ယနေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ NLD ပါတီရုံး၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ ဆုံပွဲတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကို ဆွေးနွေးပွဲတွင် ပါဝင်သည့် SNLD တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါသည်။
အောင်ထူးနိုင် – မေးမြန်းသည်။
မော်ကွန်း။ ။ ဒီနေ့ NLD နဲ့ တွေ့ခဲ့တာ ဘာတွေ ဆွေးနွေးခွင့်ရခဲ့ပါသလဲ။
စိုင်းကျော်ညွန့်။ ။ ဒါကတော့ ဆွေးနွေးတဲ့အဆင့်ပဲ ရှိတာပါ။ ရလဒ်ပေါ်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က အဓိကက ဒီနိုင်ငံမှာ အရေးကြီးတဲ့ငြိမ်းချမ်းရေးလုပ်ရမယ်လေ။ တိုင်းပြည်ကို ဒီလောက်ဖိအားတွေ သက်ရောက်နေတဲ့အချိန်မှာ အဲဒါတွေကို တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ စုပေါင်းအတူလုပ်နိုင်မယ့် အမျိုးသားညီညွှတ်ရေးဆိုင်ရာကိစ္စတွေ၊ အဲဒါမျိုးတွေ ဆွေးနွေးခဲ့တာ ရှိပါတယ်။
ပြီးတော့ ကျွန်တော်တို့ SNLD ရဲ့ ရပ်တည်ချက်တွေ၊ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ဆွေးနွေးခဲ့တာ ရှိပါတယ်။
မော်ကွန်း။ ။ NLD ဘက်ကရော SNLD ကို ဘာတွေ ကမ်းလှမ်းသွားတာရှိပါသလဲ။
စိုင်းကျော်ညွန့်။ ။ ဒါကတော့ ကိုယ့်ဆရာတို့လည်း အကုန်သိပြီးသားပါ။ တစ်ဖက်ကတော့ နားထောင်မှုပိုကဲတာ ပေါ့ဗျာ။ အပြန်အလှန်ဆွေးနွေးမှုက အတိုင်းအတာတစ်ခုရှိတယ်ဆိုပေမယ့် နည်းပါတယ်။ အဓိကတော့ ကျွန်တော် တို့ဘက်က ဆွေးနွေးမှုကိုပဲ နားထောင်မှုပိုကဲတယ်လို့ ပြောလို့ရပါတယ်။
မော်ကွန်း။ ။ ဒီဆွေးနွေးမှုအပေါ်ကိုရော SNLD က ဘာများ မှတ်ချက်ပေးချင်ပါသလဲ။
စိုင်းကျော်ညွန့်။ ။ ဘာပဲပြောပြော ဒါက တရားဝင်တွေ့ဆုံမှုလုပ်ဖြစ်တယ်ဆိုတော့ ဒီကနေတစ်ဆင့် ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ တွေ့ဆုံတာဖြစ်စေ၊ ဆွေးနွေးညှိနှိုင်းတာဖြစ်စေ၊ ဒီထက်ပိုပြီး အလုပ်သဘောဆန်တာတွေဖြစ်စေ လုပ်ဆောင်နိုင်ဖို့အတွက်က လမ်းပွင့်သွားတယ်လို့ အကြမ်းဖျင်းပြောလို့ရမှာပေါ့။
မော်ကွန်း။ ။ NLD က တခြားတိုင်းရင်းသားပါတီတွေနဲ့တော့ တွေ့ဆုံဖို့ နည်းနည်းအခက်အခဲဖြစ်သွားတယ်။ SNLD ကတော့ တွေ့ဆုံနိုင်ခဲ့တယ်ဆိုတော့ NLD နဲ့ SNLD ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ပြီလို့ ပြောနိုင်မ လား။
စိုင်းကျော်ညွန့်။ ။ ကောင်းဖို့ အလားအလာများပါတယ်။ ဘာလို့လည်းဆိုတော့ ဒီတရားဝင်မဖြစ်ခင်မှာကိုက ရန်ကုန်မှာဆိုရင် သူတို့ရဲ့တာဝန်ပေးအပ်ခြင်းခံရတဲ့ အဆင့်မြင့်ကိုယ်စားလှယ်လည်း ကျွန်တော်တို့ ဥက္ကဋ္ဌတွေကို လာတွေ့တာရှိတယ်ဗျာ။ မနေ့ကဆိုရင်လည်း တောင်ကြီးအခြေစိုက် ကျွန်တော်တို့ ဒုဥက္ကဋ္ဌကိုလည်း သူတို့လာတွေ့တယ်။ သူတို့ဘက်က အခက်အခဲအကျပ်အတည်းတွေကိုလည်း ပြောဆိုဆွေးနွေးညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ဒီနေ့တွေ့ကြတယ်ပေါ့။ ဘာပဲပြောပြော နိုင်ငံရေးလုပ်တယ်ဆိုတာကတော့ သဘောထားကြီးမှုတွေက ဟိုဘက်ဒီဘက် အများကြီးရှိရမှာပေါ့ဗျာ။
အကောင်းဆုံးကတော့ ဆွေးနွေးနိုင်တယ်၊ ညှိနှိုင်းနိုင်တယ်။ ဒီဟာက ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အလေ့အထလေး တော့ ဘာပဲဖြစ်ဖြစ် အောင်မြင်ခဲ့တယ်လို့ ပြောရမှာပေါ့။
မော်ကွန်း။ ။ NLD က ၂၀၁၅ တုန်းက တိုင်းရင်းသားတွေနဲ့ ဒီလိုသိပ်တွေ့ခဲ့တာမရှိဘူး။ အခု တွေ့နိုင်ပြီ။ ဆွေးနွေးနိုင်ပြီဆိုတော့ တိုင်းရင်းသားတွေအတွက် ရင်ကြားစေ့ရေးမူက လမ်းပွင့်ပြီလို့ ပြောလို့ရမလား။
စိုင်းကျော်ညွန့်။ ။ ဒီလိုလုပ်တာ ကျွန်တော်တို့ ကြိုဆိုပါတယ်ဗျာ။ ကျွန်တော်တို့ တစ်ဖွဲ့တည်းတင် မကပါဘူး။ ရှေ့က အဆင်မပြေခဲ့တဲ့အဖွဲ့တွေရှိတယ်။ မဆွေးနွေးရသေးတဲ့အဖွဲ့တွေ ရှိတယ်။ ပါတီတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေကအစ ပြောရမယ်ဆိုရင် ဒါက ဒီလိုအလေ့အကျင့်ကောင်းတွေနဲ့ဆက်သွားစေချင်တယ်လို့ ပြောချင်ပါတယ်။
မော်ကွန်း။ ။ ဒီဆွေးနွေးပွဲတွေကနေ နောက်ထပ်ဆွေးနွေးပွဲတွေ ထပ်လုပ်ဖို့ရော သဘောတူခဲ့ကြပါသလား။
စိုင်းကျော်ညွန့်။ ။ ဘာပဲဖြစ်ဖြစ် အခုဆွေးနွေးပွဲမှာ ဟိုဘက်ဒီဘက် တွေ့ဆုံဆွေးနွေးမှုတွေရှိတယ်၊ ယုံကြည်မှုတွေ ဝေးကွားနေတာတွေလည်း ပြန်ပြီးတော့ အတိုင်းအတာတစ်ခုအထိ သွားနိုင်တယ်။ အားလုံးလည်း သိပါတယ်။ သူတို့က သူတို့ရဲ့အထက်လူကြီးအဆင့်ဆင့်ကို ပြန်တင်ပြစရာရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီနေ့တွေ့ဆုံ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လူကြီးတွေကို ကျွန်တော်တို့ ပြန်တင်ပြရဦးမှာကိုး။ တင်ပြပြီးမှလည်း တွေ့ဆုံဖို့လိုတယ်ဆိုရင်လည်း ပြန်လည်ချိတ်ဆက်ပြီး တွေ့ဆုံကြမှာပေါ့ဗျာ။ ဒါကတော့ နောက်ဆက်တွဲပေါ့။ ဒီထက်ပိုပြီး အလုပ်သဘော ပိုဆန်တဲ့ဟာမျိုးလည်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်။
မော်ကွန်း။ ။ အစိုးရနဲ့ လွှတ်တော်ထဲမှာ SNLD အတွက် ကမ်းလှမ်းခဲ့မယ်ဆိုရင် SNLD ရဲ့ စဉ်းစားချက်ကို သိလိုပါတယ်။
စိုင်းကျော်ညွန့်။ ။ ဒါကတော့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက လွှတ်တော်မှာပဲဖြစ်ဖြစ် အစိုးရအဖွဲ့ထဲမှာပဲဖြစ်ဖြစ် ပြောရရင်တော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးပေါ့၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုမှတော့ အဲဒါတွေကတော့ တစ်ချိန်ချိန်ကြရင် အသေးစိတ်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မော်ကွန်း။ ။ ဒီတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောလိုပါသလဲ။
စိုင်းကျော်ညွန့်။ ။ အဆင်မပြေတဲ့အခက်အခဲတွေအများကြီးကြားထဲက ကျွန်တော်တို့ အတတ်နိုင်ဆုံး တွေ့ဆုံခဲ့တယ်။ ပြည်သူတွေလည်း အဲဒီအပေါ်ကိုတော့ ယုံကြည်ပြီးတော့ မြင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုက တစ်ချိန်ချိန်ကြရင် အောင်မြင်လိမ့်မယ်လို့ ပြည်သူတွေကို ယုံကြည်စေချင်ပါတယ်။
ဓာတ်ပုံ – မော်ကွန်း
SNLD တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်
#interview