ကျော်ဇေယျ
ဖေဖော်ဝါရီ-၁၁
ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ မီးပြတိုက်တွေ၊ ရေလမ်းကြောင်းပြဗော်ယာတွေကို ပုံမှန်စစ်ဆေး ရေးခရီးစဉ်ထွက်သွားတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဆင်ပြောင်ရေယာဉ်ဟာ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းမီးပြတိုက်အနီးမှာ ကျောက်ချရပ်နားထားစဉ် ဒီနေ့ မနက်လေးနာရီဝန်းကျင်မှာ ရေဝင်နစ်မြုပ်သွားတဲ့အတွက် ဝန်ထမ်းတချို့သေဆုံးပြီး တချို့ကို ဆက်လက်ရှာဖွေနေပါတယ်။
နစ်မြုပ်သွားသည့် ဆင်ပြောင်ရေယာဉ် (Photo: Khin Soe)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်ရုံးက ညွှန်ကြားရေးမှူးတစ်ဦးက“ဘာကြောင့်ဖြစ်သလဲဆိုတာကိုတော့ အခုစုံစမ်းနေဆဲပဲ။ အခု ကယ်ဆယ်အသက်ရှင်တဲ့ ခုနစ်ဦးထံက သိရတာက ရေယာဉ် ထဲကို ရေတွေအလုံးအရင်းနဲ့ ဝင်လာတယ်။ ဝင်လာပြီး ရေပြန်စုတ်ထုတ်ဖို့ ကြိုးစားနေစဉ်မှာပဲ နာရီဝက်လောက်အတွင်းမှာ ဘယ်ဘက်ကို စောင်းပြီး အလျင်အမြန် နစ်မြုပ်သွားတယ်ဆိုတဲ့ဟာပေါ့။ အဲဒီဟာပဲ လောလောဆယ် သိရသေးတယ်”လို့ ဒီနေ့နေ့လည် ၁နာရီခွဲဝန်းကျင်က မော်ကွန်းကို ပြောပါတယ်။
လတ်တလောရှာဖွေမှုတွေအရ အလောင်း နှစ်လောင်း ရရှိထားကာ ဒေသအာဏာပိုင်တွေနဲ့ဝန်ထမ်းတွေက ပျောက်ဆုံး နေတဲ့ ကျန်သူ ၁၆ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဒီဖြစ်စဉ်ကို သမ္မတရုံးကို တင်ပြဖို့ ပြင်ဆင်နေတယ်လို့ အဆိုပါ ညွှန်ကြားရေးမှူးက မော်ကွန်းကို ပြောပါတယ်။
ရေယာဉ်ဝန်ထမ်း ၂၄ဦး ၊ မီးပြတိုက်ဝန်ထမ်း ကိုးဦးပါဝင်တဲ့ အဆိုပါ ရေယာဉ်မှာ မီးပြတိုက်ဝန်ထမ်းတွေဟာ ညဘက်ကတည်းက မီးပြတိုက်ဆီတက်သွားခဲ့ကြပါတယ်။ ရေယာဉ်နစ်မြုပ်စဉ်မှာတော့ ကျန်ခဲ့တဲ့ ရေယာဉ်ဝန်ထမ်း ၂၄ဦး အပါအဝင် ညတုန်းက ရေယာဉ်ပေါ်ဆင်းအိပ်တဲ့ မီးပြတိုက်ဝန်ထမ်း တစ်ဦးလည်း သင်္ဘောပေါ်ရှိနေခဲ့တယ်လို့ သူကပြောပါတယ်။
Photo – Rakhine Fire Force
#Mawkun #magazine #chronicle
#Update #News