ပခုက္ကူ – ၂၀၂၃ ဇန်နဝါရီ ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုံနဲ့ မြို့သစ်ကြား ကာနီပယ် KTV အနားမှာ ဆိုင်ကယ်စီးလာသူအမျိုးသားနှစ်ဦးကို မနေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“သူတို့ကတော့ PDF သတင်းရလို့ကြိုစောင့်နေတာလို့ပြောတယ်၊ အဲ့ဒီအခြေအနေမှာတိုက်ဆိုင်ပြီး ဆိုင်ကယ်နှစ်ယောက်စီးတဲ့ လူငယ်နှစ်ယောက်ကို PDF ဆိုပြီးလိုက်ပစ်ကြတာ၊ သေနတ်ဒဏ်ရာ ၁၂ ချက်လောက်ရပြီးနေရာတင်သေသွားတယ်”လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပါတယ်။
ပစ်သတ်ခံရသူတွေရဲ့အလောင်းကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေလာသယ်သွားပြီး သတင်းမဖြန့်ဖို့ မိသားစုဝင်တွေကိုသတိပေးထားတာကြောင့် ကိုယ်ရေးအချက်လက်တွေကို မသိရှိရသေးဘူးလို့ ဒေသခံကပြောပါတယ်။
ရေစကြိုနယ်က ထန်းပင်မြစ်တူးတဲ့အမျိုးသားတစ်ဦးကိုဗုံးထောင်တယ်လို့ဆိုကာ အကြမ်းဖက်စစ်တပ်ကပစ်သတ်ထားတဲ့ အလောင်းလည်း ပခုက္ကူ
ပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံမှာရောက်ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၂,၇၀၀ ကျော်ရှိလာပါပြီ။
ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဆိုင်ကယ်တစ်စီးမှာ လူနှစ်ယောက်မစီးဖို့နဲ့ နံနက် ၈:၀၀ ကနေ ညနေ ၆:၀၀ နာရီထိသာ တစ်ဦးတည်း စီးနင်းဖို့ ကန့်သတ်ချုပ်ချယ်ထားပါတယ်။
#Dailynews

