ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ (မော်ကွန်း)
ဒီကနေ့ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာက အမျိုးသားတစ်ဦးကို လမ်းမပေါ်တင် ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးရင်း ပစ်သတ်သွားခဲ့ပါတယ်။
အသတ်ခံရသူဟာ ကံကုန်းရွာက ကိုတိုးကြီးဖြစ်ပြီး အသက် ၄၀ ကျော်ရှိပြီလို့ ဒေသခံကပြောပါတယ်။
“စစ်ကြောင်းထိုးတဲ့အချိန် ညောင်ပင်ကြီးက သူ့သူငယ်ချင်းဆီရောက်နေတာ၊ စစ်ကြောင်းထိုးပြီဆိုတော့ သူ့မိန်းမနဲ့ကလေးကို စိုးရိမ်ပြီး မသွားပါနဲ့တားတဲ့ကြားထဲကနေ ထွက်သွားတာ”လို့ ကိုတိုးကြီးရဲ့ သူငယ်ချင်းတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ကိုတိုးကြီးဟာ သူ့နေအိမ်ကို ပုသိမ်-မုံရွာလမ်းကနေ မပြန်ဘဲ တောလမ်းကနေ ပတ်ဝင်ခဲ့ပေမယ့် ရွာမှာ ကြိုရောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကတွေ့သွားပြီး ပစ်သတ်ပစ်ခဲ့တာလို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။
“စစ်ကြောင်းထွက်သွားတဲ့အချိန် သွားကြည့်တော့ နောက်ကနေပစ်ထားတာ၊ ရင်ဘတ်ပွင့်သွားတယ်ပေါ့၊ ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီးတော့ နဖူးဒဏ်ရာရထားတာလည်းတွေ့ရတယ်”လို့ သူကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ပြည်သူဟာ ၃,၂၀၀ နီးပါးရှိလာပါပြီ။
ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးနယ်တဝိုက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို အမြဲလိုလိုလုပ်နေပြီး ဒေသတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄,၀၀၀ အနည်းဆုံးရှိနေပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံရသူ ကိုတိုးကြီး။
ဓါတ်ပုံ – Mawkun Magazine
#Dailynews

