သဇင်လတ်
ဒီဇင်ဘာ ၄
မြန်မာနိုင်ငံတွင် ဧကပေါင်းများစွာ စိုက်ပျိုးနေသော တစ်ရှုးဌက်ပျော စိုက်ပျိုးခြင်းများကို စည်းကမ်းတကျ ထိန်းသိမ်း ကွပ်ကဲရန် ၊ ရေရှည်ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန် ဘဏ္ဍာရရှိစေဖို့ ထိရောက်သော မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ် ချမှတ်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုအား တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် အဆိုကိုလက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ် ။
ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ အဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
ဒေါက်တာ ခွန်ဝင်းသောင်းက ကချင်ပြည်နယ်မှာ စတင်စိုက်ပျိုးခဲ့တဲ့ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်း လုပ်ငန်းများဟာ စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်ပါ စိုက်ပျိုးရန်ကြိုးပမ်းနေကြောင်း လေ့လာ တွေ့ရှိရ တယ်လို့ ဆိုပါတယ် ။
ဆက်ပြီး သူက “တရားဝင်သလိုလိုတရား မဝင်သလိုလိုနဲ့ စနစ်တကျဖြစ်မနေသေးတဲ့ ထိုလုပ်ငန်းမျိုးမှာ ဥပဒေနဲ့ အညီ စည်းကမ်း တကျ ညွှန်ကြားချက်များ မရှိထားပါက ဆင့်ပွားဖြစ်ပေါ်လာမယ့် ထိန်းမနိုင်သိမ်းမရလောက်တဲ့ ကြီးထွား လာမယ့် ပြဿနာများဟာ နောင်အခါမှာ ကချင်ပြည်နယ်တစ်ခုတည်းရဲ့အရေးမဟုတ်တော့ဘဲ ဆက်စပ်လျက် ရှိတဲ့နိုင်ငံ တစ်ခုလုံးရဲ့ ထိခိုက်နစ်နာမှုလို့ရှူမြင်ပြီး အချိန်မီပြင်ဆင်ဖြေရှင်းပေးနိုင်ဖို့ အရေးကြီးတဲ့ကာလတစ်ခုဖြစ်တယ်” လို့ဆိုပါ တယ် ။
ထိုအဆိုပြုချက်ကိုထောက်ခံတဲ့ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၂) က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထက် ခေါ် ဆလိုင်းမျိုးထက်က “ တရုတ် တစ်ရှူးငှက်ပျော စိုက်ပျိုးထုတ်လုပ်ခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟာ တရုတ်နိုင်ငံအတွင်းမှာဆိုရင် လူနေအိမ်ခြေမြို့နေရပ်ကွက်တွေနဲ့မလှမ်းမကမ်းမှာ စည်းကမ်းတကျ စိုက်ပျိုးထားတာကို လေ့လာတွေ့ရှိရပါတယ် ။ သူတို့တစ်နိုင်ငံလုံးအတွက်နောက်ထပ် ငှက်ပျောစိုက်ဧက ၇သိန်းခန့် တောင်လိုအပ်နေ သေးတဲ့အတွက် ကိုယ့်နိုင်ငံရဲ့လုပ်သားအင်အားများစွာကို အလုပ်အကိုင် အခွင့်အလမ်းပွင့်လင်းစေပြီး နိုင်ငံတော်နှင့် ဒေသတွင်းရဲ့ဝင်ငွေကိုလည်း တဖက်တစ်လမ်းကများစွာအထောက်အကူရရှိနိုင်မှာဖြစ်လို့ ဒီလုပ်ငန်းကိုသေချာစိစစ်ပြီး ဥပဒေနဲ့အညီလုပ်ဆောင်စေချင်လို့ဖြစ်ပါတယ်”လို့ဆိုပါတယ်။
အထက်ပါ တရုတ်တစ်ရှုးငှက်ပျော ကိစ္စမူဝါဒချမှတ်ရေးအဆိုပြုချက်နှင့် ဆက်လျှင်းပြီး ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေငြာခဲ့ပြီး အမျိုးသားလွှတ်တွင် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
#mawkun #magazine #chronicle #dailynews