ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ မနေ့က ဗိုက်သရက်ရွာမှာ တပ်စွဲခဲ့ပြီး ဒီကနေ့မှာတော့ နေအိမ်တစ်လုံးကိုမီးရှို့ပြီး လူငယ်တစ်ဦးကို သတ်ဖြတ်ကာ အိမ်သာထဲကို ထည့်ခဲ့ကြောင်း ဒေသခံက မော်ကွန်းကိုပြောပါတယ်။
“အဲဒီမီးရှို့တဲ့ အိမ်ရဲ့အိမ်သာထဲကိုထည့်ခဲ့တာ၊ ထည့်ပြီးတော့မှ အဲဒီအိမ်ကိုမီးရှို့တာ၊ အိမ်သာနဲ့ အိမ်နဲ့ကနီးတော့ မီးက အိမ််သာကိုလောင်တဲ့အခါကျတော့ အိမ်သာတံခါးပွင့်ပြီးပြုတ်ကျတာ၊ လည်ပင်းတွေ ဓါးနဲ့ မွှန်းထားတယ်” လို့ ဒေသခံကပြောပါတယ်။
အသတ်ခံရသူဟာ အသက် ၂၀ ကျော် အမျိုးသားဖြစ်ပြီး မနေ့က မြင်းခြံဘွားရွာကနေ အာဏာသိမ်းစစ်တပ်ဖမ်းဆီးလာသူတွေထဲက တစ်ဦးဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
မနေ့က ဖမ်းဆီးခံထားရတဲ့ ဗိုက်သရက်ရွာသားနှစ်ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီး အာဏာသိမ်းစစ်တပ်ဟာ အနောက်တောင်ဘက် ပုလဲနယ်၊ မုံကြိုင်းရွာ ဘုန်းကြီးကျောင်းမှာ ဒီကနေ့တပ်စွဲထားတယ်လို့ ဒေသလုံခြုံရေးကင်းထောက်သတင်းကနေသိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ သေဆုံးရတဲ့ပြည်သူဟာ ၃,၂၀၀ နီးပါးရှိလာပါပြီ။
#Dailynews

