ဆော – ၂၀၂၂ ဖေဖော်ဝါရီ ၄ (မော်ကွန်း)
မကွေးတိုင်း၊ဆောမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီလက်အောက် အလုပ်လုပ်နေဆဲ ဌာနဆိုင်ရာတချို့မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၃:၀၀ နာရီလောက်က ဆောမြို့ပေါ်မှာရှိတဲ့ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်ရုံး၊ စိုက်ပျိုးရေးရုံးအပါအဝင် ရုံးတချို့နဲ့ ပြည်ခိုင်ဖြိုးပါတီရုံး၊ပြည်ခိုင်ဖြိုးပါတီပိုင် G99 Restaurant ကိုပါ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖောက်ခွဲမီးရှို့လိုက်ကြောင်း ဒေသခံက ပြောပါတယ်။
မနေ့ည ၁၂:၀၀ နာရီနောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး အဆိုပါပစ်ခတ်မှုတွေပြီးတဲ့နောက် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့မနက် ၁၀:၀၀နာရီလောက်ထိ မီးလောင်နေဆဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်ကနေ သေနတ်ပစ်ခတ်ခြောက်လှန့်နေကြောင်း ဒေသခံတွေကဆိုပါတယ်။
ယခင်ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ၊ သတင်းပေးတွေ၊ အယောင်ဆောင် CDM တွေ၊ ပျူစောထီးတွေနဲ့ သစ်ခိုးထုတ်သူတွေကို ၄င်းတို့ လုပ်ရပ်တွေ ရပ်ကြဖို့ ယောဒေသအခြေစိုက် PDF-SAW က သတိပေးထားပါတယ်။
ပုံစာ – မီးလောင်ခဲ့သောစစ်ကောင်စီလက်အောက်ခံရုံးများ။
ဓာတ်ပုံ- CJ/GYV
#Dailynews

