စည်သူ၊ အောင်ပိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၄(မော်ကွန်း)
အစိုးရရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (SMMT) က လှုမှုကွန်ရက် စံနှုန်းနဲ့ မကိုက်ညီတဲ့ ပို့စ်တွေနဲ့ သတင်းတု သတင်းမှား ဖြန့်ဝေနေတဲ့ အကောင့်၊ စာမျက်နှာ စုစုပေါင်း ၃, ၀၀၀ ကျော်နဲ့ ဝက်ဘ်ဆိုက်ပေါင်း ၂၃၀ ကို ဖြုတ်ချနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ယနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သတင်းတု သတင်းအမှားတွေ အပါအဝင် လူမှုကွန်ရက် အသုံးပြုပြီး မူးယစ်ဆေးဝါးဖောက်ကားတာ၊ လိင်စေ့ဆော်ပေးတာ၊ တစ်ဦးတစ်ယောက် တစ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာ၊ ဘာသာရေးပြသာနာတွေ ဖန်းတီးပြုလုပ်တဲ့ ပို့စ်များ ပါဝင်တယ်လို့ သူက ဆိုပါတယ်။
“ဖြုတ်ချတဲ့ အခါမှာ လည်း ဒီတိုင်း ဖြုတ်ချလို့ မရဘူး Facebook Team ရှိတယ် သူတို့ကို ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ဆောက်ရွက်တာ ရှိပါတယ် Facebook က သတင်းတွေကို ဆိုရှယ်မီဒီယာစောင့်ကြည့်ရေး အသင်းက ဖြုတ်ချတာတွေ ပိတ်ပင်တာတွေ လုပ်တယ်” လို့ ၎င်းက ပြောပါတယ်။
သမ္မတရဲ့ အထူးရန်ပုံငွေ ကျပ်သန်းပေါင်း ၆, ၀၀၀ ကျော်နဲ့ ထူထောင်ထားတဲ့ ဆိုရှယ်မီဒီယာစောင့် ကြည်ရေး အသင်း (SMMT) ကို ၂၀၁၈ က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ထိုအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်ပုံဆောင်ရွက်နေတယ်ဆိုတာကို ယခုအချိန်ထိ အသေးစိတ် မသိရှိရသေးပေ။
ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက “ဒီအဖွဲ့က ဘာတွေလုပ်နေတယ်ဆိုတာ ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိသင့်ပါတယ်။ အကောင့်တွေ ပိတ်တယ်ဆိုပေမယ့်လည်း သတင်းအမှားတွေနဲ့ အမုန်းစကားတွေက ခုချိန်ထိရှိနေသေးတာ တွေ့ရသေးတယ်။” လို့ မော်ကွန်းကို ပြောပါတယ်။
ဆိုရှယ်မီဒီယာစောင့် ကြည်ရေး အသင်း (SMMT) အနေနဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ချမှတ်ထားတဲ့ မူဝါဒတွေ ဖြစ်တဲ့ နိုင်ငံသားတွေ အကျင့်စရိတ္တပျက်ပြားတဲ့ကိစ္စ ရပ်ရွာ တည်ငြိမ်အေးချမ်းစေမှု ပျက်ပြားစေတဲ့ ကိစ္စ၊လိင်အသာပေးတဲ့ ကိစ္စ၊လူမျိုး ဘာသာရေးကို နိုးကြားစေတဲ့ကိစ္စတွေကို စောင့်ကြည်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
Photo:Sithu
#Dailynews