တစ်ပတ်အတွင်းတိုက်ပွဲသတင်းအနှစ်ချုပ်

တစ်ပတ်အတွင်းတိုက်ပွဲသတင်းအနှစ်ချုပ်

ရန်ကုန်- ၂၀၂၄ ဩဂုတ် ၃၁

(မော်ကွန်း)

အခုသီတင်းပတ်မှာလည်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဒီအထဲက တိုက်ပွဲတချို့ကို မော်ကွန်းက ကောက်နှုတ်ဖော်ပြပေးပါ့မယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း
စစ်ကောင်စီတပ်က သီပေါ၊ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပြီး နောင်ချိုမြို့ကိုလည်း စစ်အင်အားတွေ ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားတပ်မတော် ( TNLA ) သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နောင်ချိုမြို့နဲ့ မိုင် ၂၀ အကွာ တောင်ခမ်းကျေးရွာက ခလရ (၆၀၄)စခန်းနဲ့ မကျီးရေကျေးရွာအနီးက ခမရ(၃၅၄) တပ်စခန်းအနီးမှာ ဒီလ ၂၅ ရက်ကစပြီး TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူလမ်းပိုင်းကနေ နောင်ချိုမြို့နယ်ကို စစ်အင်အား ပြန်လည်ဖြည့်တင်းနေတယ်လို့ TNLA က ထုတ်ပြန်ထားတာပါ။

ဒီလ ၂၇ ရက်ကလည်း သီပေါမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

ရှမ်းမြောက်မှာ နောက်ဆုံးကျန်တဲ့ သူ့တပ်တွေရှိသေးရာ သီပေါမြို့မကျရေးကို စစ်ကောင်စီက အပြင်းအထန်ခုခံနေပြီး လေကြောင်းကနေလည်း တိုက်ခိုက်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒီလ ၁ ရက်ကနေ ၃၀ ရက်အထိ အရပ်သား ၂၁ ဦးထိ သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ကချင်
ကချင်ပြည်နယ် ဗန်းမော်၊ မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီကြား ဒီသီတင်းပတ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

မိုးမောက်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ အရေးပါတဲ့ ခမရ (၄၃၇) တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ လဆန်းပိုင်းမှာ သိမ်းလိုက်ပြီးနောက် စစ်ကောင်စီက အဲဒီဘက်ကို ဒီလ ၂၄ ရက်ကစလို့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေတာပါ။

ဗန်းမော်ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ မိုးမောက်နဲ့ မံစီမြို့နယ်တွေကို ထိုးလာတာဖြစ်ပြီး KIA ရှေ့တန်း တပ်တွေနဲ့ အဲဒီဒေသမှာ ဒီသီတင်းပတ်တစ်ခုလုံး တိုက်ပွဲပြင်းထန်နေတာပါ။

အခု ထိုးစစ်မှာ ဗန်းမော်၊ မံစီနဲ့ မိုးမောက်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို KIA က ပိတ်ဆို့ဖြတ်တောက်ထားကာ ကချင်ပြည်နယ်နဲ့ ပြည်မကို ဆက်သွယ်ရာမှာ အရေးပါတဲ့ ဗန်းမော်မြို့ကို စစ်ရေးအရခြိမ်းခြောက်လာတာပါ။

စစ်ကိုင်း
စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ရှိနေပါတယ်။

ဒီလ ၂၃ ရက်မှာ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ထဲကို ဝင်တဲ့လမ်းပေါ်မှာရှိတဲ့ ထီးချိုင့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီစခန်းတွေကို ဝင်တိုက်ခဲ့ပါတယ်။ ထီးချိုင့်မြို့ရဲ့ တောင်ဘက်၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းက မြတောင်မြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အဲဒီ ၂၃ ရက်မှာပဲ KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထီးချိုင့်မြို့ခံစစ်အတွက် အရေးပါတဲ့ မြတောင်မြို့နယ်ခွဲက ဗျူဟာစခန်း အပါအဝင် တပ်စခန်းခုနစ်ခုကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။

KIAနဲ့ပူးပေါင်းတပ်တွေဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေဖြစ်တဲ့ ပင်လည်ဘူး၊ အင်းတော်၊ နဘား၊ ထီးချိုင့်၊ မြတောင်၊ ဟုမ္မလင်းနဲ့ ကန့်ဘလူ စတဲ့ မြို့နယ်တွေမှာ ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ် မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က နေ့စဥ် လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။

မန္တလေး
ရှမ်း-မန်း စစ်ဆင်ရေးနဲ့အတူ မန္တလေးတိုင်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ မန္တလေး-PDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီသီတင်းပတ်ထဲမှာ မြို့သိမ်းနိုင်တဲ့အထိ အောင်ပွဲကြီးကြီးမားမားကို ရခဲ့ပါတယ်။

ဒီလ ၂၅ ရက်မှာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင်ထဲမှာရှိတဲ့ သပိတ်ကျင်းမြို့ကို ဒီလ ၁၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး တစ်ပတ်ကျော်ကာလအတွင်းမှာ မြို့သိမ်းနိုင်ခဲ့တာပါ။ သပိတ်ကျင်းမြို့ က စစ်ကောင်စီတပ်တွေဟာ ဒီလ ၁၉ ရက်ကတည်းက ဆုတ်ခွာခံစစ်ဆင်ခဲ့ပြီး ၂၅ ရက်မှာ မြို့ကို အပြီးသတ်ရရှိခဲ့တာပါ။

သပိတ်ကျင်းမြို့ကို ထိန်းချုပ်ခဲ့သလို အဲဒီမြို့နယ်ထဲက ကွင်းငါးရာစစ်စခန်းကိုလည်း မန္တလေး-PDF က သိမ်းယူခဲ့ပြီး စဉ့်ကူး-မိုးကုတ်လမ်းပိုင်းတစ်လျှောက် စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ပြီး မန္တလေးကနေ ရှမ်းမြောက်ဆက်သွယ်တဲ့ လမ်းကြောင်း ပွင့်သွားပြီလို့ မန္တလေး PDF က အသိပေးထားပါတယ်။

မန္တလေးတိုင်းထဲက ဧရာဝတီမြစ်ဘေးမှာရှိတဲ့ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့ကို မန္တလေး PDF တွေ ရရှိခဲ့တာကြောင့် မန္တလေးမြို့ကို ဆင်းလာမယ့် လမ်းကြောင်းပေါ်မှာ မတ္တရာမြို့ပဲ ကျန်တော့တာဖြစ်ပြီး မန္တလေးနဲ့ပြင်ဦးလွင်ကို စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ပဲခူး
ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်း၊ သာယာဝတီ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီတစ်ပတ်ထဲ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ပဲခူးရိုးမအစပ်ကို ဒီလ ၂၄ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ဆီးကြိုတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေရှိသလို ရွာတွေကိုလည်း မီးရှို့တာတွေရှိခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း ဒီတစ်ပတ်ထဲ ဆက်တိုက်ရှိခဲ့တာပါ။

ဒီလ ၂၄ ရက်မှာ လက်ပံတန်းမြို့ရဲ့ မြောက်ဘက် ပဲခူးရိုးမအစပ်က ရေငံကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ ဗိုလ်မှူးအဆင့်တစ်ဦးအပါအဝင် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အလားတူ အဲဒီစစ်ကြောင်းကိုပဲ ဒီလ ၂၇ ရက်က လက်ပံတန်းမြို့နယ်၊ တောင်တန်းမြိုင်ကျေးရွာ အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်ပြီးတိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီတိုက်ပွဲမှာတော့ လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာ ပေးခဲ့ရတယ်လို့ သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ စစ်တောင်းမြစ်ဝှမ်းစိုးမိုးရေးနဲ့ ပဲခူးရိုးမထိုးဖောက်ရေးကို စစ်ရေးစီမံချက်အနေနဲ့ ချမှတ်ထားပြီးဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အခုသီတင်းပတ်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဒီသီတင်းပတ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

AA ဟာ မောင်တောမြို့အတွင်းက စစ်ကောင်စီတပ်ရဲ့ အဆင့်ဆင့်ခုခံတားဆီးထားတဲ့ ခံစစ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီလို့ မနေ့က ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့တွင်းမှာ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာနဲ့ စစ်ကောင်စီတပ်သားတွေ ကစဉ့်ကလျားထွက်ပြေးနေကြပြီး AA တပ်တွေက လိုက်လံရှင်းလင်းတိုက်ခိုက်နေတာကြောင့် မောင်တောမြို့တွင်းတိုက်ပွဲတွေ နေရာတချို့မှာ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီလ ၂၆ ရက်က AA ထုတ်ပြန်ချက်မှာတော့ မောင်တောတိုက်ပွဲ သုံးရက်တာကာလအတွင်းမှာ စစ်ကောင်စီဖက်က ၁၀၀ ကျော်သေဆုံးခဲ့ကာ သုံ့ပန်းအများအပြားနဲ့ လက်နက်ခဲယမ်းအများအပြား ရခဲ့တယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြခဲ့ပါ သေးတယ်။

မောင်တောမြို့က အမှတ် (၂) ရပ်ကွက် အတွင်းကနေ စစ်ကောင်စီတပ်ဟာ အဆင့်ဆင့် ခုခံစစ်ဆင်နွှဲနေပြီး စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ပေးထားတဲ့ ARSA၊ RSO၊ ARA စတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ ပါဝင်တိုက်ခိုက် နေတာလို့ ဆိုပါတယ်။

ရခိုင်တောင်ပိုင်းက သံတွဲ၊ ဂွ၊ ကျိန္တလီမြို့နယ်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ သံတွဲမှာ နောက်ဆုံးကျန်နေတဲ့ မောင်ရွှေလေးရေတပ်စခန်းမကျစေဖို့ စစ်ကူတွေ၊ လက်နက်အင်အားတွေနဲ့ စစ်သင်္ဘောတွေ ထပ်မံဖြည့်တင်းကာ ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံခဲ့ပေမယ့် AA ကသိမ်းပိုက်ရရှိခဲ့ပါတယ်။

ကရင်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်မှာရှိတဲ့ အနန်းကွင်းရွာက စစ်ကောင်စီစခန်းကို မွန်ပြည်နယ်၊ ရေးမြို့နယ်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အင်အား ၁၀၀ နီးပါး စစ်ကူလာတဲ့ ဒီစစ်ကြောင်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းဟာ ရေးမြို့နယ်ထဲကို ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။

မွန်
မွန်ပြည်နယ်မှာတော့ မွန်တော်လှန်ရေးတပ်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ- စစ်အာဏာရှင်ဆန့်ကျင်ရေး (MNSP-AD) တပ်က စစ်ကောင်စီကို တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးမှာ တပ်စွဲထားတဲ စစ်ကောင်စီ တပ်စခန်းကို MNSP-AD နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မနေ့တုန်းက တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတချို့မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပြီးနောက် လမိုင်းမြို့အခြေစိုက် စစ်ကောင်စီတပ်တွေကို မော့ကနင်းရွာဘက်ကို ပို့ကာ တပ်စွဲထားပြီး စစ်ရေး တင်းမာနေတဲ့ အခြေအနေလို့ ဆိုပါတယ်။

တနင်္သာရီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သောကြာပြင်ကျေးရွာအနီးမှာ ကားလမ်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်ကို ဒီလ ၂၈ ရက်က တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ဗထူးတပ်မတော်က ထုတ်ပြန် ထားတာပါ။

ပုံစာ – တော်လှန်ရေးတပ်တွေရဲ့ ဒီတစ်ပတ် အတွင်းထုတ်ပြန်ထားတဲ့ စစ်ရေးလှုပ်ရှားမှုများ
ဓာတ်ပုံ – NUG, AA Info desk

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."