ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် နှစ်လအတွင်း ၄၅၅ ဦး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရ

ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် နှစ်လအတွင်း ၄၅၅ ဦး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရ

အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ မေ ၁၅ (မော်ကွန်း)

ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် နှစ်လအတွင်း ၄၅၅ ဦး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

“ အစိုးရက ကိုဗစ်ကာလမှာ ဥပဒေတွေ အမိန့်တွေထုတ်ပြန်ပြီးနောက်ပိုင်း တရာစွဲတာတွေ၊ ဖမ်းဆီးအရေးယူတာတွေ ရှိလာတဲ့အတွက် ဒီအမှုတွေကို မှတ်တမ်းလုပ်ပြီးထုတ်ပြန်လိုက်တာပါ” ဟု AAPP မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ မပိုင်ရည်မွှေးက ပြောသည်။

မတ်လမှ ဧပြီလအထိ COVID-19 တားဆီးထိန်းချုပ်ရေးနှင့် ဆက်နွယ်သည့် အမှုဖြစ်စဉ်များကို AAPP က မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးရှိသောကြောင့် ညမထွက်ရအမိန့် ချိုးဖောက်မှုကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းက ပိုများကြောင်းတွေ့ရှိရသည်။

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က COVID -19 ကာလတွင် ညမထွက်ရအမိန့်ချိုးဖောက်မှုက ပိုမိုများပြားနေသည့်အတွက် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခြင်းဟုတ်၊ မဟုတ်ကို တရားသူကြီးများအနေဖြင့် သေချာစွာစစ်ဆေးသင့်သည်ဟု ဆိုသည်။

“ရည်ရွယ်ချက်မရှိဘဲ တခြားအခြေအနေကြောင့် ချိုးဖောက်မိရင်၊ ဥပမာ ပထမအဆင့် ခံဝန်ကတိထိုးခိုင်းရမယ်၊ နောက်မှ ပြစ်ဒဏ်ချမှတ်တာမျိုးဖြစ်သင့်တယ်။ ဥပဒေရဲ့သဘောတရားက မှန်ကန်မှုရှိရမယ်၊ မျှတမှုရှိရမယ်၊ လိုက်နာနိုင်ရမယ်” ဟု ၎င်းကပြောသည်။

AAPP က ပြုစုထားသည့် ယင်းစာရင်းအရ ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် ကရင်ပြည်နယ်၊ မြဝတီတရားရုံးက ၁၃၁ ဦး အထိ တရားစွဲဆိုကာ ငွေဒဏ် ငါးသောင်းကျပ် သို့မဟုတ် ထောင်ဒဏ် တစ်လ နှင့် ကယားပြည်နယ်တွင် လူငါးဦးအား ထောင်ဒဏ်တစ်လချမှတ်ခဲ့သည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ၊ ရဲအက်ဥပဒေ၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် တရားစွဲဆို၊ ထောင်ဒဏ်ချမှတ်ခြင်းများလည်းပါဝင်ပြီး ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းက အများဆုံးဖြစ်နေသည်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."