“တစ်ပတ်လောက်သာထားရင် ထမင်းငတ်လို့ သေရင်သေ မသေရင် အကြမ်းဖက်ခံရလို့ သေနိုင်တယ်”

“တစ်ပတ်လောက်သာထားရင် ထမင်းငတ်လို့ သေရင်သေ မသေရင် အကြမ်းဖက်ခံရလို့ သေနိုင်တယ်”

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ပြီး နောက် အချို့သောကျေးရွာများတွင် ဒေသခံများသည် လုံခြုံမှု မရှိခြင်း၊ လုံခြုံရေးအားနည်းခြင်းများနှင့် နေထိုင်နေကြ ရသည်။ သို့ဖြင့်၍ မော်ကွန်းမဂ္ဂဇင်းက မောင်တောမြို့နယ်အတွင်းက လုံခြုံရေးအားနည်းပြီး မြို့ပေါ်ထွက်ပြေးလာရန်ခက်ခဲ သည့် ကျေးရွာတစ်ရွာမှ အခြေခံပညာမူလတန်းလွန်ကျောင်းအုပ် ဦးဆန်းဌေးအား တယ်လီဖုန်းမှတဆင့် ဆက်သွယ်အင်တာဗျူးထား သည်များကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။ (၎င်းတို့၏လုံခြုံရေးအရ ကျေးရွာတည်နေရာ အတိအကျကို ချန်လှပ်ထားပါသည်။)

Photo Credit by – State Counsellor Office Information Committee

ခင်မောင်မြင့် မေးမြန်းသည်။

မော်ကွန်း။ ။ဆရာတို့ ဘယ်နေ့ကတည်းက ကျေးရွာမှာပိတ်မိနေတာပါလဲခင်ဗျာ။ ပညာရေးဝန်ထမ်းဘယ်နှစ်ယောက် ပိတ်မိနေပါလဲ ခင်ဗျာ။

ဦးဆန်းဌေး။ ။ အကြမ်းဖက်မှုတွေစဖြစ်တဲ့ ၂၄ ရက်နေ့ညကတည်းက ဒီကျေးရွာစခန်းမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီကတည်းက ကျွန်တော်တို့ပိတ်မိသွားတာ။ ညဘက်ဆိုရင် တစ်ညလုံးကင်းစောင့်။ ကုလားတွေ တက်လာမှာကိုပဲကြောက်နေရတယ်။ တစ်ညမှ မအိပ်ရသေးဘူး။ ဒီနေရာကလွဲပြီး ပြေးစရာနေရာလည်းမရှိတော့ဘူး။
ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ၁၄ယောက်ပိတ်မိနေပါတယ်။ ဒီရွာကဘယ်နေရာကိုမှ သွားလို့မရဘူး။ လမ်းတစ်လျှောက်လုံးမှာမိုင်းတွေ ထောင်ထားတယ်လို့ပြောတယ်။ ဒီကျေးရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ ရွာကိုတောင် သွားလို့မရဘူး။ လုံခြုံရေးယူထားတဲ့ရဲတွေတော့ ကျွန်တော်တို့ကို လုံခြုံတဲ့နေရာကိုပို့ ပေးမယ်လို့ပြောတယ်။ သူတို့လည်းထွက်လို့မရဘူး။ စားဝတ်နေရေးကတော့ ကျေးရွာကနေ ဆန်ရှာပြီးတော့ ထမင်းလေးနဲ့ ဆားလေးနဲ့ ဖြူးစားတယ်။ ရွာပြင်လည်း မထွက်ရဘူးလေ။ အသီးအရွက်ကလည်း မရှိဘူး။

မော်ကွန်း။ ။ ကျေးရွာမှာ လုံခြုံရေးအခြေအနေဘယ်လိုရှိပါသလဲ။ လုံခြုံရေးအင်အား လုံလုံလောက်လောက် ရှိပါသလား။

ဦးသန်းဌေး။ ။လုံခြုံရေးက အဓိကပါခင်ဗျာ။ ရဲက ၁၀ ယောက်လောက်ပဲရှိတယ်။ ဘေးပတ်ပတ်လည်မှာ ဘင်္ဂါလီရွာတွေချည်းပဲ။ အင်အားလည်းများတယ်။ သူတို့က ရွာကနေပြီး အစုလိုက်အပြုံလိုက် အင်အားပြနေတယ်။ ဒီကျေးရွာရဲ့ ပတ်ဝန်းကျင်က တိုင်းရင်းသားရွာတွေကို ဝင်တိုက်နေတယ်။ ဒီကျေးရွာကို သူတို့အချိန်မရွေးတိုက်လို့ရတယ်။ ဘင်္ဂါလီရွာတွေရဲ့ အလယ်မှာလိုဖြစ်နေတာ။ ကျွန်တော်တို့အပြင် တစ်ရွာလုံးကကြောက်လန့်နေကြတယ်။ တပ်ကလည်း လုံခြုံရေးအမြဲမနေဘူးခင်ဗျာ။ ခဏပဲရောက်လာပြီး ပြန်ထွက်သွားတယ်။ အခုဆိုမရောက်တာကြာပြီ။ တစ်ခါပဲရောက်ခဲ့တယ်။ တပ်ရောက်လာတော့ဗျာ နည်းနည်းပါးပါးအားကိုးတယ်။ အခုက တပ်လည်းမရှိဘူး။

မော်ကွန်း။ ။ ဆရာတို့ မောင်တောမြို့ပေါ်ကိုသွားလို့ မရဘူးလား။ ဘာကြောင့်သွားလို့ မရတာလဲ။

ဦးသန်းဌေး။ ။ မောင်တောကိုဘယ်လိုမှ သွားလို့မရဘူး။ စစ်သားတွေ ကျွန်တော်တို့ပိတ်မိနေတဲ့ ကျေးရွာကိုလာတုန်းကလည်း လမ်းတွေကမိုင်းတွေကိုဖော်လာခဲ့သေးတယ်။ ကျေးရွာသားတွေလည်းကြောက်နေကြပြီ။ ကျေးရွာက နတလရွာ (ယခင်တပ်မတော်အစိုးရလက်ထက်က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး စီမံချက်များဖြင့် တည်ထားခဲ့သောရွာများ) ၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဗမာအားလုံးနေကြတာ။ သူတို့လည်းလုံခြုံတဲ့နေရာကို သွားချင်ကြတယ်။ လမ်းတစ်လျှောက် မိုင်းတွေထောင်ထားတော့ မသွားရဲဘူး။ မိုင်းတွေရှိတယ်ဆိုတာလည်း ပြောသံကြားလု့ိပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ရှေ့မှာကို စစ်သည်သုံးယောက် မိုင်းတွေထိပြီးထမ်းလာကြတယ်။ မျက်နှာတွေမှာရော၊ ခြေထောက်တွေမှာရောထိသွားတယ်။

မော်ကွန်း။ ။ဆရာတို့ မြို့နယ်ကပညာရေးမှူးတွေကိုဖုန်းဆက်သေးလားခင်ဗျာ။ သူတို့ဘက်က ဘာတွေ ပြန် ပြောတာရှိပါသလဲ။

ဦးသန်းဌေး။ ။ မြို့နယ်ပညာရေးမှူးကိုဖုန်းဆက်ရင်လည်း သူတို့ကဖုန်းကိုင်တာလည်းရှိတယ်၊ မကိုင်တာလည်းရှိတယ်။ ကိုင်တဲ့အခါလည်း လူကြီးတွေနဲ့စီစဉ်ထားတယ်လို့ပဲပြောတယ်။ အပြင်ကိုမထွက်ကြနဲ့။ မကြာခင်အဆင်ပြေလာလိမ့်မယ်။ အဲဒီလိုပဲပြောတယ်။ ဘယ်တော့ လာခေါ်မယ်ဆိုတာကို မပြောဘူး။
ဒီနေ့ရာမှာ ကျွန်တော်တို့လည်းအသက်စွန့်ပြီး တာဝန်တွေကို ထမ်းဆောင်နေကြတယ်။ ကျွန်တော်တို့ အခက်အခဲဖြစ်တဲ့အခါလည်း အစိုးရတာဝန်ရှိသူတွေ ကူညီပေးစေချင်တယ်။ လုံခြုံတဲ့နေရာတစ်ခုခုကို ပို့ပေးစေချင်တယ်။ ကျွန်တော့်မှာကလေးတွေလည်း စိုးရိမ်နေကြပြီ။ မိန်းမကလည်း ကိုယ်ဝန်နဲ့ကလေးမွေးတော့မယ်။ အမွှာဖြစ်နေတော့ သူ့ကိုလည်းခွဲမွေးရမှာ။ သူလည်းစိုးရိမ်လွန်ပြီး တစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်။ အဲဒါကြောင့် လုံခြုံတဲ့နေရာကို ပို့ပေးရင် ရပါပြီ။ ဒီမှာကဘယ်လိုမှ မလုံခြုံဘူး။

မော်ကွန်း။ ။ ဘာများဖြည့်စွက်ချင်တာရှိပါသလဲ။
ဦးသန်းဌေး။ ။ ဘေးပတ်ဝန်းကျင်မှာဆို ဘင်္ဂါလီရွာ ၁၀ ကျော်တယ်။ အလယ်မှာ ကျွန်တော်တို့ ပိတ်မိနေတဲ့ရွာပါ။ တချို့ကျေးရွာတွေနဲ့ဆို လယ်ကွင်းတစ်ကွင်းလောက်ပဲ ခြားပါတယ်။ အရမ်းစိုးရိမ်ရပါတယ်။ ရွာထဲကဆိုလည်း အော်သံတွေကြားတယ်။ အမဲဝတ်စုံတွေနဲ့ဝတ်ပြီးအုပ်စုလိုက်၊ အုပ်စုလိုက် သွားလာနေကြတာ၊ လက်နက်တွေ ကိုင်ထားတာကို မြင်နေရတယ်။ လုံခြုံရေးကလည်းမလုံလောက်တော့ တကယ်လို့သာအကြမ်းဖက်လာခဲ့ရင် အကုန်သေကုန်ကြမယ်။ နောက်ထပ် တစ်ပတ်လောက်သာထားရင် ထမင်းငတ်လို့ သေရင်သေ၊ မသေရင် အကြမ်းဖက်ခံရလို့ သေနိုင်တယ်။ အစိုးရတာဝန်ရှိသူတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ဒီမလုံခြုံတဲ့နေရာကနေ လုံခြုံတဲ့နေရာကိုပို့ပေးဖို့ တောင်းဆိုပါတယ်။

(ပိတ်မိနေသည့် ကျောင်းဆရာများကိုဆက်သွယ်ကာ အသေးစိတ်ထပ်မံမေးမြန်းလိုပါက မော်ကွန်းမဂ္ဂဇင်းသို့ ဆက်သွယ်နိုင်ပါသည်။)

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."