စည်သူ
ရန်ကုန် -၂၀၂၀ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတာကြောင့် တစ်နှစ်ကျော်ပုန်းအောင်းနေတဲ့ လွှတ်တော်အမတ်ဟောင်း ဘူးလက်လှဆွေကို ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ချုပ်ရက်ရမန်ယူပြီး အင်းစိန်ထောင်ပို့လိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကပြောပါတယ်။
“ဦးလှဆွေက အရင်တုန်းက တရားခံပြေးပေါ့။ ပြန်လည်ဖမ်းဆီးရမိတဲ့အတွက်ကြောင့် ရာဇဝတ်ကြီး ပြန်ဖွင့်ရတာပေါ့။စစ်ခဲ့တဲ့သက်သေတွေကို တရားခံရှေ့မှောက်မှာအကုန်လုံး ပြန်စစ်မှာ။သူကလည်း ချေပပိုင်ခွင့်ရှိပါတယ်”လို့ ၎င်းက ပြောပါတယ်။
အဆိုပါအမှုကို လျောက်ထားသူဘက်က တရားလိုနဲ့ တရားလိုပြသက်သေ ခြောက်ဦးတင်ပြထားပြီး ဦးလှဆွေဘက်ကလည်း ရှေ့နေငှားရမ်းပြီး ထုချေမှာဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။
၂၀၁၉ ဩဂုတ်လ ၄ရက်နေ့က ရန်ကုန်တိုင်း မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံမှ မြန်မာ့ တပ်မတော် ထိပ်တန်းအရာရှိများ အပေါ်အရေးယူပိတ်ဆို့မှုများ အားဆန့်ကျင်ရှုတ်ချပွဲမှာ ဘူးလက်လှဆွေရဲ့ ပြောကြားချက်တွေဟာ အစိုးရအပေါ်ထိခိုက်စေအောင် ပြောခဲ့တာကြောင့် ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး က ၂၀၁၉ ဩဂုတ်မှာ ခရိုင်တရားရုံးကို ဦးတိုက်လျောက်ထားခဲ့တာဖြစ်ပါတယ်။
နိုင်ငံဝောာ်အကြည်ညိုပျက်စေတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဘူးလက်လှဆွေဟာ တစ်နှစ်ကျော်ပုန်းအောင်းနေခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လာရောက် အဖမ်းခံခဲ့တာဖြစ်ပါတယ်။
သူ့ကို စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) ဟာ ပြစ်မှုထင်ရှားရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ အပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ပုံစာ – ၂၀၁၉ သြဂုတ် (၃) ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သော တပ်မတော်ထိပ်တန်းအရာရှိများအား အမျိုးသားရေးလှုပ်ရှားသူများက ထောက်ခံသည့်ပွဲ၌ ဘူးလက်လှဆွေအားတွေ့ရစဉ်။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

