် ထဲမှာ လွယ်အိတ်တွေကို ပုံစံမျိုးစုံနဲ့ တွေ့နေရပါပြီ။ ဖုန်းထည့်ဖို့ လက်တစ်ဝါးစာ လွယ်အိတ်အရွယ်ကနေ စောင်တွေ၊ ခြင်ထောင် တွေ ထည့်လို့ရတဲ့ လွယ်အိတ်ကြီးတွေအထိ လွယ်အိတ်မျိုးစုံ အလွယ်တကူ ဝယ်လို့ရနေပါ ပြီ။ ဒါပေမဲ့ ပြည်ပနိုင်ငံအသီးသီးက ဝင်လာတဲ့ ကျောပိုးအိတ်တွေက ဈေးကွက်ကို နည်းမျိုးစုံနဲ့ နေရာ ဝင်ယူနေတာတော့ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွယ်အိတ်တွေက တော့ ရှိနေဦးမှာပါပဲ။ ကျွန်တော့်ဆရာ ဒီဇိုင်နာတစ်ယောက် ပင်နီရောင်အစတွေနဲ့ လွယ်အိတ်ဒီဇိုင်းမျိုးစုံ လုပ်ပြီး ရောင်းချ နေတယ်။ စာအုပ်ထုတ်ဝေသူ မိတ်ဆွေတစ်ယောက်လည်း သူ့ စာအုပ်တိုက် အမှတ်တံဆိပ် ရိုက်နှိပ်ပြီး ဖျင်လွယ်အိတ်တွေ လက် ဆောင်ပေးနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွယ်အိတ်တွေ ရှိနေ သေးတာ ပျော်စရာ မဟုတ်လား။

ကျွန်တော့်အခန်းငယ်ထဲမှာပင် လွယ်အိတ်နှစ်လုံး ရှိနေ သေးတယ်။ တစ်လုံးက ကချင်လွယ်အိတ်ဖြစ်ပြီး ကျန်တစ်လုံးက ပင်နီရောင်လွယ်အိတ်လေးတစ်လုံး။ ကျွန်တော့်လို ခရီးတိုရှည် မကြာခဏ ထွက်နေသူအဖို့ လွယ်အိတ်တွေက မရှိမဖြစ်ပဲ။ လွယ် အိတ်ခပ်လတ်လတ်တစ်လုံးထဲမှာ မှတ်စုစာအုပ်၊ မီးခြစ်၊ ဖတ် လက်စ စာအုပ်၊ ကင်မရာ၊ ဘောလ်ပင်၊ ခဲတံ၊ ပရုတ်ဆီဘူး၊ အနာ ကပ် ပလာစတာ စတဲ့ တိုလီမိုလီ ပစ်္စည်းတွေ အစုံအလင် ပါဝင် တယ်။ မိတ်ဆွေတွေကတော့ ကျွန်တော့်လွယ်အိတ်ကို ဣ်္ဆာ သယအိတ်လို့ ခေါ်ကြတယ်။ (ကွယ်ရာမှာ အရူးလွယ်အိတ်ခေါ် သူလည်း ရှိနိုင်တယ်။)

မိတ်ဆွေတို့ဆီမှာလည်း လွယ်အိတ်တွေ ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ထားတယ်။ မိတ်ဆွေဆီမှာ လွယ်အိတ်တစ် လုံးမှ မရှိရင်လည်း လွယ်အိတ်တစ်လုံးလောက် ဝယ်ထားကြစေ ချင်တယ်။  လွယ်အိတ်အသုံးပြုဖို့ လိုချင်မှ လိုပါလိမ့်မယ်။ လွယ် အိတ်တစ်လုံး သင့်ဆီမှာ ရှိနေခြင်းက မြန်မာဆန်ခြင်းပါပဲ။ မိတ် ဆွေတို့ ပြောမယ့် လွယ်အိတ်အကြောင်းတွေလည်း အဆင်သင့် တဲ့အခါ နားထောင်ချင်ပါသေးတယ်။

 

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

 

facebook: @mawkunmagazine

mawkun.chronicle@gmail.com

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."