ရန်ကုန်-၂၀၂၄ နိုဝင်ဘာ (မော်ကွန်း)
ခန္တာကိုယ်တစ်ခြမ်းလေဖြန်းနေတဲ့ အသက် ၅၀ ကျော် မိခင်အတွက် လွန်ခဲ့တဲ့လေးနှစ်ကတည်းကတိုက်ကျွေးလာတဲ့ ဖြည့်စွက်စာနဲ့ အားဆေးတွေကို ခုချိန်မှာ ကိုမိုးဝေဝယ်မတိုက်နိုင်တော့ပါ။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ဒေါ်လာဈေးမြင့်တက်မှု၊ ကုန်စည်တင်သွင်းတဲ့လမ်းကြောင်းတွေ ပြတ်တောက် မှုကြောင့် တစ်နိုင်ငံလုံးမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်တွေရဲ့ဈေးနှုန်းတွေဟာ ခေါင်ခိုက်အောင်မြင့်သွားခဲ့ပြီး သူ့ မိခင်သောက်နေရတဲ့ ဆေးဝါးဈေးတွေဟာလည်း ပြီးခဲ့တဲ့နှစ်ပိုင်းကစလို့ မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက သူ့အမေသောက်ရတဲ့ဆေးဖိုးဝါးခက တစ်လကို ကျပ်ကိုးသောင်းဝန်းကျင်ရှိပြီး ဒါဟာ ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့ ကိုမိုးဝေလခရဲ့ လေပုံတစ်ပုံခန့် သုံးစွဲရတာဖြစ်ပါတယ်။
ဒီနှစ်ထဲမှာတော့ ပုံမှန်သူ့မိခင်သုံးစွဲနေရတဲ့ဆေးဝါးတွေဟာ ဈေးနှုန်းတွေခုန်တက်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆနီးပါး ဈေးပိုလာတာကြောင့် တချို့ဆေးတွေကို ဝယ်မတိုက်နိုင်တော့ဘူးလို့ ကိုမိုးဝေကပြောပါတယ်။
“ဆရာဝန်မဖြစ်မနေညွှန်းတဲ့ဆေးတွေပဲ တိုက်နိုင်တော့တယ်။ တချို့အားဆေးတို့၊ ဖြည့်စွက်စာတို့၊ သိပ်မလိုဘူးဆိုရင် မတိုက်ဖြစ်တော့ဘူး။ ဘယ်လိုမှ မတတ်နိုင်တာ့ဘူး” လို့ သူက ပြောတယ်။
အရင်က နံမည်ရှိတဲ့အမှတ်တံဆိပ် သွေးတိုးကျဆေး တစ်ကတ်ကို ၈၀၀ ကျပ်ဝန်းကျင်ပဲရှိရာက အခု တစ်ကတ်ကို ၄,၀၀၀ နီးပါးရှိနေပြီလို့ ဆိုပါတယ်။ ဒါတောင် သူတို့နေထိုင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ကဆိုင်တွေမှာ ဝယ်မရတာကြောင့် ရန်ကုန်မြို့ထဲက ဆေးဆိုင်တွေမှာ တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်ဝယ်ရတယ်လို့ သူက ပြောပါတယ်။
“ဆေးကို ပတ်ပြီးဝယ်ရတယ်။ ဆရာဝန်ရေးပေးတဲ့ဆေးကိုပဲ လိုက်ဝယ်တာ။ Original တွေ မရဘူး။ ပိုသက်သာတဲ့ဟာတွေ လိုက်ဝယ် ရတယ်။ အရင်တုန်းက သွေးကျဆေး Original တစ်ကတ်ကို ဘယ်လောက်မှ မရှိဘူး။ အခု ၃,၀၀၀ နဲ့ ၄,၀၀၀ (ကျပ်) ဖြစ်နေပြီ။ ဒါက ဈေးအပေါဆုံးဆေးပဲ။ ဒါတောင် Original မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဒီလို ဈေးကွက်ထဲမှာ ဆေးဝါးဈေးနှုန်းတွေမြင့်တက်လာတာ၊ ဆေးပြတ်လပ်တာတွေဟာ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေအတွက် ပိုပြီးခက်ခဲတဲ့ လူမှုဘဝနဲ့ကြုံရတာပါပဲ။
မြန်မာနိုင်ငံမှာ ဆေးဝါးဈေးနှုန်းတွေ ခေါင်ခိုက်အောင်မြင့်တက်လာတာနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ် (World Bank) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့ ပူးပေါင်းပြီး ဒီနှစ်ဆန်းပိုင်းမှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ကိုဗစ် – ၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ကာလကနေ ၂၀၂၃ အထိ သုံးနှစ်ကျော်၊ လေးနှစ်အတွင်း ဆေးဝါးဈေးနှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့တဲ့အကြောင်းကို Availability and Pricing of Essential Medicines in Myanmar ဆိုတဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာ အများပြည်သူ မရှိမဖြစ်အသုံးပြုတဲ့ ဆေးဝါးတွေရဲ့ဈေးနှုန်းတွေဟာ ပြည်သူတွေမတတ်နိုင်တဲ့အထိ ဈေးတွေ မြင့်တက်လာတယ်လို့ ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလတုန်းက နယ်စပ်လမ်းကြောင်းတွေ ကန့်သတ်လိုက်တာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်သွားတာ စတဲ့ ကပ်ရောဂါထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေကြောင့် ဈေးကွက်အတွင်း ဆေးဝါးဝယ်လိုအားမြင့်တက်ခဲ့ပြီး ဈေးနှုန်းတွေ ခေါင်ခိုက်အောင်မြင့်တက်ခဲ့ပါတယ်။
အထူးသဖြင့် ဗီတာမင်နဲ့အဖျားရောဂါပျောက်ဆေးတွေ၊ ပဋိဇီဝဆေးဝါးတွေရဲ့ဈေးနှုန်းတွေဟာ ကိုဗစ် – ၁၉ ကပ်ရောဂါကာလမှာ ဆေးအမျိုးအစားအလိုက် ၄၀ ရာခိုင်နှုန်းထိ စတင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေဟာ ကိုဗစ်ကာလတုန်းကထက် ပိုပြီး ယိုယွင်းလာခဲ့ကာ မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသွားတာက ဆေးဝါးဈေးနှုန်းတွေကိုပိုပြီး ဆိုးဆိုးဝါးဝါးမြင့်တက်စေခဲ့ တယ်လို့ ဖော်ပြပါတယ်။
အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁,၃၀၀ ကျပ်ဝန်းကျင်ပဲ ရှိရာကနေ သုံးနှစ်ကျော်အတွင်း လေးဆလောက် မြင့်တက်ခဲ့သလို အာဏာမသိမ်းခင်က တစ်ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်ပဲရှိတဲ့ရွှေဈေးဟာလည်း တစ်ကျပ်သားကို သိန်း ၆၀ ကျော်မှာ ရှိနေပြီး မြန်မာငွေတန်ဖိုးဟာ ထိုးဆင်းသွားတာပါ။
ဒီကာလအတွင်း ရောဂါကုသဆေးတွေနဲ့ ဆေးဝါးအမျိုးအစားအားလုံးရဲ့ ဈေးနှုန်းတွေဟာ ၃၀ ရာခိုင်နှုန်းကနေ ၂၀၀ ရာခိုင်နှုန်းထိ မတန်တဆမြင့်တက်သွားတယ်လို့ ဒီအစီရင်ခံစာကဆိုပါတယ်။
အထူးသဖြင့် နာတာရှည်ရောဂါသည်တွေနဲ့ သက်ကြီးရွယ်အိုအများစု မဖြစ်မနေသောက်နေရတဲ့ သွေးတိုးနဲ့ဆီးချို ကျဆေးတွေဟာ ပိုပြီးဈေးကြီးလာခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆေးတွေရဲ့ ဈေးနှုန်းက ၂၀၂၃ အရောက်မှာ ကိုဗစ်ကာလကတုန်းကဈေးထက် နှစ်ဆမြင့်တက်ခဲ့တာလို့ ဖော်ပြတယ်။
ဆီးချိုကျဆေး(Metformin) အမျိုးအစားဟာ ၂၀၂၀ ဝန်းကျင်က တစ်ကတ်ကို ၈၀၀ ကျပ်ခန့်ကနေ ၂၀၂၃ မှာ တစ်ကတ်ကို ၁,၂၀၀ ကျပ်ဝန်းကျင်ကို ရောက်ရှိခဲ့ပြီး သွေးတိုးကျဆေး (Amlodipine) ဟာ အရင်က တစ်ကတ် ၄၀၀ ကျပ်ခန့်ရှိရာက ၁,၃၀၀ ဝန်းကျင်ကို တက်ခဲ့တယ်လို့ အစီရင်ခံစာ က ဖော်ပြပါတယ်။
ဒီအချက်အလက်တွေဟာ ၂၀၂၃ နှစ်ကုန်အထိပဲ ပြုစုထားတဲ့ ဈေးနှုန်းဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ ဒီထက်ကို နှစ်ဆနီးပါး ဈေးတက်သွားခဲ့ပြီလို့ ဆေးဝါးရောင်းချနေသူတချို့က ပြောပါတယ်။
မနှစ်တုန်းက တစ်ကတ်ကို ၁,၂၀၀ ဝန်းကျင်ရှိတဲ့ ဆီးချိုကျဆေးဟာ အခုတစ်ကတ်ကို ၂,၅၀၀ ကနေ ၃,၀၀၀ ကျပ်ထိ အမျိုးအစားအလိုက် ဈေးမြင့်တက်နေတယ်လို့ ဆေးဝါးရောင်းချသူတချို့က ပြောပါတယ်။
အလားတူပဲ Amlodipine ဆေးဟာဆိုရင်လည်း လက်ရှိမှာ တစ်ကတ်ကို ၃,၀၀၀ ကနေ ၄,၀၀၀ ကျပ်ကြားထိ အမျိုးအစားအလိုက် မြင့်တက်နေတယ်လို့ သူတို့ကဆိုပါတယ်။
ပြည်တွင်းမှာ ဒေါ်လာဈေးအတက်အကျ လှုပ်ခတ်သွားတိုင်းမှာ ဆေးဝါးတွေတင်သွင်းရာမှာ အခက်အခဲဖြစ်တတ်ပြီး ဈေးနှုန်း တွေကလည်း အမြဲတမ်းအပြောင်းအလဲဖြစ်နေတယ်လို့ ဆေးဝါးဈေးကွက်ကျွမ်းသူတချို့က ပြောပါတယ်။
အထူးသဖြင့် ဆေးခန်းတွေကမှာယူတဲ့ ဆေးဝါးတွေရဲ့ပမာဏကို ဈေးကွက်ကမဖြန့်ဖြူးပေးနိုင်တော့ဘဲ အကန့်အသတ်နဲ့ပဲ ဖြန့်ဝေပေးနေရတယ်လို့ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မသင်ဇာက ပြောပါတယ်။
“ဒေါ်လာဈေး ကြီးကြီးမားမားမပြောင်းရင်တော့ ပုံမှန် Rate (နှုန်းထား) ပဲ။ ဒေါ်လာဈေးတက်တာကြမ်းသွားတဲ့ အပတ်ဆိုရင် ဈေးနှုန်းတွေ အကုန် Update (ပြန်စိစစ်) ပြန်လုပ်ရတယ်။ တခါတလေ ဆိပ်ကမ်းမှာဆေးရောက်နေပြီး ထုတ်လို့ မရတာတွေရှိတော့ ဈေးကအမြဲတက်နေတာ” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့က ဆေးဆိုင်တစ်ဆိုင် (ဓါတ်ပုံ – မော်ကွန်း)
ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေကလည်း လူနာတွေအတွက် ဆေးဝါး အလုံအလောက်မရတာ၊ ဈေးနှုန်း မြင့်တက်နေတာကြောင့် လူနာတွေကိုဆေးပေးရာမှာ အခက်အခဲတွေဖြစ်လာတယ်လို့ မော်ကွန်းက မေးမြန်းခွင့်ရခဲ့တဲ့ ဆရာဝန်တချို့က ပြောပါတယ်။
ဆေးဝါးဈေးနှုန်းတွေမြင့်တက်မှုကြောင့် လူနာတွေဟာ ဆရာဝန်ရေးပေးတဲ့ ဆေးဝါးတွေကို အကုန်ဝယ်မသောက်နိုင်တော့ဘူးလို့ ဗိုလ်တထောင်မြို့နယ်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာဆွေဦးက ပြောပါတယ်။
သူ့ဆေးခန်းမှာလာပြတဲ့ လူနာတချို့ဆိုရင် အရေးကြီးတဲ့ဆေးပဲရေးပေးဖို့နဲ့ မလိုအပ်တဲ့ဆေးဝါးတွေ မသောက်နိုင်ဘူးလို့ ကြိုတင်မေတ္တာရပ်ခံတဲ့လူနာတွေလည်း ရှိလာပါတယ်။
အထူးသဖြင့် အားဆေးအုပ်စုတွေဆိုရင် လူနာတွေကသိပ်မသောက်နိုင်တော့ဘဲ မဖြစ်မနေသောက်ရမယ့် ရောဂါကုသ ဆေးတွေကိုပဲ သောက်တော့တယ်လို့ ဒေါက်တာဆွေဦးက ပြောပါတယ်။
“ ကျွန်တော်တို့လည်း အခုနောက်ပိုင်း ဆေးပေးတာတော်တော်ဂရုစိုက်တယ်။ မလိုအပ်တဲ့ဆေး မပေးတော့ဘူး။ ဘာလို့လဲဆိုတော့ ဆေးဖိုးဟာ လူနာရဲ့အိမ်သုံးစရိတ်နဲ့ နေ့စဉ်ထွက်ငွေထဲမှာပါနေတာပေါ့။ ဆေးဝါးကလည်း ရပ်လို့မရဘူး။ အိမ်သုံးစရိတ်ကလည်း ရပ်လို့မရဘူး” လို့ ဒေါက်တာဆွေဦးက ပြောတယ်။
လူနာတချို့ဟာ လက်ရှိသောက်နေတဲ့ဆေးကို မတတ်နိုင်တာကြောင့် အာနိသင်တူပြီး ဈေးသက်သာတဲ့ ဆေးတွေကို ပြောင်းသောက်ရတာတွေလည်း ရှိလာပါတယ်။
မြင့်တက်နေတဲ့ဈေးဝါးဈေးနှုန်းတွေကြောင့် နာတာရှည်လူနာတွေဟာလည်း ဆေးပတ်လည်အောင် ပုံမှန်မသောက်နိုင် တော့တဲ့အခြေအနေတွေ မြေပြင်မှာကြုံနေကြရတာ ဖြစ်ပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်ဟာ ဆီးချိုနဲ့ သွေးတိုးရောဂါဖြစ်နေတာ ခုနစ်နှစ် လောက်ရှိပါပြီ။
ဆီးချိုကျဆေး၊ သွေးတိုးကျဆေး၊ သွေးတွင်းအဆီကျဆေး၊ ဆီးဈေးနဲ့ နှလုံးဆေးတွေအပြင် ဆီးချိုရဲ့နောက်ဆက်တွဲ ဖြစ်လာတဲ့ အကိုက်အခဲရောဂါတွေအတွက် သူဟာ ဆေးတွေသောက်နေရတာပါ။
လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ဒေါ်မြင့်သောက်နေကျ နာမည်ကြီး ဆီးချိုဆေး၊ သွေးတိုးကျဆေးအမျိုးအစား တစ်ကတ်မှ ၄၀၀၊ ၅၀၀ ကျပ်လောက်ပဲ ရှိခဲ့တာပါ။
အခုတော့ ဒီဆေးတွေဟာ တစ်ကတ်ကို ၂,၅၀၀၊ ၃,၀၀၀ ကျပ် ဝန်းကျင် ဈေးတက်သွားပြီဖြစ်ပါတယ်။
သားသမီးတွေနဲ့ တူ၊ တူမတချို့က ထောက်ပံ့နေတယ်ဆိုပေမယ့် အရင်လို ဆေးပတ်လည်အောင် ဆေးဝါးတွေဝယ်ဖို့ ဒေါ်မြင့် မတတ်နိုင်တော့ပါဘူး။ ဆေးပုံမှန်မသောက်နိုင်တော့တာကြောင့် ကျန်းမာရေးကလည်း တိုးတက်လာတာ မရှိဘူးလို့ ဒေါ်မြင့်က ညည်းတယ်။
“ သွေးတိုးလာမှပဲ သွေးကျဆေးလေး ပြေးဝယ်သောက်လိုက်တော့တယ်။ မတတ်နိုင်တော့ဘူးလေ။ သားသမီးတွေ ထောက်ပံ့ တယ်ဆိုပေမယ့် အခုဈေးနဲ့ကမလောက်ပါဘူး” လို့ ဒေါ်မြင့်ကပြောပါတယ်။
ဒီလို ပြည်တွင်းမှာ ဆေးဝါးဈေးနှုန်းမြင့်တက်နေတာကို ဖြေရှင်းဖို့ဆိုပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ဦးဆောင်ကာ ဆေးကုမ္ပဏီတွေကနေ သုံးစွဲသူတွေကို တိုက်ရိုက် ရောင်းချပေးတဲ့ဈေးရောင်းပွဲတွေကို ဒီနှစ်ဇူလိုင်လပိုင်းက ပြုလုပ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ရန်ကုန်မြို့လယ်မှာလုပ်တဲ့ ဒီဈေးရောင်းပွဲတွေကို အများပြည်သူတွေလက်လှမ်းမမီဘဲ ဆေးဆိုင်တွေနဲ့ ဆေးကုမ္ပဏီ တွေအကြား အပြန်အလှန်ရောင်းဝယ်ကြတဲ့ ဟန်ပြဈေးရောင်းပွဲတော်သာဖြစ်တယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေက အဲဒီတုန်း ကဝေဖန်ခဲ့ကြပါတယ်။
ဆေးဝါးဈေးနှုန်းတွေ အခုလို ဆိုးဆိုးဝါးဝါးမြင့်တက်လာတာဟာ အခြေခံလူတန်းစားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့နာတာရှည် လူနာတွေအတွက် အန္တရာယ်ရှိတယ်လို့ ဆရာဝန်တချို့က ထောက်ပြပါတယ်။
မြင့်တက်လာတဲ့ဈေးကြောင့် အခြေခံလူတန်းစားလူနာတချို့ဟာ ရပ်ကွက်ထဲကဆေးဆိုင်တွေက ရောစပ်ရောင်းတဲ့ စပ်ဆေးတွေကို အရင်ကထက်ပိုပြီး သောက်သုံးလာတယ်လို့ ဆရာဝန်တချို့ကပြောပါတယ်။
ဒေါက်တာဆွေဦးရဲ့ ဆေးခန်းမှာဆိုရင် စပ်ဆေးသောက်ပြီး မသက်သာလို့ ဆေးခန်းလာပြတဲ့လူနာတွေ များလာတယ်လို့ ဆိုပါတယ်။
တချို့လူနာတွေဆိုရင် ရောဂါကုသဖို့ နောက်ကျနေတဲ့အခြေအနေရောက်မှ ဆေးခန်းကိုရောက်လာတယ်လို့ သူက ပြောပါတယ်။
“စပ်ဆေးရဲ့ဆိုးကျိုးက တော်တော်လေးရိုက်ခတ်လာတယ်။ (ဆေး)ဈေးတက်လေ စပ်ဆေးကပိုရောင်းရလေ။ လူနာတွေက ပိုဒုက္ခရောက်လေပဲ။ ဈေးကွက်က အဲဒီလိုပဲဖြစ်နေတာပေါ့ဗျာ”လို့ ဒေါက်တာဆွေဦးက ပြောတယ်။
ကိုယ်လက်နာကျင်ကိုက်ခဲတာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာနဲ့ သာမန်ဖျားနာ၊ တုပ်ကွေးလို ဝေဒနာခံစားရသူတွေ ဝယ်သောက် ကြလေ့ရှိတဲ့ စပ်ဆေးဆိုတာကတော့ ရပ်ကွက်တွေထဲက ဆေးဆိုင်တွေကရောစပ်ပေးတဲ့ ဈေးသက်သာတဲ့ ဆေးပေါင်းစုံ သောက်ဆေးတွေဖြစ်ပြီး အဲဒီအထဲမှာ အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးအပြင်းစားတွေ ပါဝင်ပါတယ်။
ပိုးသတ်ဆေး အမျိုးအစားတွေဆိုတာ လူနာကို ပေးချင်တိုင်း လွယ်လွယ်ကူကူပေးလို့ရတာမဟုတ်ဘဲ ရောဂါပြင်းထန်တဲ့ လူနာရဲ့ အခြေအနေအပေါ်မူတည်ပြီး သင့်တင့်တဲ့ပမာဏကို တတ်ကျွမ်းတဲ့ဆရာဝန်ကပေးရတဲ့ ဆေးဝါးတွေလို့ ဆရာဝန်တွေကပြောပါတယ်။
တောင်ဒဂုံစက်မှုဇုန်မှာ လုံခြုံရေးဝန်ထမ်းလုပ်နေတဲ့ အသက် ၆၀ အရွယ် ဦးဖိုးဖြူတစ်ယောက် ကိုယ်လက်တွေ ကိုက်ခဲပြီး ခေါင်းတွေ မူးနောက်လာခဲ့တဲ့နောက် သူတို့ရပ်ကွက်က စပ်ဆေးရောင်းတဲ့ဆေးဆိုင်တစ်ဆိုင်ကိုဝင်ကာ တစ်နေ့စာ ဆေးသုံးခွက်ကို ဝယ်သောက်လိုက်ပါတယ်။
သူရောဂါကို ဆေးခန်းသွားပြမယ်ဆိုရင် အနိမ့်ဆုံး ကျပ်သောင်းဂဏန်းကုန်မှာမို့ လခနည်းလုံခြုံရေးဝန်ထမ်းဖြစ်တဲ့ သူဟာ ဆေးတစ်ခွက်စာကို ကျပ် ၅၀၀ နဲ့ ၁,၀၀၀ ကြားသာပေးရတဲ့စပ်ဆေးကိုသာ ရွေးချယ်မိတာလို့ဆိုပါတယ်။
ဒါပေမဲ့ စပ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်ပေးနိုင်ပုံကို သူတို့လိုအခြေခံလူတန်းစားတွေမသိပါဘူးလို့ သူကဆိုတယ်။
“ အရင်ကလည်း ဒီလိုပါပဲ၊ တစ်ခုခုဖြစ်ရင် ဆေးဆိုင်မှာ ဆေးစပ်ခိုင်းလိုက်တာပဲလေ။ ဘာဆေးတွေပါလဲတော့ မသိပါဘူး” လို့ သူက ဆိုတယ်။
ကြီးမြင့်တဲ့ကုန်ဈေးနှုန်း၊ မြင့်တက်နေတဲ့ဆေးဝါးဈေးနှုန်းတွေက အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝကို အပြင်းအထန်နှိပ်စက် နေတာပါ။
ဦးဖိုးဖြူကတော့ ဖျားနာကိစ္စဖြစ်လာတဲ့အခါ စနစ်တကျဆေးကုသမှုခံယူဖို့ထက် ဝေဒနာသက်သာဖို့ ဒီလိုရပ်ကွက်ဆေးဆိုင် တွေက စပ်ဆေးသည်သာ သူတို့အားကိုးရာပါလို့ အနည်းငယ်မောဟိုက်တဲ့အသံနဲ့ အခုလို ပြောပြပါတယ်။
“ ဆေးခန်းတစ်ခါပြရင်လည်း သုံးလေးသောင်းမရှိရင်မရဘူး။ မတတ်နိုင်ဘူးလေဗျာ”

