“ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကို ထိန်းချုပ်တာဖြစ်သလို သုံးစွဲသူတွေရဲ့ပုဂ္ဂလိကလုံခြုံရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုဖြစ်အောင်လုပ်ဆောင်မယ့် ဥပဒေမျိုးဖြစ်ပါတယ်။”
Photo – Kaung Htet San
ဖေဖော်ဝါရီ၊ ၂၀၂၁ (မော်ကွန်း)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ရယူမည့် ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများထံမှ သဘောထားမှတ်ချက်တောင်းခံလာသည်။
ထိုဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းကတည်းက ဆက်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲနေခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် အတည်ပြုရန်ကြိုးစားလာခြင်းဖြစ်သည်။ စာထဲတွင် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ သဘောထားမှတ်ချက် မပျက်မကွက်ပေးရန် ညွှန်ကြားထားသည်။
လက်ရှိအခြေအနေတွင် ဥပဒေပြဌာန်းရန်ကြိုးစားခြင်းသည် တရားဝင်မှုပြဿနာနှင့် အင်တာနက်သုံးစွဲသူများအပေါ် အကျိုးသက်ရောက်မည့်ပုံကို နည်းပညာ၊ ဥပဒေ၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စသည့် ရှုထောင့်လေးခုဖြင့် စုစည်းဖော်ပြလိုက်သည်။
ဦးဝေမျိုးထွဋ်
အကြီးတန်းအစီအစဉ်ညှိနှိုင်းရေးမှူး (Digital Rights Program)
Myanmar ICT for Development Organization
ဒီဥပဒေက နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီအနေနဲ့ ပထမဆုံး စတင်ပြဋ္ဌာန်းဖိုကြိုးစားနေတဲ့ ဥပဒေလို့ဆိုရမယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၃၀ မှာပြန်ကြည့်ရင် End User တွေရဲ့ IP address, Ph No., ID Card, နေရပ်လိပ်စာ နဲ့ အသုံးပြုမှုမှတ်တမ်းတွေကို သုံးနှစ်အထိ သိမ်းထားခိုင်းတာကိုတွေ့ရမယ်။ အဲဒီ့အပြင်ကို ပုဒ်မ ၃၀ ရဲ့ (ဂ) မှာဆိုရင် ဦးစီးဌာနက အခြားညွှန်ကြားထားသော အချက်အလက်များကိုပါ သိမ်းဆည်းထားဖို ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်တဲ့အတွက် သုံးစွဲသူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေးအပေါ် အတော်လေးသက်ရောက်မှုရှိတာကို တွေ့နိုင်တယ်။
နောက် ပုဒ်မ ၃၁ မှာ ပြန်ကြည့်ရင်လည်း ‘ပုဒ်မ ၃၀ အရ သိမ်းဆည်းထားတဲ့အချက်အလက်တွေကို တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ တာဝန်ပေးအပ်ခံရသော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲအစည်းတစ်ခုခုကတောင်းခံလျင် ပေးရမည်။’ လိ့ု ဖော်ပြထားတဲ့အတွက် တရားရုံးကနေ တောင်းခံတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းတွေကနေ အချက်အလက်တွေကို တောင်းခံနိုင်နေတဲ့အခြေအနေမျိုး သက်ရောက်နေတာကို တွေ့ရမယ်။ ဒါဟာ သုံးစွဲသူတွေအတွက် အတော်လေး စိုးရိမ် စရာ ကောင်းတဲ့ အချက်လိုဆိုနိုင်ပါတယ်။
နောက် ပုဒ်မ ၅ (က) မှာပြန်ကြည့်ရင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ ပေါ့၊ အဲဒီမှာဆိုရင် နည်းပညာဆိုင်ရာ ပညာရှင်တွေ လုံးဝ ပါဝင်ခွင့်မရတာကိုတွေ့ရတယ်။ နောက် ပုဒ်မ ၂၈ (က) မှာ ပြန်ကြည့်ရင် ‘ဝန်ဆောင်မှု အသုံးပြုသူ၏ အချက်အလက်မျာကို သိမ်းဆည်းထားသော စက်ပစ္စည်းကို ဝန်ကြီးဋ္ဌာနက သတ်မှတ်သည့်နေရာတွင်သာထားရှိရမည်’ လို့ ထည့်သွင်းပြဋ္ဌာန်းထားတာတွေ့ရတယ်။ ဒီအချက်ဟာ လက်ရှိ အသုံးပြုနေတဲ့ Cloud System တွေကို အသုံးပြုမှုနဲ့ပါတ်သက်ပြီးတော့ကို ပြဿနာအများကြီးရှိလာနိုင်တာကြောင့် ကောင်းကျိုးထက်ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်ပြီး End User အတွက်သာမက နည်းပညာနယ်ပယ်တစ်ခုလုံးအတွက်တောင် စိတ်ပူပန်စရာအခြေအနေလို့ သုံးသပ်ပါတယ်။ အခု Social Media ကို ပိတ်ပစ်တာမျိုးပေါ့၊ Social Media ကို အွန်လိုင်းဝန်ဆောင်မှုထဲမှာ ထည့်သွင်းစဉ်းစားမလားပေါ့လေ။ ဒီလိုစဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီဝန်ဆောင်မှုကို ပေးနိုင်ဖိံက ဒီဥပဒေအရ မှတ်ပုံတင်ရမလား ။
ပြီးရင် အချက်အလက်တွေကိုရော ဝန်ကြီးဌာနက သတ်မှတ်တဲ့နေရာမှာ သိမ်းရမလားဆိုတာမျိုးက မရှင်းမလင်း ဖြစ်နေတယ်။ အဲဒီလိုသတ်မှတ်ခဲ့မယ်ဆိုရင် ပုဒ်မ ၅၁ အရ ဒါတွေကို ပိတ်ပင်တာမျိုးတွေ ဖြစ်လာစရာရှိတာပေါ့။ အဲဒီလိုဖြစ်လာမယ်ဆိုရင် ပုဒ်မ ၅၉ အရ Social Media သုံးစွဲသူတွေဟာ Post တွေတင်တဲ့အခါမှာ ဥပဒေနဲ့ မညီသော ပေးပ့ိုခြင်း ဆိုတာမျိုးမှာ အကျုံးဝင်လာစရာရှိတာပေါ့လေ။
နောက် ပုဒ်မ ၇၀ မှာပါတဲ့ ဆိုက်ဘာအရင်းအမြစ်ကိုထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းခြင်း ဆိုတာတွေနဲ့ ငြိစွန်းလာစရာရှိတယ်လို မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုက်ဘာအရင်းအမြစ်ရဲ့ ဖွင့်ဆိုချက်မှာ ဆက်သွယ်ရေး ပစ္စည်းနှင့် အချက်အလက်လို့ ထည့်သွင်းဖွင့်ဆိုထားတာကို တွေ့ရမှာဖြစ်ပါတယ်။
ဦးခင်မောင်မြင့်
ဥပဒေအကြံပေး
ဒီလိုမျိုးကျယ်ပြန့်တဲ့ဥပဒေကို နိုင်ငံသားတွေကမဲပေးရွေးချယ်တဲ့ လွှတ်တော်တစ်ရပ်ကသာလျှင် ပြဌာန်းဖို့သင့်တယ်။ ဘယ်မှာကို ကအငြင်းပွားစရာ ဖြစ်နေလဲဆိုတော့ ယာယီသမ္မတက အာဏာလွှဲအပ်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိဆိုတာကို ဖွဲ့စည်းပုံဆိုင်ရာ့အခြေခံဥပဒေခုံရုံးကနေပြီးတော့ ဆုံးဖြတ်ပေးရဦးမှာ။ ဒီခုံရုံးကိုလည်း ဒီအချိန်အထိ တင်ပြထားတာမရှိသေးဘူး။
မရှိသေးတော့ လက်ရှိအစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ်ရဲ့ နိုင်ငံရဲ့ အကြီးအကဲ သမ္မတက ပယ်ပျက်သွားသေးတာမဟုတ်ဘူး။ သမ္မတနေရာမှာပဲ ဥပဒေအရ ရှိနေသေးတယ်။ ဦးမြင့်ဆွေဆိုတာလည်း ယာယီသမ္မတအနေနဲ့ပဲ လက်ခံထားရတာ။ သူကိုလည်းပဲ သမ္မတက ယာယီသမ္မတအဖြစ် ခန့်အပ်ပေးထားတာလည်း မဟုတ်ဘူး။ ပြည်ထောင်စု လွှတ်တော်ကနေမှ တာဝန်ပေးထားတာလည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ကျမှပဲ ဥပဒေပြုအာဏာတွေကို ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။
ခုံရုံးကိုလည်း တင်ပြခြင်းမရှိဘူး၊ ခုံရုံးကလည်း ဆုံးဖြတ်ခြင်းမရှိဘဲနဲ့ ဥပဒေပြုအာဏာကိုကျင့်သုံးပြီးတော့ အရေးကြီးတဲ့ ဥပဒေကို ပြဌာန်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ အလွန်ဆုံးလုပ်နိုင်တာက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကိုပဲ ထုတ်ပြန်လို့ရမယ် ဥပဒေပြဌာန်းလို့မရဘူး။
ဦးနေဘုန်းလတ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
အာဏာသိမ်းစစ်အုပ်စုမှာ ဥပဒေပြုခွင့် အာဏာမရှိဘူးဗျ။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှာသာ ဥပဒေပြုခွင့်အာဏာရှိတယ်။ နိုင်ငံတော်အာဏာကို တရားမဝင်လုယူထားတဲ့ စစ်အုပ်စုရဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို ပြည်သူတွေက အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဒီဥပဒေကို လွှတ်တော်ကို မဖြတ်ဘဲနဲ့ လုယူထားတဲ့အာဏာကို အသုံးပြုပြီးတော့ သူတို့ကတော့ အတည်ပြုသွားမှာပဲ။
ဒီဥပဒေသာ အတည်ပြုသွားရင် နိုင်ငံသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေရော၊ အင်တာ နက်လွတ်လပ်ခွင့်တွေရော ဘာတစ်ခုမှရတော့မှာ မဟုတ်ဘူး။ ဥပဒေအရလည်း အွန်လိုင်းပေါ်မှာ ဘာမှလုပ် လို့မရတဲ့ အနေအထားတွေပေါ့နော်။ ခုလာလောဆယ် အာဏာရှင်ကိုဆန့်ကျင်နေတဲ့ အွန်လိုင်းပေါ်ကပို့စ်တွေ အကုန်လုံး၊ တင်တဲ့လူတွေ အကုန်လုံးက ဒီဥပဒေအရဆိုရင် အန္တရာယ်ရှိတဲ့ အနေအထားဖြစ်သွားမယ်။
စစ်အာဏာရှင်ကိုသာ ဒီအတိုင်းဆက်ပြီးတော့ လုပ်ပိုင်ခွင့်ပေးထားရင်တော့ ဒီလိုပဲ မတရားတဲ့ ဥပဒေတွေကို မတရားတဲ့နည်းနဲ့ ဒီလိုပဲပြုပြီးတော့ တိုင်းပြည်ကို ပြည်သူလူထုကို ဘာမျှလွတ်လပ်ခွင့်မရအောင် ဆွဲချသွားမှာပဲ။
ဦးအာင်မျိုးမင်း
လူ့အခွင့်အရေးပညာရှင်
Equality Myanmar
လူတွေရဲ့ ဆက်သွယ်မှုကို အနှောင့်အယှက်ပေးတဲ့ ဆက်သွယ်ရေးဥပဒေရှိထားပြီးသားပါ။ ဒီဥပဒေထဲမှာ ကြုံတွေ့နေရတာက တစ်ယောက်ကိုတစ်ယောက် တရားစွဲဆိုတဲ့ကိစ္စ၊ အထူးသဖြင့် တပ်မတော်နဲ့ အစိုးရကို အကြည်ငြိုပျက်စေအောင်ရေးသားရင် အရေးယူလို့ရတဲ့ ဥပဒေကရှိထားပြီးသား။ ဒီဒဏ်ကိုလည်း ခံခဲ့ရပါတယ်။ အခု ဆိုက်ဘာလုံခြုံရေးဥပဒေကတော့ ပိုဆိုးတယ်လို့ ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက လုံခြုံရေးကို အကြောင်းပြပြီးတော့ လိုသလိုလုပ်နိုင်တဲ့ ပုံစံမျိုးဖြစ်တယ်။ ရေးသားမှုက အမုန်းစကားတို့၊ တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးတို့ကိုထိခိုက်ရင် ဖမ်းဆီးနိုင်တဲ့ အဆင့်အထိကို ဖြစ်လာတယ်။
နောက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကို လုံးဝထိန်းချုပ်လိုက်တဲ့သဘောမျိုးပါ။ ဆိုလိုတာက လိုအပ်လာရင် သုံးစွဲနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လိုသမျှအကြောင်းအရာတွေကို (အစိုးရက) တောင်းဆိုရင် ထုတ်ပေးရမယ်ဆိုတဲ့အချက်က တော်တော်ဆိုးပါတယ်။ အခုလိုအခြေအနေမျိုးမှာ အွန်လိုင်းကနေ ပြောဆို၊ လှုံဆော်တာတွေရှိတယ်။ ဒါတွေကို အခြေခံပြီးမှ ဖမ်းဆီးမယ့် သဘောရှိတယ်။
နောက်တစ်ခုက အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို အစိုးရက လိုအပ်လာရင် ရပ်ဆိုင်းအောင် လုပ်ဆောင်ခွင့်တွေ၊ သုံးစွဲသူတွေကို တားဆီးခိုင်းမယ့် ကိစ္စတွေ၊ တကယ်လို့ မလုပ်ဆောင်ဘူးဆိုရင် လုပ်ပိုင်ခွင့်ကို ကန့်သတ်တာ၊ ရပ်တန့်တာ၊ လုပ်ပိုင်ခွင့်ကို ရုတ်သိမ်းတဲ့အထိ ဖြစ်လာမယ်။
ဒီတော့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကို ထိန်းချုပ်တာ ဖြစ်သလို သုံးစွဲသူတွေရဲ့ ပုဂ္ဂလိကလုံခြုံရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှုဖြစ်အောင် လုပ်ဆောင်မယ့် ဥပဒေမျိုးဖြစ်ပါတယ်။
#Feature

