ဂေထော
ရန်ကုန်- ၂၀၂၀ မတ် ၁၃ (မော်ကွန်း)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညှိနှိုင်းချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေသည့် စာစစ်ဌာန များတွင် COVID-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကြိုတင်ကာကွယ်ရေးအချက်များအား မတ် ၁၁ ရက်မှ စတင်ကာ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
စာမေးပွဲ မစတင်မီ ကျောင်းသား/ကျောင်းသူများအား ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေမှု ရှိ/မရှိ မေးမြန်းရန်၊ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက Surgical Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု၍ ဖြေဆိုစေရန် (သို့မဟုတ်) သီးခြားနေရာ သတ်မှတ်ပေး၍ စာမေးပွဲ ဖြေဆိုစေရန်၊ စာစစ်ဌာနများတွင် သီးခြားအခန်းတစ်ခန်း စီစဉ်ထားရှိစေ၍ ရောဂါလက္ခဏာ ခံစားနေရသော ကျောင်းသာ/ကျောင်းသူများအား ဖြေဆိုစေရန်နှင့် စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများအားလည်း ရောဂါမကူးစက်နိုင်ရေး အလေးထား ဆောင်ရွက်စေရန်ဖြစ်သည်။
ထိုသို့ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား/ကျောင်းသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်၊ လက်ဆေးရန် ရေနှင့်ဆပ်ပြာများ၊ Hand Gel များ၊ Surgical Mask နှာခေါင်းစည်းများအား အလုံအလောက် ထားရှိပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန်၊ စာမေးပွဲခန်းအတွင်းရှိ စာပွဲများအား အနည်းဆုံး သုံးပေခန့် ဝေးကွာအောင် ထားရှိ ဖြေဆိုစေရန်တို့ ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာအနေဖြင့် COVID-19နှင့် ပတ်သက်ပြီး ယမန်ည ၁၀ နာရီတွင် ထုတ်ပြန်သော စာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးကြောင်း ထုတ်ပြန်ထားသည်။
ပုဇွန်တောင်မြို့နယ်ရှိ စာစစ်ဌာနတစ်ခုမှ စာမေးပွဲခန်းထဲ ဝင်ရန် စော့င်ဆိုင်းနေကြသည့် ကျောင်းသားများနှင့် မိဘများ
#Dailynews

