တစ်ပြည်လုံးယူပါ ရန်ကုန်လျှပ်စစ် သင်ခန်းစာ

တစ်ပြည်လုံးယူပါ ရန်ကုန်လျှပ်စစ် သင်ခန်းစာ

ဓာတ်ပုံ – လင်းမြတ်/မော်ကွန်းမဂ္ဂဇင်း

မနက်ကတည်းက တရစပ်ရွာနေတဲ့  မိုးကြောင့် အငြိမ်းစား ကျောင်းဆရာ ဦးခင်လှိုင်တို့ တိုက်ခန်း ရှေ့က ကွန်ကရစ်လမ်းဟာ ရေတွေ နဲ့ ရွှဲရွှဲစိုနေတယ်။ လမ်းပေါ်မှာ ရပ်ကွက်ဈေးတစ်ခု ရှိတယ်။ ညနေဈေးဝယ်ချိန်ဖြစ်တာကြောင့် လမ်းပေါ်မှာ ဈေးသည်၊ ဈေးဝယ်တွေနဲ့ ယောက်ယက်ခတ်နေပါတယ်။

ညနေ ၅ နာရီ ဝန်းကျင်လောက်ရောက်တော့ ဖျားနေတဲ့ မြေးဖြစ်သူကိုဆေးခန်းပြဖို့ ဦးခင်လှိုင်တို့ မြေးအဘိုးနှစ်ယောက် ဟာ ထီးတစ်ချောင်းကို အတူဆောင်းရင်း အိမ်ကနေထွက်လာ ကြတယ်။

သူတို့ အိမ်ကနေ ခြေလှမ်းအနည်းငယ်ပဲ လျှောက်ရပါသေး တယ်။ ရုတ်တရက်၊ တစ်စုံတစ်ခုဟာ ထီးပေါ်ကို ‘ဖြောင်း’ခနဲ ပြုတ်ကျလာပါတယ်။ စိတ်ထဲကလှုံ့ဆော်မှုကြောင့် ဦးခင်လှိုင်ဟာ ပြုတ်ကျလာတဲ့အရာကို ထီးနဲ့ အားကုန်ခါထုတ်လိုက်ပြီး သူ့မြေး ကိုလည်း အနီးအနားက တိုက်ခန်းတစ်ခုဆီ တွန်းထုတ်လိုက်ပါတယ်။

ဦးခင်လှိုင် ထင်လိုက်သလိုပါပဲ။ ထီးပေါ်ကို ပြတ်ကျလာတဲ့ အရာဟာ သူတို့အိမ်ရှေ့ဓာတ်တိုင်ကနေ လမ်းတစ်ဖက်ရှိ ဓာတ် တိုင်ကို ကန့်လန့်ဖြတ်သွယ်ထားတဲ့ သတ္တုဓာတ်ကြိုးဖြစ်နေပါ တယ်။ ကံဆိုးချင်တော့ ပြတ်ကျလာတဲ့ ဓာတ်ကြိုးဟာ အရှိန် မသေသေးဘဲ လမ်းပေါ်မှာ ဈေးထိုင်ရောင်းနေတဲ့ ပြောင်းဖူးသည် မိန်းကလေးတစ်ဦးရဲ့ လည်ပင်းကို ပတ်မိသွားတာကို ဦးခင်လှိုင် တွေ့လိုက်ရတယ်။

ဓာတ်ကြိုးထိသွားတဲ့ မိန်းကလေးဟာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါသွားတယ်။ မိန်းကလေးဟာ နှုတ်ကလည်း ”ကယ်ကြပါဦး၊ လုပ်ကြပါဦး”လို့ ငယ်သံပါအောင် အော်ပြီး သူ့ ရှေ့ကနေဖြတ်သွားတဲ့ အမျိုးသားတစ်ဦးကို ဖြတ်ခနဲလှမ်းဆွဲကိုင် လိုက်တဲ့အခါ လှမ်းဆွဲခံရသူပါ ဓာတ်လိုက်ပြီး နှစ်ယောက်စလုံးလမ်းဘေးမြေကြီးပေါ်ကို ဝုန်းခနဲ ပြိုလဲကျသွားကြတယ်။

တစ်ဆက်တည်းမှာပဲ ပြောင်းဖူးသည်နဲ့ တစ်ကိုက်၊ နှစ် ကိုက်လောက်အကွာမှာ ပစ္စည်းသယ်နေတဲ့ ဖိနပ်အရောင်းဆိုင် ပိုင်ရှင်မောင်နှမနှစ်ဦးပါ ဓာတ်ကြိုးထိပြီး ဓာတ်လိုက်လဲကျသွား ပြန်ပါတယ်။ လူတွေဟာ ဓာတ်ကြိုးနဲ့ လွတ်ရာ လမ်းတစ်ဖက်ဆီ ကို ဒရောသောပါးထွက်ပြေးကြတယ်။ တချို့လည်း ဓာတ်လိုက် နေသူတွေကို ရပ်ကြည့်နေကြတယ်။ ဘယ်သူမှလည်း လာမကူရဲ ကြ။ ဖြစ်ပြီး ၁၅ မိနစ်လောက်အကြာ မီးပြတ်သွားတော့မှ ဓာတ် လိုက်သူတွေကို အနီးအနားက လူတွေက ဆေးရုံပို့ကြရပါတယ်။

ဒါပေမဲ့ အရင်ဆုံးဓာတ်လိုက်ခံရတဲ့ ပြောင်းဖူးသည်မိန်း ကလေးနဲ့ အမျိုးသားတစ်ဦးဟာ ဆေးရုံမရောက်ခင် လမ်းခုလတ် မှာတင် သေဆုံးသွားပါတယ်။ ဖိနပ်အရောင်းဆိုင်က မောင်နှမနှစ် ယောက်ကတော့ ရက်အတန်ကြာ ဆေးရုံပေါ်မှာ ဆေးကုသမှု ခံ ယူလိုက်ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ၂ဝ၁၄ ဇွန် ၆ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပေ ၅ဝ လမ်းနဲ့ လှည်းတန်း(၇)လမ်းထိပ်မှာ ဖြစ်ပွားခဲ့တာပါ။ နှစ်ပေါင်းများစွာ အသုံးပြုထားလို့ ဟောင်းနွမ်း ပြီးပြတ်ကျလာတဲ့ဓာတ်ကြိုးဟာ လူသားနှစ်ဦးကို သေခြင်း တရားဆီ ခေါ်သွားခဲ့ပါတယ်။

ဓာတ်ကြိုးပြတ်ကျမှု မဖြစ်ခင်တုန်းက ဓာတ်ကြိုးတွေဟာ မီးဖုတ်ထားတဲ့ သံချောင်းတွေလို နီရဲရဲဖြစ်လာတာ မကြာခဏ တွေ့ရတယ်လို့ အဲဒီလမ်းမှာ နေထိုင်သူတွေက ပြောကြပါတယ်။ ဓာတ်ကြိုးကို လဲပေးဖို့ လျှပ်စစ်ဌာနကို ရပ်ကွက်သူ၊ ရပ်ကွက်သား တွေက အကြောင်းကြားခဲ့ပေမယ့် ကြိုးတွေ အချိန်မီလာမလဲခဲ့ ပါဘူး။

”ကြိုးသစ်လဲပေးဖို့ တင်ပြခဲ့တာ လနဲ့ချီကြာခဲ့တယ်။ ဓာတ် လိုက်တဲ့နေ့အထိ လာလဲမပေးခဲ့ဘူး။ လူသေပြီးမှ ကြိုးလဲဖြစ် တယ်”လို့ အဲဒီအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူ ဦးခင်လှိုင်က မော်ကွန်းကို ပြောပါတယ်။
zero zero four
ဓာတ်လိုက်မှုတွေဟာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းမလုံ လောက်တာ၊ ဓာတ်အားဖြန့်ဖြူးခြင်းယန္တရားမှာ ပါဝင်လည်ပတ် နေသူတွေက ဥပဒေတွေ၊ စည်းကမ်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာ၊ ဓာတ်ကြိုးတွေ ဟောင်းနွမ်းဆွေးမြည့်တာတွေ ကြောင့် ဖြစ်တယ်လို့ လျှပ်စစ်ကျွမ်းကျင်သူတချို့က ဝေဖန်ထောက် ပြလာကြပါတယ်။

ရန်ကုန်မှာ ဓာတ်ကြိုးတွေကို သတ်မှတ်ထားတဲ့ လျှပ်စစ် သွယ်တန်းခြင်းဆိုင်ရာ နည်းစနစ်တွေအတိုင်း စနစ်တကျသွယ် တန်းမှု အားနည်းပြီး ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေကို ပုံမှန်စစ် ဆေးမှုပြုလုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း အားနည်းနေတယ်လို့ လျှပ်စစ်ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

”လျှပ်စစ်ဘယ်လောက်ပဲ ထုတ်လုပ်ဖြန့်ဖြူးနေနေ နိုင်ငံ မှာလိုအပ်နေတာ အရည်အချင်းပြည့်တဲ့ လျှပ်စစ်လုပ်သားတွေ ပဲ”လို့ အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာဦးတိုးထွန်းက ပြောပါ တယ်။ ဦးတိုးထွန်းဟာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာအဖြစ် ပြည်ပနိုင်ငံတွေမှာ ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သလို အထူးအဆင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိထားသူ လည်း ဖြစ်ပါတယ်။

”မီးခလုတ်ဖွင့်ရင် မီးလင်းတယ်ဆိုနိုင်ရုံလောက် လုပ်ပေး လို့မရတော့ဘူး”လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ၂ဝ၃ဝ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး အတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Plan – NEP) ကို ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ယခုနှစ်က စတင် အကောင်အထည်ဖော်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါကို ကမ္ဘာ့ဘဏ်(မြန်မာ)က သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းကလည်း မော်ကွန်းကို အတည်ပြုပေး ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်တွေအရ တစ်နိုင်ငံလုံးအနေနဲ့ ဆိုရင်တော့ လူဦးရေ ၈၄ ရာခိုင်နှုန်းဟာ မီးမရသေးပါဘူး။ ရန်ကုန်မှာ ၁၉၁၅ ခုနှစ်ကတည်းက လျှပ်စစ်ဓာတ်အား စပေးခဲ့ တာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့အခါမှာ ရန်ကုန်မှာလို လျှပ်စစ်အန္တရာယ်တွေ မကြာခဏဖြစ်ပေါ်မှာကို လျှပ် စစ်ကျွမ်းကျင်သူတွေက စိုးရိမ်ကြပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဖြန့်တဲ့အခါ ရန်ကုန်မှာဖြစ် နေတဲ့ လျှပ်စစ်အန္တရာယ်တွေကို သင်ခန်းစာယူပြီး နားလည်တတ် ကျွမ်းတဲ့ ဝန်ထမ်းတွေ မွေးထုတ်ဖို့၊ ဝန်ထမ်းတွေကို နည်းပညာ အရ အထောက်အပံ့တွေ ထိထိရောက်ရောက် ထောက်ပံ့ပေးဖို့ လိုတယ်လို့ လျှပ်စစ်ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ မြန်မာ နိုင်ငံမှာ လူဦးရေသိပ်သည်းဆအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ၂ဝ၁၁ ကနေ ၂ဝ၁၆၊ ဇူလိုင်အထိ ငါးနှစ်ခွဲကာလ အတွင်း ဓာတ်လိုက်သေဆုံးသူ ၆၅၄ ဦး ရှိခဲ့ပါတယ်။

ဘာကြောင့် ဓာတ်လိုက်

ဓာတ်လိုက်သေဆုံးကြရသူအများစုဟာ လျှပ်စစ်စီးနေတဲ့ ဓာတ်တိုင်ကို ထိကိုင်မိတာ၊ ဓာတ်ကြိုးပြတ်ကျရာ ကြိုးပတ်မိပြီး သေကြတာ၊ လျှပ်စစ်စီးနေတဲ့ ရေအိုင်တွေထဲ ဆင်းမိတာ စတာ တွေကြောင့် သေဆုံးမှုတွေများတယ်လို့ မော်ကွန်းက ချဉ်းကပ်ခဲ့ တဲ့ လျှပ်စစ်ပညာကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

မကြာခဏဖြစ်ပွားနေတဲ့ ဓာတ်လိုက်မှုတွေဟာ ရန်ကုန် နေ လူတွေရဲ့ အသက်ရှင်လုံခြုံခွင့်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက် နေပါတယ်။ ပြီးခဲ့တဲ့ မေ ၃၁ ရက်တုန်းကလည်း လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်း(သံလမ်း)ထဲမှာ အသက်ဆယ်နှစ် အရွယ်ကျောင်းသားလေးတစ်ဦးဟာ လမ်းဘေးရေမြောင်းထဲ ခြေချော်ကျရာက သံဓာတ်တိုင်ကိုလည်း ထိမိသလို ရေမြောင်း ကလည်း လျှပ်စစ်စီးနေတာကြောင့် ဓာတ်လိုက်ပြီး သေဆုံးသွား ခဲ့ပါတယ်။

ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက တာဝန်ယူထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တစ်နေ့ကို လျှပ်စစ်ဓာတ်အား ၁,၁၈၈ မဂ္ဂါဝပ်လောက် ဖြန့်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း အထွေအထွေမန်နေဂျာ ဦးစောဝင်းမောင်က မော်ကွန်းကို ပြောပါတယ်။

ရန်ကုန်က ဓာတ်အားလိုင်းတွေဟာ မနိုင်နင်းတဲ့လျှပ်စစ်ဝန်ပိုတွေထမ်းထားရပြီး ဓာတ်ကြိုးတွေမှာ ပြန်ပြီးဆက်ထားတဲ့ အဆက်အထုံးတွေ များနေတာတွေကြောင့် ဓာတ်ကြိုးပြတ်ကျမှု မကြာခဏဖြစ်နေရတာလို့ ဦးစောဝင်းမောင်က ပြောပါတယ်။

ဒါ့အပြင် မိုးရာသီမှာ ဓာတ်ကြိုးတွေပေါ် သစ်ပင်သစ်ကိုင်း ကျိုးကျရာကနေ ဓာတ်ကြိုးတွေပြတ်ကျရတာဖြစ်တယ်လို့ ဦးစောဝင်းမောင်က ဆိုပါတယ်။

အငြိမ်းစား ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာ ဦးတိုးထွန်း က ”လုပ်ရမယ့်လူတွေက ကိုယ့်အလုပ်ကို ဖိဖိစီးစီးမှန်မှန်ကန် ကန်မလုပ်လို့ အန္တရာယ်တွေက နောက်ကနေ လိုက်လာတာ”လို့ မှတ်ချက်ပေးပါတယ်။

အဲဒီအကျိုးနောက်ဆက်တွဲက လူနဲ့ တိရစ္ဆာန်တွေ ဓာတ် လိုက်သေဆုံးခြင်း(Electric Shock)နဲ့ ဓာတ်ကြိုးအချင်းချင်း ထိတဲ့အခါ ဖြစ်ပေါ်တဲ့ လျှပ်စစ်ပတ်လမ်းတို (Electric Short)ကြောင့် မီးလောင်ခြင်းတွေ ဖြစ်တယ်လို့ ဦးတိုးထွန်းက ဆိုပါတယ်။

နောက်ဆုံးထုတ်ပြန်ထားတဲ့ သန်းခေါင်စာရင်းအရ တစ်နိုင်ငံ လုံးမှာ ရန်ကုန်တိုင်းဒေသကြီးဟာ အလင်းရောင်အတွက် လျှပ် စစ်အသုံးပြုတဲ့ အိမ်ထောင်စုအချိုး အများဆုံးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ အိမ်ထောင်စု ၇ဝ ရာခိုင်နှုန်းခန့် (အိမ် ထောင်စုတစ်သန်းကျော်)ဟာ အလင်းရောင်အတွက် လျှပ်စစ်မီး ကို အသုံးပြုနေကြပြီး ၄၇ ရာခိုင်နှုန်း(အိမ်ထောင်စု ခုနစ်သိန်းခွဲ ခန့်)ဟာ အစားအစာချက်ပြုတ်ဖို့ လျှပ်စစ်ကို အသုံးပြုနေကြ ပါတယ်။

သက်တမ်းရင့် ဓာတ်ကြိုးများ

လက်ရှိ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးဖို့ အသုံးပြုနေတဲ့ ဓာတ်ကြိုးတချို့ဟာ ၁၉၄၇ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ကတည်းက စတင်အသုံးပြုခဲ့တဲ့ ဓာတ်ကြိုးတွေ ဖြစ်ပါတယ်။ အဲဒီဓာတ်ကြိုးတွေကို အခုချိန် အထိ ပြုပြင်ထိန်းသိမ်းပြီး ဆက်လက်အသုံးပြု နေရဆဲဖြစ်တယ်လို့ ဦးစောဝင်းမောင်က ရှင်း ပြပါတယ်။ ၁၉၆ဝ ဝန်းကျင်က စတင်အသုံးပြုခဲ့ တဲ့ ထရန်စဖော်မာ တချို့ကိုလည်း အသုံးပြုနေ ဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

၁၉၄ဝ-၅ဝ တစ်ဝိုက်က အသုံးပြုတဲ့ လျှပ် စစ်ပစ္စည်းတွေဟာ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံ တွေက ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံက တဖြည်းဖြည်းဆင်းရဲလာတဲ့နောက်ပိုင်းမှာ တရုတ်နိုင်ငံထုတ် ဈေးသက်သာတဲ့ လျှပ်စစ် ပစ္စည်းတွေကို အသုံးပြုခဲ့ကြတယ်လို့ ဦးစော ဝင်းမောင်က ပြောပါတယ်။

”အရင်တုန်းက ပစ္စည်းတွေက အရည် အသွေးကောင်းတယ်။ လူကိုအပြစ်ဖြစ်စေဖို့ အင်မတန်မှ ရာခိုင်နှုန်းနည်းတယ်။ အခု (တရုတ်နိုင်ငံထုတ်)ပစ္စည်းတွေက အရည် အသွေးညံ့ပြီး လူကိုအပြစ်ဖြစ်ဖို့ ရာခိုင်နှုန်းများ လာတယ်”လို့ သူက ရှင်းပြပါတယ်။ဟောင်းနွမ်းပြီး အရည်အသွေးကျဆင်းနေတဲ့ လျှပ်စစ် ပစ္စည်း အဟောင်းတွေ၊ အရည်အသွေးမပြည့်မီတဲ့ လျှပ်စစ်ပစ္စည်းတွေ အသုံးပြုနေရတဲ့အချိန်မှာ လျှပ်စစ်ဝန်ထမ်းမလုံလောက်မှုတွေ လည်း ဖြစ်နေပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာ ဒါ ရိုက်တာအဖွဲ့ဝင်တွေ၊ အင်ဂျင်နီယာတွေ၊ အမှုထမ်းတွေ၊ နေ့စား ဝန်ထမ်းတွေအပါအဝင် စုစုပေါင်းဝန်ထမ်း ၄,၅ဝဝ ကျော်ရှိပါ တယ်။ အဲဒီထဲမှာ နေ့စားဝန်ထမ်း ၁,၅ဝဝ ကျော် ပါဝင်ပါတယ်။ အဲဒီဝန်ထမ်းအင်အားဟာ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိဘူးလို့ ဦးစောဝင်းမောင်က ပြောပါတယ်။

၂ဝ၁၄ မှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ လျှပ်စစ်ဥပဒေမှာ ‘မည်သူမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက် မှတ်မရရှိဘဲ လျှပ်စစ်တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုရ’လို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအောက်က လျှပ်စစ် လုပ်ငန်းတွေကို ဆောင်ရွက်နေသူအများစုဟာ လျှပ်စစ်ကျွမ်း ကျင်မှုဆိုင်ရာ လက်မှတ်ရရှိထားသူတွေ မဟုတ်ဘူးလို့  ဦးစော ဝင်းမောင်က ပြောပါတယ်။

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ဆိုတာ ‘သတ်မှတ်ထားတဲ့လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ရန် စစ်ဆေးရေး မှူးချုပ်က ထုတ်ပေးသော လျှပ်စစ်နှင့်စပ်လျဉ်း၍ ကျွမ်းကျင် ကြောင်း လက်မှတ်ကို ဆိုလိုကြောင်း’လျှပ်စစ်ဥပဒေမှာ ဖော်ပြ ပါတယ်။

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်ရရှိဖို့ဆိုရင် လျှပ်စစ် စစ်ဆေးရေးမှူးချုပ်ထံ လိပ်မူပြီး လျှောက်ထားရမယ်လို့ ၁၉၈၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များမှာ ဖော်ပြထားပါတယ်။ အဲဒီလုပ်ထုံးလုပ်နည်းတွေအရ အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို လျှောက်နိုင်ပါတယ်။ လုပ်သက်အတွေ့အကြုံနဲ့ အရည်အချင်းကိုလိုက်ပြီး ဒုတိယ အဆင့်၊ ပထမအဆင့်၊ အထူးအဆင့်ဆိုပြီး ကျွမ်းကျင်မှုအဆင့် သုံးဆင့်ခွဲပြီး မှတ်ပုံတင်နိုင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ရှေ့ ပြည်လမ်းမပေါ်ရှိ ဓာတ်တိုင်တွင် တပ်ဆင်ထားသော လျှပ်စစ်ကြိုးများ

ရန်ကုန်တက္ကသိုလ်ရှေ့ ပြည်လမ်းမပေါ်ရှိ ဓာတ်တိုင်တွင် တပ်ဆင်ထားသော လျှပ်စစ်ကြိုးများ

ဒုတိယအဆင့်ကို လျှောက်ထားသူဟာ ဗို့အား ၂၃ဝ ရှိတဲ့ လျှပ်စစ်တပ်ဆင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အရည်အချင်း ပြည့်ရမှာ ဖြစ်ပြီး ဓာတ်အားမရှိတဲ့ ကောင်းကင်ဓာတ်ကြိုးတွေပေါ် မှာ ဓာတ်ကြိုးတည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နိုင်တဲ့ အရည် အချင်းပြည့်ရမယ်လို့ လျှပ်စစ်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေမှာ ဖော်ပြထားပါတယ်။

ပထမအဆင့်ကတော့ ဗို့အား ၄ဝဝ နှင့်အထက် လျှပ်စစ် တပ်ဆင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ရပါတယ်။ အထူး အဆင့်ဆိုရင်တော့ ဗို့အား ၄ဝဝ နှင့်အထက်လုပ်ငန်းတွေအပြင် အထူးလျှပ်စစ်ပညာရပ်တစ်ခုခုကို တတ်ကျွမ်းရမယ်လို့ ဖော်ပြ ထားပါတယ်။

ကိုယ်ပိုင်လျှပ်စစ်ကျွမ်းကျင်မှု မှတ်ပုံတင်လုပ်သားအဖြစ် လျှောက်ထားနိုင်သလို ဝန်ကြီးဌာနတွေအောက်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံဆိုင်ရာ လျှပ်စစ်ဝန်ထမ်းတွေလည်း လျှောက်ထားကြ ရပါတယ်။

လျှောက်လာတဲ့လူတွေကို စစ်ဆေးရေးမှူးချုပ်က လျှပ် စစ် စစ်ဆေးရေးဌာနက အဖွဲ့ဝင်သုံးဦးနဲ့အတူ စိစစ်ပြီး သင့်လျော် တဲ့လျှပ်စစ်ကျွမ်းကျင်မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမယ်လို့ လုပ်ထုံးလုပ်နည်းစာအုပ်မှာ ထုတ်ပြန်သတ်မှတ်ထားပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှာ တော့ ”လက်မှတ်ရတဲ့လူက နည်းပါတယ်။ အဆင့်ဆင့်လေ့ကျင့် ပြီးမှ ဖြစ်လာတဲ့ဝန်ထမ်းတွေပါပဲ။ သီးသန့်သင်တန်းကျောင်း တက်ပြီးမှရတဲ့လူတွေ မရှိပါဘူး။ အခုလုပ်နေတဲ့လူငယ်တော် တော်များများက လက်တွေ့လုပ်ရင်းသင်ရင်း ကျွမ်းကျင်လာလို့ လုပ်ကိုင်နေကြတာပါ”လို့ ဦးစောဝင်းမောင်က မော်ကွန်းကို ပြောပါတယ်။

လျှပ်စစ်ပညာကို စနစ်တကျသင်ယူထားတဲ့ ကျွမ်းကျင်ဝန် ထမ်းမလုံလောက်တာဟာ လျှပ်စစ်အန္တရာယ်တွေ ပိုမိုဖြစ်လာနိုင် တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ပါတယ်လို့ ကျွမ်းကျင်သူ တွေက သုံးသပ်ကြပါတယ်။

ဒီလိုဝန်ထမ်းတွေ မလုံလောက်တဲ့အခါမှာ လျှပ်စစ်ဝန် ထမ်းမဟုတ်တဲ့သူတွေက လျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တာမျိုးတွေရှိလာတာကို တွေ့ရပါတယ်လို့ သူ တို့က ထောက်ပြကြပါတယ်။

ဝန်ထမ်းမလုံလောက်ခြင်းရဲ့  နောက်ကွယ်

မကြာသေးခင်က မင်္ဂလာဒုံမြို့နယ်က အပြာရောင်ယူနီ ဖောင်း ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ ဓာတ်တိုင်မှာ မီတာ တပ်ဆင်ဖို့ ကြိုးစားရင်း ဓာတ်လိုက်သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့လူဟာ လျှပ်စစ် ဝန်ထမ်းမဟုတ်ပါဘူး။ ထောက်ကြန့်ဆက်သွယ်ရေးစာတိုက်က ဝန်ထမ်းဖြစ်နေပါ တယ်။ မီးပြင်တဲ့အလုပ်ဟာ စာပို့သမားနဲ့သက်ဆိုင်တဲ့ အလုပ် မဟုတ်ပါဘူး။ သူဟာ လျှပ်စစ်အင်ဂျင်နီယာရုံးကို ဝင်ထွက်နေ တဲ့လူဖြစ်ပေမယ့် သူ့ကို လျှပ်စစ်တပ်ဆင်ဖို့တာဝန်ပေးထားတာ မဟုတ်ဘူးလို့ မင်္ဂလာဒုံမြို့နယ်လျှပ်စစ်ဌာန လက်ထောက် မန်နေဂျာ အင်ဂျင်နီယာဦးမြင့်နိုင်က မော်ကွန်းကိုပြောပါတယ်။ ရပ်ကွက်ထဲကသူတွေက ၎င်းစာပို့သမားကို မီးပြင်ဖို့ အကူအညီ တောင်းတာကြောင့် ဓာတ်တိုင်ပေါ်တက်ရင်း ဓာတ်လိုက်သေဆုံး သွားခဲ့ရတာလို့ ဆိုပါတယ်။

လျှပ်စစ်အသုံးပြုသူတွေဘက်ကလည်း လျှပ်စစ်အင်ဂျင်နီ ယာရုံးကဝန်ထမ်းတွေ လာလုပ်မပေးတဲ့အခြေအနေမျိုးမှာ အရပ်ထဲက လျှပ်စစ်နဲ့ တရင်းတနှီးရှိတဲ့လူတွေကိုခေါ်ပြီး အကူ အညီတောင်းတာမျိုးတွေ လုပ်ကြတယ်လို့ မော်ကွန်းရဲ့ သတင်း ရင်းမြစ်တချို့က ပြောပြကြပါတယ်။

ဆောင်းပါးရဲ့အစမှာ ဖော်ပြခဲ့တဲ့ လှည်းတန်း(၇)လမ်းထိပ် က ဓာတ်လိုက်မှုမှာဆိုရင် ဓာတ်လိုက်ပြီး ၁၅ မိနစ်လောက်ကြာ တဲ့အထိ ဓာတ်အားလိုင်းမဖြတ်နိုင်ခဲ့ပါဘူးလို့ ကိုယ်တိုင်မြင် တွေ့ခဲ့သူတွေက ပြောကြပါတယ်။ နောက်ဆုံး ဓာတ်လိုက်သူ တွေကို ကယ်ဆယ်ဖို့ ဓာတ်အားဖြတ်တောက်လိုက်သူဟာလည်း လျှပ်စစ်ဌာနက ဝန်ထမ်းမဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ မီးလိုက် ပြင်တဲ့လူငယ်တစ်ဦးသာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူတို့က ပြောကြပါတယ်။ ရပ်ကွက်ထဲမှာမီးပျက်လို့ လျှပ်စစ်ရုံးကို ဖုန်း ဆက်ရင် ဝန်ထမ်းတွေ ကြာနေတတ်တဲ့အတွက် ရပ်ကွက်ထဲက မီးပြင်သူကိုခေါ်ပြီး ပြင်ခိုင်းကြတယ်လို့ ဦးခင်လှိုင်က ပြောပြ ပါတယ်။

ဒါပေမဲ့ မကျွမ်းကျင်ဘဲ လုပ်ကိုင်တပ်ဆင်တာဟာ တပ် ဆင်သူတွေကို တိုက်ရိုက်ဘေးဥပဒ်ဖြစ်စေသလို မသေမသပ် တပ်ဆင်ထားတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေဟာ ပတ်ဝန်းကျင်က လူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ အငြိမ်းစားရေကြောင်းလျှပ်စစ်အင်ဂျင်နီယာ ဦးတိုးထွန်းက ပြောပါတယ်။

ရန်ကုန်မှာ တပ်ဆင်ထားတဲ့လျှပ်စစ်ဓာတ်ကြိုးတွေဟာ နေရာတော်တော်များများမှာ ငှက်သိုက်လို ရှုပ်ထွေးနေတာကို တွေ့နိုင်ပါတယ်။ တချို့ဓာတ်ကြိုးတွေဟာ လမ်းမပေါ်ကို အိတွဲ ကျနေပြီး လေတိုက်ရင် ယီးလေးခိုနေကြပါတယ်။ တချို့နေရာ တွေမှာ ဓာတ်ကြိုးချင်း မထိရအောင် အုတ်ခဲတွေကို အလေးဆွဲ တဲ့အနေနဲ့ ဓာတ်ကြိုးတွေပေါ် ချိတ်ဆွဲထားတာကိုလည်း တွေ့ရ ပါတယ်။

ဒါကို အင်ဂျင်နီယာရှုထောင့်က ကြည့်မယ်ဆိုရင် လက်ခံ စရာမဟုတ်ဘူးလို့ လျှပ်စစ်အင်ဂျင်နီယာဦးတိုးထွန်းက ပြော ပါတယ်။

ဓာတ်ကြိုးတွေသွယ်တဲ့အခါ ဓာတ်တိုင်နှစ်တိုင်ကြားမှာ ဆွဲအား (Tension) တစ်ခုရှိပါတယ်။ ဓာတ်ကြိုးတွေ အပြိုင်သွယ် တဲ့အခါ  ဆွဲအားတွေ ညီတူညီမျှမရှိရင် ဓာတ်ကြိုးအချင်းချင်း ရိုက်ပြီး လျှပ်စစ်ရှော့ခ် ဖြစ်နိုင်ပါတယ်လို့ ဦးတိုးထွန်းက ရှင်းပြ ပါတယ်။ ဒါပေမဲ့ တချို့ နေရာတွေမှာ ကြိုးတွေသွယ်တန်းတာ နည်းမကျတဲ့အတွက် အခုလို အုတ်ခဲဆွဲတာတွေ တွေ့နေရတယ် လို့ သူက ပြောပါတယ်။

မတော်တဆဒီအုတ်ခဲတွေ ပြုတ်ကျရင် လူတွေကို ထိခိုက်နိုင်သလို ဒီလို ချိတ်ဆွဲ တာဟာလည်း စနစ်မကျတဲ့၊  ပုံမှန်မဟုတ်တဲ့ ပြဿ      နာတစ် ခုပဲလို့ သူက ပြောပါတယ်။

တချို့ ဓာတ်တိုင်တွေ ဟာ လူသွားလမ်းပေါ်မှာ စိုက် ထားပြီး အောက်ခြေက ကြိုး တွေဟာ ပေါက်ပြဲရှုပ်ထွေးနေ ပါတယ်။ ဒါတွေဟာ လမ်း သွားလမ်းလာတွေအတွက် အင်မတန်အ္တနရာယ်များပြီး ဒါတွေကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပြုပြင်ဖို့ လျှပ်စစ် ဌာနမှာ တာဝန်ရှိတယ်လို့ ဦးတိုးထွန်းက ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ မိုးရာသီကာလအတွင်း ဓာတ်လိုက်မှုအ္တနရာယ်ကင်းဝေးရေးအတွက် ရှုပ်ထွေးနေတဲ့ ဓာတ်ကြိုးများ ရှင်းလင်းခြင်း၊ လျှပ်ကာကြိုးများဖြင့် အစားထိုး လဲလှယ်ခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းတဲ့ သစ်ပင်၊ သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းတွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန် ထားပါတယ်။ အဲဒီစီမံကိန်းကို ‘ပြည်သူပါဝင်သော လျှပ်စစ် အ္တနရာယ်ကင်းရှင်းရေး စီမံချက်’လို့ အမည်ပေးထားပါတယ်။

ဓာတ်လိုက်ပြီဆိုရင်

ဓာတ်လိုက်ခြင်းဟာ လျှပ်စစ်စီးခံရခြင်း ပြင်းထန်မှုအနည်း အများပေါ်မူတည်ပြီး လူခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေအပြင် အသက်အ္တရာယ် ဆုံးရှုံးရတဲ့အထိ ပြင်းထန်တယ်လို့  စက်မှုဝန် ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ် စစ်ဆေးရေးက ထုတ်ပြန်ထားတဲ့ လျှပ်စစ်ကျွမ်းကျင်မှု သင်တန်း မှတ်စုမှာ ဖော်ပြထားပါတယ်။

ဓာတ်လိုက်ခံရပြီဆိုရင် ဆေးထိုးရုံနဲ့ အသက်မရှင်နိုင်ပါဘူး။ ရှေးဦးသူနာပြုစုနည်းနဲ့ အချိန်မီပြုစုမှသာ နှလုံးပြန် အလုပ်လုပ် ပြီး အသက်ရှင်ဖို့ အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဓာတ်လိုက်ခံရတဲ့လူနာကို အချိန်တိုအတွင်း ပြုစုဖို့ လိုပါတယ်။ ပြုစုတဲ့အချိန် အနှေးအမြန်အပေါ်မူတည်ပြီး အသက်ရှင်ဖို့ရာခိုင် နှုန်းများလာနိုင်ပါတယ်။ (အတိအကျကို ဇယားတွင် ကြည့်ရှုပါ)

ဒါပေမဲ့ ကယ်တင်ချင်စောနဲ့ ဓာတ်လိုက်သူကို အတင်းဝင် မဆွဲဖို့ လိုပါတယ်။ ဓာတ်လိုက်နေသူကို ခြောက်သွေ့တဲ့ ဝါး၊ သစ် သားချောင်းတွေစတဲ့ လျှပ်ကာပစ္စည်းတွေနဲ့ ဓာတ်ကြိုးကနေ ကင်းလွတ်အောင်လုပ်ရမယ်လို့ လျှပ်စစ်ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။

ဓာတ်လိုက်ခံရလို့ အသက်မဆုံးရှုံးရင်တောင် အချိန်ကြာ ကြာဆေးကုရတာ၊ လျှပ်စစ်ကိုကြောက်တဲ့ စိတ်ဒဏ်ရာတွေ ရ တာတွေလည်း ဖြစ်တတ်ပါတယ်။

လှည်းတန်း(၇)လမ်းက ဓာတ်လိုက်ခံရသူတွေထဲမှာ ပါဝင် ခဲ့တဲ့ ဖိနပ်အရောင်းဆိုင်က မနန်စီဆိုရင် အသက်မသေခဲ့ပေမယ့် ခန္ဓာကိုယ်မှာ ဖုထစ်ညိုမည်းနေတဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။ အဲဒါ အပြင် သုံးနှစ်လောက်ကြာတဲ့ အခုအချိန်အထိ လျှပ်စစ်ကြိုးတွေ၊ မီးခလုတ်တွေကို မထိရဲမကိုင်ရဲလောက်အောင် ကြောက်စိတ် တွေ ဝင်သွားခဲ့တယ်လို့ မနန်စီက ပြောပြပါတယ်။

”ကျွန်မလို အခြားသူတွေကို မဖြစ်စေချင်တော့ဘူး။ အဲဒီ တုန်းက ဓာတ်လိုက်သွားတာဟာ အိပ်မက်တစ်ခုလိုပဲ။ အိပ်မက် ဆိုးတစ်ခုပေါ့”လို့ သူက ပြောပါတယ်။

သူလမ်းလျှောက်အပြင်ထွက်တိုင်း ဓာတ်ကြိုးပြတ်ကျမှာ ကြောက်တဲ့စိတ်နဲ့ ထီးကို အမြဲတမ်းဆောင်းတယ်လို့ သူက ပြော ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဓာတ်လိုက်ခဲ့တဲ့နေရာ အနီးက ဓာတ်ကြိုးတွေဟာ နှစ်နှစ်ကျော်ကြာတဲ့အထိ အရင်လို ရှုပ်ထွေးမြဲရှုပ်ထွေးနေတာကြောင့် ဖြစ်တယ်လို့ပြောရင်း လမ်း တစ်ဖက်က ဓာတ်တိုင်က ပင့်ကူအိမ်လို ရှုပ်နေတဲ့ လျှပ်စစ်ကြိုး တွေကို လက်ညှိုးထိုး ညွှန်ပြပါတယ်။

တစ်ပြည်လုံးယူပါ ရန်ကုန်သင်ခန်းစာ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လည်း ”ရန်ကုန်မြို့မှာရှိတဲ့ လျှပ်စစ်မီးကြိုးလိုင်းတွေက အချိန် မရွေး ပြတ်ကျနိုင်တဲ့ အခြေအနေပါ”လို့ ၂ဝ၁၆၊ မေမှာ မီဒီယာ တွေကို ပြောခဲ့ပါတယ်။

ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ အထွေထွေမန်နေဂျာ ဦးစောဝင်းမောင်ကလည်း အိုဟောင်းနေ တဲ့ လျှပ်စစ်ဓာတ်ကြိုးတွေ၊ ထရန်စဖော်မာတွေကို အသစ်လဲဖို့၊ လူတွေ အန္တရာယ်ကင်ရှင်းဖို့ မြေအောက်မှာ ပိုက်ချပြီး ဓာတ်ကြိုး မြှုပ်သွယ်တန်းတဲ့စနစ်တွေ လုပ်ဖို့ဆိုရင် ဘဏ္ဍာငွေအမြောက် အမြား လိုအပ်တယ်လို့  မော်ကွန်းကို ပြောပါတယ်။

ငွေပမာဏဘယ်လောက်လိုမယ်ဆိုတာ တိတိကျကျတွက် ချက်တာ မရှိပေမယ့် ”ယခု ခွင့်ပြုထားတဲ့ ဘဏ္ဍာငွေလောက်နဲ့ အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ဖို့ မလုံလောက်ပါဘူး”လို့ သူက ဆိုပါတယ်။

အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ပစ္စည်းတွေ အသုံးပြုသင့် ပေမယ့် ဘဏ္ဍာငွေအခက်အခဲကြောင့် ”ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်အောင် စဉ်းစားရတယ်”လို့ သူက ရှင်းပြပါတယ်။ ဓာတ်ကြိုး တွေအားလုံးလဲပစ်ဖို့ မဖြစ်နိုင်သေးဘူးဆိုပေမယ့် လက်ရှိ ရန်ကုန် မှာ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကိုလဲဖို့ အရေးတကြီး လို အပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

”မကောင်းတော့တဲ့ ပစ္စည်း၊ ဟောင်းနွမ်းပြီး ခေတ်မမီ တော့တဲ့ ပစ္စည်းကို အန္တရာယ်မပေးအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ နည်းမရှိပါဘူး”လို့လည်း သူက ဆိုပါတယ်။

နောက်ပြီး ဝန်ထမ်းအင်အားနည်းပါးနေတဲ့အတွက် ”ဓာတ်ကြိုးတွေကို စစ်ဆေးမှု ရံဖန်ရံခါဆောင်ရွက်နိုင်တယ်၊ အမြဲတမ်းနဲ့ နေရာတိုင်းကို မရောက်နိုင်ပါဘူး”လို့ သူက ပြောပါ တယ်။  အခုချိန်မှာ လျှပ်စစ်ခွဲရုံတွေနဲ့ ထရန်စဖော်မာတွေ လောက်သာ စစ်ဆေးနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီပြဿ      နာအခက်အခဲတွေကို ဖြေရှင်းဖို့ ဘဏ္ဍာ ငွေတွေ လိုနေတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်က လျှပ်စစ်အ္တနရာယ် ပြဿ      နာတွေကို အလုံးစုံ မဖြေရှင်းနိုင်သေးခင်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကိုတော့ စတင်အကောင်အထည်ဖော်နေပါပြီ။ အဲဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ လိုအပ်တာက ”လျှပ်စစ်လုပ် သားတွေကို နည်းပညာအရ အထောက်အပံ့ပေးရမယ်။ သင်တန်းတွေပေးရမယ်။ လိုအပ်မယ့် ကိရိယာတွေ ထောက်ပံ့ရမယ်။ ဒါအပြင် ထိန်းသိမ်းပြုပြင်လိုစိတ်တွေ မွေးပေးရမယ်”လို့ အငြိမ်း စားလျှပ်စစ်အင်ဂျင်နီယာ ဦးတိုးထွန်းက တိုက်တွန်းပါတယ်။

တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အားဖြန့်တဲ့အခါ ဖြစ်လာနိုင် တဲ့ ပြဿ      နာတွေကို ရန်ကုန်မှာ ဖြစ်နေတဲ့ပြဿ       နာတွေနဲ့ ချိန်ထိုး အဖြေရှာမယ်ဆိုရင် လျှပ်စစ်လုပ်သားတွေ လုံလောက်ဖို့နဲ့ လုပ် ငန်းကျွမ်းကျင်ဖို့ လိုအပ်တာကို တွေ့ရမှာ ဖြစ်တယ်လို့ သူက ဆိုပါ တယ်။ ဒါတွေကိုဖြည့်ဆည်းပေးနိုင်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဖြန့် ဖြူးတဲ့အခါ ဖြစ်ပေါ်လာမယ့့် လျှပ်စစ်အန္တရာယ်တွေနဲ့ လျှပ်စစ် ဓာတ်အားဆုံးရှုံးမှုတွေကို လျှော့ချနိုင်လိမ့်မယ်လို့ ပြောပါတယ်။

”ပညာရှင်တွေ ဘယ်လောက်ပြောပြော၊ ဘတ်ဂျက်တွေ ဘယ်လောက်ကုန်ခံပြီး ဖြန့်နေဖြန့်နေ လျှပ်စစ်ဝန်ထမ်းတွေ အရည်အချင်းမပြည့်ရင် စည်းကမ်း၊ ဥပဒေတွေ မလိုက်နာရင် လူ တွေ ထပ်သေနေဦးမှာပဲ” ။        ။

၂၀၁၆-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ်  ရေးသည်။

Save

Save

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."