ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀၊ ဆရာ့ဘဝ၊ ဆရာ့ဒဿန

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀၊ ဆရာ့ဘဝ၊ ဆရာ့ဒဿန

ပြည်သူကို ချစ်သူအား ပြည်သူက ပြန်ချစ်သည်။ လူထုကို လေးစားသူအား လူထုက ပြန်လေးစားသည်။ ဤကား အလွန်ရိုးစင်းသော အဘိဓမ္မာတစ်ရပ်ပင်ဖြစ်သည်။

ထွန်းဝင်းငြိမ်း ရေးသည်။

(တစ်)

တရားစောင့်သူ

အဖိနှိပ်ခံ ပြည်သူတွေရှေ့က အလံဝှေ့ယမ်းနေတဲ့

စာပေခေါင်းဆောင် စာရေးဆရာ ဗန်းမော်တင်အောင်။

တင်မိုး

(ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် ဂုဏ်ပြုကဗျာ အစပိုဒ်)

အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်ပြီး ကိုယ်ယုံကြည်ရာကို သစ္စာရှိစွာနဲ့ သူ့ခေတ်ရဲ့ သမိုင်းတာဝန်ကို ကျေပွန်ခဲ့သူ ဆရာဗန်းမော်တင်အောင်ရဲ့ ရာပြည့်နှစ်ကို မကြာခင်ရောက်ပါတော့မယ်။ ဆရာကွယ်လွန်ခဲ့တာလည်း ၄၁ နှစ် ရှိခဲ့ပါပြီ။ ဆရာကွယ်လွန်ခြင်း အထိမ်းအမှတ် အခမ်းအနားတွေကိုလည်း အကြိမ်များစွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီလို အထိမ်းအမှတ်ပွဲတွေကို တွေ့မြင်ရခြင်းဖြင့် ဆရာကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ပြည်သူလူထုက အခုအချိန်အထိ ဘယ်လောက် လေးစားတန်ဖိုးထား အမှတ်တရ ရှိနေတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဆရာပါရဂူ ရေးခဲ့ဖူးသလိုပါပဲ ‘တရားစောင့်သူကို တရားက ပြန်စောင့်သည်။ ပြည်သူကို ချစ်သူအား

 

ပြည်သူက ပြန်ချစ်သည်။ လူထုကို လေးစားသူအား လူထုက ပြန်လေးစားသည်။ ဤကား အလွန်ရိုးစင်းသော အဘိဓမ္မာတစ်ရပ်ပင် ဖြစ်သည်’

 

လို့ ဆိုပါတယ်။ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူကို လေးစား တန်ဖိုးထားသူအား ပြည်သူက ပြန်လည် လေးစားတန်ဖိုးထား ချစ်ခင်သည်မှာ လောကဓမ္မလို့ ဆိုနိုင်ပါလိမ့်မယ်။

 

(နှစ်)

ခေတ်ရဲ့ တာဝန်တွေ

လင်းယုန်ရဲ့ အတောင်ပံ ရိုက်ချိုးဖို့

ကိုကိုးကျွန်းနဲ့ အကျဉ်းထောင်

ပင်လယ်ကျောက်ဆောင်နဲ့ လှိုင်း

မုန်တိုင်းတွေ ကြားထဲမှာ

ရဲရင့်စွာ ခေါင်းဆောင်

အဲဒါ ဗန်းမော်တင်အောင်။

တင်မိုး

mk-69-memoir

Photo – Ma Hnin

မျက်နှာချင်းဆိုင်ထိုင်နေသူများ(ဝဲမှယာ) ဆရာဦးဌေးမောင်၊ ဦးကျော်ညွန့်၊ ဆရာပါရဂူ၊ ဒေါ်ခင်ဆွေဦး၊ ဆရာဒဂုန်တာရာ၊ ဦးထွန်းဝင်းငြိမ်း(ရပ်နေသူ)

ကျွန်တော်သည် ဆရာ့ကို လူကိုယ်တိုင်မတွေ့ဖူး၊ မမြင်ဖူးပါ။ မရင်းနှီးခဲ့သော်လည်း ဆရာ့စာများကိုတော့ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ဖူးပါတယ်။ ဆရာရေးခဲ့တဲ့ ‘ဘုန်းမောင်တစ်ယောက်တည်းရယ်’ ‘လွမ်းရစ်တော့ သက်လှယ်ရယ်’၊ ‘ငသြ’၊ ‘မြစ်ဧရာပေါ်ဝယ်’၊ ‘မြိုင်’၊ ‘ပြည်တော်သာခင်ခင်ဦး’ စတဲ့ ဝတ္ထုတွေဟာ တစ်ချိန်က စွဲမက်ခဲ့တဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ ဆရာနဲ့ပတ်သက်ပြီး ရေစက်ဆုံရသည့် ကိစ္စတစ်ရပ်မှာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အထိမ်းအမှတ်ပွဲကို  ၂၀ဝ၈ အောက်တိုဘာ ၂၃ ရက်မှာ ကျင်းပစဉ်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ဖူး ခြင်းမျှသာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်တွေက ကွန်ပျူတာဖိုင်တွေရှင်းရင်း ဆရာကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အထိမ်းအမှတ်ပွဲတုန်းက ဓာတ်ပုံတွေ ပြန်တွေ့ပါတယ်။ ပုံတွေကို အသေအချာကြည့်မိတော့ လွန်ခဲ့တဲ့ ၁၁ နှစ် လောက်က ဆိုပေမယ့် တချို့ဆရာတွေ မရှိကြတော့ပါဘူး။  အဲဒီပွဲက ပုံရိပ်တွေကို ပြန်ခံစားရင်း သမိုင်းတာဝန် ကျေပွန်ခဲ့တဲ့၊ လူချစ်လူခင် ပေါများတဲ့၊ ပြည်သူလူထုချစ်တဲ့ အနုပညာရှင်မို့ ဆရာ့ဘဝ၊  ဆရာ့ဒဿန၊ ဆရာ့ဖြတ်သန်းမှုတွေကို လွမ်းဆွတ် တသမိတဲ့ စိတ်နဲ့အတူ ပြန်လည် တွေးဆနေမိပါတော့တယ်။

ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ် ၃၀ မြောက် အထိမ်းအမှတ်ပွဲကို ဆရာ့သမီးအကြီးဆုံး ဒေါ်တင်သန်းယုအိမ်မှာ ကျင်းပခဲ့တာပါ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကိုးမိုင်၊ မဟာစည်မှတ်တိုင်နားက ရွှေနှင်းဆီ ၃ လမ်း၊ အမှတ် ၂၅ ၊ Green Vella မှာ မနက် ၉ နာရီကနေ ၁၂ နာရီထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆရာ့စာ၊ ဆရာ့ခံယူချက်ကို လေးစားကြတဲ့ နိုင်ငံရေး၊ စာပေ၊ သတင်းမီဒီယာ စတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်ကြသူတွေထဲမှာ ဆရာဒဂုန်တာရာ၊ ဆရာပါရဂူ၊ သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်(ဘဏ်)၊ ဒေါ်ခင်မေ (တော်ဘုရားကလေးဇနီး)၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်)၊ ဆရာမဒေါ်ခင်ဆွေဦး၊ ဦးတင်အောင်(ဆရာခမ်းဝင်း)၊ ဆရာညွန့်သစ်၊ ဆရာနီဟိန်း၊ ဆရာယမုံ၊ ဆရာဌေးမောင်၊ ဆရာ မောင်မိုးသူ၊ သင်းအုပ်ဆရာ ဦးကျော်ညွန့်၊ ဦးအောင်လွင်၊ ဦးမောင်မောင်ခင်(လမ်းစဉ်သတင်း)၊ ဦးလှရွှေ(ဗကသ၊ အိုးဝေ အယ်ဒီတာဟောင်း)၊ ဦးကြည်ညွန့်(ကျွန်းပြန်)၊ ဆရာဇော်နောင်၊ ဆရာယဉ်မင်းပိုက်၊ ဆရာမောင်မောင်လှိုင်(အပ်စိုက်)၊ ဒေါက်တာလှမြင့်၊ ဒေါက်တာခင်မောင်ညို၊ ဦးအေးသာအောင်၊ ဦးအောင်ခင်၊ ဦးကျော်လှိုင်၊ ဦးတင်ဦးလေး၊ ဦးမိုးဝင်း၊ မဒုံ၊ ဦးမြင့်ဟန်၊ ဦးဗဟိန်းအောင် (ဆရာဗန်းမော်တင်အောင်၏ သားကြီး)၊ ဦးကျော်အောင်(ရွှေပြည်တန်)၊ သားကြီးမောင်ဇေယျ၊ ဦးဇော်သိမ်း၊ ဦးလှစော၊ ဦးညီမွှေး၊ ကိုခင်မောင်ဇော်၊ ကိုထွန်းဝင်းငြိမ်း၊ မနှင်းနှင်းမွှေး၊ ကိုယဉ်ထွန်း၊ လွှမ်းရုံ၊ သာလွန်ဇောင်းထက် စသဖြင့် မှတ်မိသရွေ့  ရေးလိုက်ရပါတယ်။

တခုတ်တရ ရေးရတဲ့ အကြောင်းကတော့ တချို့ ဆရာ၊ ဆရာမတွေ အခုအခါ မရှိကြတော့လို့ပါပဲ။ အဲဒီထဲက ဆရာ ဒဂုန်တာရာ၊ ဆရာပါရဂူ၊ သခင်အုန်းမြင့်၊ သခင်သိမ်းမောင်၊ ဦးအုန်းမောင်(ဘဏ်)၊ ဒေါ်ခင်မေ (တော်ဘုရားကလေးဇနီး)၊ ဆရာမောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာမ ဒေါ်ခင်ဆွေဦး၊ ဦးတင်အောင်(ဆရာခမ်းဝင်း)၊ ဆရာညွန့်သစ်၊ ဆရာနီဟိန်း၊ ဆရာယမုံ တို့ ကွယ်လွန်သွားခဲ့ကြပါပြီ။ သူတို့ဟာ ကောင်းရာဘုံဌာနမှာ ဆရာနဲ့ စကားလက်ဆုံကျနေကြမလား မဆိုနိုင်ပါဘူး။

mk-69-memoir

Photo – Tun Win Nyein

ဆရာဦးဌေးမောင်၊ ဦးကျော်ညွန့်၊ ဆရာပါရဂူ၊ ဒေါ်ခင်ဆွေဦး

ဒေါ်တင်သန်းယု

အခမ်းအနားမှာ သူ့အဖေချခဲ့တဲ့ မျိုးစေ့ဖြစ်တဲ့ အဖေ့ရဲ့ စာတွေကို ဖတ်ပြီးတော့ အဖေ့ကို ဆက်လက်ပြီးချစ်နေတဲ့အတွက် ကျေးဇူးတင်ကြောင်း ဆရာဗန်းမော်တင်အောင်ရဲ့ သမီးကြီး ဒေါ်တင်သန်းယုက အမှတ်တရစကားပြောကြားခဲ့ပါတယ်။

“ကျွန်မ မမာသော်လည်း အဖေ့ရဲ့ မိတ်ဆွေတွေနဲ့ တွေ့ချင်တယ်။ အဖေ့ကို ခင်မင်လေးစားကြတဲ့သူတွေ ဆုံစေချင်တယ်။ ဒီမှာထိုင်နေကြတဲ့သူတွေ အားလုံးကလည်း အဖေ့ကို ချစ်တဲ့သူ တွေချည်းပဲဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ အဖေ ချခဲ့တဲ့ မျိုးစေ့ဖြစ်တဲ့ အဖေ့ရဲ့ စာတွေကို ဖတ်ပြီးတော့ အဖေ့ကို ဆက်လက်ပြီးတော့ ချစ်နေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အဖေက သူ့မိတ်ဆွေတွေကို ဒီလိုစုံအောင် တွေ့မသွားရရှာဘူး။ ကျွန်မတို့ တောင်ဥက္ကလာအိမ်ကလေးမှာ ချို့ချို့တဲ့တဲ့ နေရတဲ့အကြောင်း ကျွန်မရေးဖူးပါတယ်။ အမှတ်တရစာအုပ်ထဲမှာ ပါတယ်ထင်တယ်။ ကျွန်မစာရေးတာ အဖေ့ခြေဖျားတောင် မမီပါဘူး။ ဆက်လက်ပြီးတော့ အဖေ့ကို ချစ်ကြပါ။ အဖေ့ကို နှလုံးသားထဲမှာ ထားကြပါ။ အဖေက ဒီလိုပါပဲ။ အဖေဆုံးသွားသည့်တိုင်အောင် သူ့အကြင်နာတရားက မိသားစုအပေါ် ကျွန်မတို့အပေါ်မှာ အရမ်းကျေးဇူးကြီးမားလှပါတယ်”

mk-69-memoir

Photo – Tun Win Nyein

ဝဲအစွန်-ဦးကြည်ညွန့်၊ ယာအစွန်-ဒေါ်တင်သန်းယု၊ မနှင်းနှင်းမွှေး(ယာအစွန်အနီး)

သင်းအုပ်ဆရာ  ဦးကျော်ညွန့်

သင်းအုပ်ဆရာဦးကျော်ညွန့်ကတော့  အခမ်းအနားမှာ အမှတ်တရစကားပြောကြားတဲ့အခါ ဆရာ့ရဲ့  အုတ်ဂူပေါ်ကစာနဲ့ ရှင်ပေါလုရဲ့ ကျမ်းစာကို နှိုင်းယှဉ်ပြီး တင်ပြသွားပါတယ်။

“ဆရာဗန်းမော်တင်အောင် (၁၉၂၀- ၁၉၇၈) ရဲ့ စာကို ဖတ်ပြပါမယ်။ အုတ်ဂူပေါ်မှာ ရေးထားတဲ့စာပါ။ အဲဒီစာက    ‘လူ တစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ’ ဆိုတဲ့ စာကို ဖတ်ရတော့ ရောမသြဝါဒရေးတဲ့ အချက်ကို ပြန်သတိရတယ်။ ‘လူတစ်ယောက်ဟာ သူများအတွက် အသက်မရှင်ဘူး၊ တာဝန်မကြေဘူးဆိုရင်၊ သမိုင်းတာဝန်မကျေဘူးဆိုရင် တန်ဖိုးမရှိဘူး။ လူရဲ့ သေခြင်းဟာလည်း လူတွေအတွက် သေတာ မဟုတ်ဘူး။ သူ့အတွက် သေတာပဲ ဖြစ်တယ်။ သခင်ဘုရားအတွက် အသက်ရှင်တယ်ဆိုတာ သခင်ဘုရားဆိုတာက ပြည်သူလူထုကို ချစ်တဲ့ ဘုရားဖြစ်တယ်။ သခင်ဘုရားဟာ ပြည်သူလူထုကြားထဲမှာပဲ လှည့်ပတ်သွားလာနေတယ်။ အပင်ပန်း အဆင်းရဲခံပြီး သွားလာကူညီပေးတယ်။ အထူးသဖြင့် အထက်တန်းလွှာတွေသူ အထင်ကြီးတဲ့ ဂျူးတွေ ပစ်ပယ်ထားတဲ့ ဆင်းရဲသားတွေ ကြားထဲမှာပဲ သွားလာနေထိုင်ပြီး ကူညီခဲ့တယ်။ နောက်ဆုံးတော့ သူအထင်ကြီးတဲ့ ဂျူးတွေကပဲ သူ့ကိုကားတိုင်တင်ခဲ့တယ်။ သူချစ်တဲ့၊ သူကူညီခဲ့တဲ့ ပြည်သူတွေက သူ့ကိုကားတိုင်မတင်ဘူး။ ဒီအကြောင်းကို ရှင်ပေါလုကရေးတဲ့အခါ အသက်ရှင်စဉ်မှာ သခင်ဘုရားအတွက်အသက်ရှင်ပါတယ်။ ကိုယ့်အတွက် အသက်ရှင်တာမဟုတ်ဘူး။ သေတဲ့အခါမှာလည်း သခင်ဘုရားတွက် သေတာဖြစ်ပါတယ်ဆိုပြီး ရေးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီစာနှစ်စုရဲ့ အဓိပ္ပာယ်လေးနက်မှုက ကျွန်တော်တို့ကို ဘာအတွက်အသက်ရှင်ရမယ်ဆိုတာ အများကြီး သွန်သင်ဆုံးမ ပေးနိုင်ခဲ့ပါတယ်”

Photo – Tun Win Nyein

ဆရာဗန်းမော်တင်အောင်သမီးတစ်ဦးမှ ဆရာပါရဂူ၏ ရှန်တိနိကေတန်စာကြည့်တိုက်အတွက် ငွေလှူဒါန်းစဉ်

စာရေး ဆရာမကြီး အမေ လူထုဒေါ်အမာက “စစ်ပြီးခေတ်မှာ လူငယ်တွေကို သြဇာအလွှမ်းမိုးနိုင်ဆုံး စာရေးဆရာဟာ ဗန်းမော်တင်အောင်ပဲ ဖြစ်ပါတယ်”လို့ ရေးခဲ့ဖူးပါတယ်။ ပြည်သူ့ ဘက်ရပ်တည် အဆင်းရဲခံ၊ အထိန်းသိမ်းခံပြီး လူထုကို လမ်းပြခဲ့ကြတဲ့ စာရေးဆရာတွေကို စစ်အာဏာရှင်တွေက သူတို့အာဏာ စည်းစိမ်ကို လုယူမယ်လို့ အမြဲတစေတွေးပြီး ရန်သူသဖွယ် ချေမှုန်းလေ့ရှိကြတာ စစ်အာဏာရှင်တွေ ကြီးစိုးနေဆဲခေတ်ကို ကြုံ ဖူးသူတိုင်း သိကြပါတယ်။

ဆရာဗန်းမော်တင်အောင်ကတော့ “မိမိ၏ တိုင်းပြည်နှင့် အမျိုးသားများအတွက် အကျိုးများလိမ့်မည်ဟု မိမိယုံကြည်သောကိစ္စကို ထုတ်ဖော်ရေးသားခြင်းပြုရသောအမှု၌ စာရေးဆရာသည် မင်းပြစ်မင်းဒဏ်၊ အလုပ်ပြုတ်သည့်အရေး၊ ဆင်းရငတ်မွတ်ရခြင်းနှင့် ခြိမ်းခြောက်မှုများကို ထောက်ထားငဲ့ကွက်နေ၍ မဖြစ်ချေ။ ကြောက်လန့်နေ၍လည်းမဖြစ်ချေ။ သူ့အဖို့ လွတ်လပ်မှုသည် အင်မတန်အရေးကြီးလေသည်။ လွတ်လပ်မှုရှိမှသာလျှင် သူသည် ရဲရင့်ခြင်းရှိမည်ဖြစ်သည်။ လွတ်လပ်မှုမရှိ၍ ရဲရင့်ခြင်းမရှိသော သူသည် မိမိယုံကြည်သော အလုပ်ကို အဘယ်သို့ လုပ်ကိုင်နိုင်ပါမည်နည်းဟူသော ခံယူချက်အတိုင်း ဆရာဟာ ကွယ်လွန်ချိန်အထိ ရပ်တည်နေထိုင်သွားသူ ဖြစ်ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဆရာမဒေါ်ဒေဝီသန့်စင်၊ ဆရာမဒေါ်တင်သန်းယု၊ သခင်အုန်းမြင့်

ဆရာဗန်းမော်တင်အောင်ဟာ လင်းယုန်ဂျာနယ်၊ သတင်းစာတွေကို ထုတ်ဝေခဲ့လို့ လင်းယုန်ကြီးလို့လည်း ဂုဏ်ပြု အခေါ်ခံရသူ ဖြစ်ပါတယ်။ ဆရာက ဝတ္ထုတွေကိုလည်း တရစပ်ရေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ သူပုန်ကြီး၊ အမေ၊ ပြည်တော်သာခင်ခင်ကြီး စတဲ့ လူထုတိုက်ပွဲအခြေခံ ဝတ္ထုကြီးတွေကြောင့် ၁၉၅၂ မှာ နာမည်ကျော် ပုဒ်မ ၅ ည နဲ့ အဖမ်းခံရပါတယ်။ သူဟာ လွတ်လပ်ပြီးမြန်မာနိုင်ငံရဲ့  ဖဆပလအစိုးရခေတ်မှာ ပထမဦးဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး အိမ်စောင့် အစိုးရလက်ထက် ၁၉၅၈ မှာ နိုဝင်ဘာလထုတ် လင်းယုန်ဂျာနယ်ပါ အရေးအသားကြောင့် ဒုတိယအကြိမ် ၁၉၅၉ မှာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ရပြန်ပါတယ်။ တတိယအကြိမ် ၁၉၆၃ နိုဝင်ဘာထဲမှာ တော်လှန်ရေးကောင်စီနဲ့ တောတွင်းလက်နက်ကိုင် အင်အားစုတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် အဖမ်းခံရပါတယ်။ ကိုကိုးကျွန်းသို့ ပို့ဆောင်ခံရပြီး ရက် ၄၀ အစာငတ်ခံ တိုက်ပွဲတွင် ပထမအသုတ်မှ သတ္တိရှိရှိ ဂုဏ်ရောင်ပြောင်ပြောင် ပါဝင်တိုက်ခဲ့သူလည်းဖြစ်ပါတယ်။ အကျဉ်းထောင်နဲ့ ကိုကိုးကျွန်းတို့မှာ စုစုပေါင်း ၁၆ နှစ်မျှ နေထိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

သံမဏိနိုင်ငံရေးသမားကြီး ဦးဝင်းတင်က နိုင်ငံရေးလှုပ်ရှားမှုထဲတွင် အားအကျဆုံးပုဂ္ဂိုလ်မှာ ပြည်သူ့သတင်းစာဆရာ၊ ပြည်သူ့စာရေးဆရာ ဗန်းမော်တင်အောင်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ “ခေတ်ရဲ့တာဝန်ကို ဘယ်လောက်ကျေပွန်အောင် ထမ်းဆောင်ခဲ့သလဲဆိုတဲ့ ဗန်းမော်တင်အောင်ရဲ့ နောက်ဆုံး စကား၊ ကျွန်တော်တို့အရေးကြီးဆုံးက ခေတ်ရဲ့ တာဝန်တွေကို ကျွန်တော်တို့အားလုံး ထမ်းရမယ်”ဆိုပြီး ဦးဝင်းတင်က ပြောခဲ့ပါတယ်။ အဲဒီနောက်ဆုံးစကားက အလွန်အရေးကြီးတဲ့စကား၊ အလွန်အရေးကြီးတဲ့ Message ဖြစ်ကြောင်း၊ ကိုတင်အောင်ပေးခဲ့တဲ့ နိုင်ငံရေးလမ်းòန်၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအသိတွေ ဖော်ပြနေတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆကြောင်း ဦးဝင်းတင်က ရှင်းပြခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဆရာဦးလှရွှေ(ဆရာဉာဏ်မောင်ချစ်)မှ ဆရာဗန်းမော်တင်အောင်ပိုစတာကို ဆရာမဒေါ်တင်သန်းယုအား ပေးအပ်စဉ်

ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားခဲ့သလို နယ်ချဲ့ဆန့်ကျင်ရေးကိုလည်း ရွပ်ရွပ်ချွံချွံ လူထုဘက်မှ ရပ်တည်လှုပ်ရှားခဲ့သူဖြစ်တယ်။ စာရေးနေတာသက်သက်၊ စာရေးဆရာသက်သက် မဟုတ်ဘဲ လူထုလှုပ်ရှားမှုတွင် ထဲထဲဝင်ဝင် အနစ်နာခံ ထောင်တန်းကျခံပြီး လုပ်ခဲ့သူလည်း ဖြစ်တယ်။ သူ့ဘဝ၊ သူ့ဆွေမျိုးအတွက်ထက် အများအကျိုးအတွက်ကို အရေးပေးသူဖြစ်တယ်။ ဗန်းမော်တင်အောင်ဟာ အလွန်အားနာတတ်ပြီး သူတစ်ပါးအပေါ် နာကြည်းစိတ်၊ အပြစ်မြင်တဲ့စိတ် မရှိဘဲ မကောင်းတာ မမြင်တတ်သူ ဖြစ်ပါတယ်။ မိမိထောင်ထဲ ရောက်ချိန်တွင် ဗန်းမော်တင်အောင် ကိုကိုးကျွန်းရှိစဉ်အခါက ရေးခဲ့ဖူးသော ဝတ္ထုရှိခဲ့ဖူးသည်ဟု ကြားခဲ့ရတယ်။ အဲဒီဝတ္ထုကို ဖတ်ဖူးခဲ့တဲ့သူတွေ ရှိခဲ့သောကြောင့် လိုက်လံရှာဖွေဖော်ထုတ်ပြီး မှတ်တမ်းတင်သင့်တယ်လို့ ဆိုပါတယ်။ အာဏာရှင်တွေကို တိုက်နေတာ၊ မတရားမှုတွေကို တိုက်နေတာ၊ နယ်ချဲ့ကို ဆန့်ကျင်နေတာ ပြည်သူတွေရဲ့ သဘောထားတွေဟာ ဗန်းမော်တင်အောင်ရဲ့ တက်ကြွလန်းဆန်းတဲ့ စကားလုံးတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဗန်းမော်တင်အောင် သေသွားပေမယ့် သူ့ရဲ့နိုင်ငံရေး၊ သူ့ရဲ့စာပေတွေဟာ ဒီနေ့အချိန်ထိ မသေသေးဘဲ အမြဲတမ်း တက်ကြွလန်းဆန်းနေဆဲဖြစ်ကြောင်း ဦးဝင်းတင်က ပြောခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

တာရာဒေဝီ၊ ဆရာဒဂုန်တာရာ၊ ဟံသာဝတီဦးဝင်းတင်

ဆရာဒဂုန်တာရာ

ဆရာဒဂုန်တာရာက “ကိုတင်အောင်ရဲ့ စာရေးပုံမှာ အဆင့်သုံးဆင့်ရှိတယ်။ နုငယ်စဉ်က အနုအလှစာပေကို ရေးခဲ့တယ်။ နောက်မှာတော့ သရုပ်ဖော်စာပေကို ရေးခဲ့တယ်။ အရွယ်ရင့်လာတော့ သဘောတရား အဘိဓမ္မာစာပေကို ဦးစားပေးရေးခဲ့တယ်” ဟု မှတ်ချက်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး

ကျွန်တော်က ဗန်းမော်တင်အောင်အကြောင်းပြောရရင် သူ့ဝတ္ထုတွေ ဖတ်ပြီး ပြောမှပြည့်စုံမယ်။ အခုတော့ သူ့ဝတ္ထုတွေ ကျွန်တော် ပြန်မဖတ်ဖြစ်ခဲ့ဘူး။ နောင်တက္ကသိုလ်ပညာရေးစနစ် ကောင်းလာရင်တော့ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးလာရင်တော့ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုတွေကို ဖတ်ရှုလေ့လာ ခွဲခြမ်းစိတ်ဖြာ သုတေသနလုပ်ကြတာတွေ ရှိလာမှာပေါ့။ အခုတော့ ကျွန်တော်ဖတ်ရှုမှတ်သားလေ့လာတာတွေ မလုပ်နိုင်ခဲ့တဲ့ အတွက် သူ့စာတွေအကြောင်း အသေးစိတ် ပြောမပြနိုင်ဘူးပေါ့။ ကျွန်တော် တာရာမဂ္ဂဇင်း စထုတ်ခါစမှာ သူရောက်လာပြီး ငွေတွေပေးပါတယ်။ တာရာမှာသုံးဖို့ဆိုပြီးတော့ ကျွန်တော်ရေးဖူးပါတယ်။ အဲဒီငွေတွေ ကျွန်တော်မယူဖြစ်ပါဘူး။ တာရာမဂ္ဂဇင်း အမှတ် ၁ မှာ တစ်ရံရောအခါဆိုတဲ့ သူ့ဝတ္ထုပါခဲ့တယ်။ သူ့လူမှု အတွေးအခေါ်ကိုထင်ဟပ်နိုင်တယ်။ ၁၉၅၀ မတိုင်ခင်မှာ ထင်တယ်၊ နောက်တော့ သူ့ကို တာရာမှာ တွဲဖက်အယ်ဒီတာဆိုပြီး ဖော်ပြခဲ့တယ်။ ဗန်းမော်တင်အောင် ဈာပနမှာ ခရစ်ယာန်တရား ဟောဆရာတော်ဟောတဲ့ သူ့ကို တိုင်းပြုပြည်ပြု စာရေးဆရာ ဆိုတဲ့စကားလုံးကို သဘောကျတယ်။ အဲဒီစကားလုံးက အတော်ကောင်းတဲ့ စကားပဲ။ ဗန်းမော်တင်အောင်ရဲ့ ဝတ္ထုတွေထဲမှာ သူ့ရဲ့ အတွေးအခေါ်တွေ၊ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ သူ့ရပ်တည်ချက်ကို ကိုယ်စားပြုပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုတဲ့အတွက် တိုင်းပြုပြည်ပြုစာရေးဆရာလို့ပြောတာ အလွန်ကိုက်ညီပါတယ်။

 

(သုံး)

ငြိမ်းချမ်းရေး မုခ်ဦး

အမိုက်မှောင်ဆုံး ကာလတွေမှာ

ထွန်းပလာခဲ့တဲ့စာပေကြယ်နီရောင်

အဲဒါ ဗန်းမော်တင်အောင်…။

တင်မိုး

mk-69-memoir

Photo – Tun Win Nyein

ဦးကျော်အောင်၊ ဦးမြင့်ဟန်၊ အမည်မသိ၊ ဦးဗဟိန်းအောင်၊ ဦးမိုးဝင်း၊ ဦးလှစော၊ ဒေါက်တာလှမြင့်၊ သားကြီးမောင်ဇေယျ၊ ဦးအေးကျော်

ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး ယခင်ကတည်းက ဆရာဗန်းမော်တင်အောင်က ‘ကျွန်တော်နှင့်လေးခင်ခင်’ တွင် ကျွန်တော်တို့ နိုင်ငံရေးသဘောထားမှာ မြန်မာနိုင်ငံသည် နိုင်ငံရေးအားဖြင့် အချုပ်အခြာနှင့် လွတ်လပ်ခွင့်ကို ရရှိခဲ့ပြီဖြစ်သဖြင့် မလွတ်မလပ် ဖြစ်နေသေးသော နိုင်ငံတော်၏စီးပွားရေးကို လွတ်လပ်လာအောင်နှင့် ခေတ်နောက်ကျ၍နေသော နိုင်ငံတော်အား အဘက်ဘက်တွင် ခေတ်မီတိုးတက်လာအောင် ဝိုင်းဝန်းဆောင် ရွက်နိုင်ကြရန် တစ်ကြိမ်သောကာလက အမျိုးသားလွတ်လပ်ရေးအတွက် အတူတကွ တိုက်ခိုက်လာခဲ့ကြသော ရဲဘော်ရဲဘက်များသည် မိမိတို့၏ နိုင်ငံရေးခံယူချက် ကွဲလွဲခြင်းများကို လက်နက်ကိုင် ဖြေရှင်းခြင်းမပြုကြဘဲ ဒီမိုကရေစီနည်းအရ ပြည်သူလူထုရှေ့ မှောက်တွင်သာ မိမိတို့၏ နိုင်ငံရေး လမ်းစဉ်များကို ချပြ၍ ငြိမ်းချမ်းစွာ ဖြေရှင်းယှဉ်ပြိုင်ခြင်း ပြုကြရန်ပင် ဖြစ်လေသည်ဟု ရေး သားခဲ့ပါတယ်။

ဆရာ ဗန်းမော်တင်အောင် ထုတ်ဝေခဲ့တဲ့ လင်းယုန်ဂျာနယ် ရဲ့ ဦးတည်ချက်မှာတော့ ‘ပြည်သူ့အာဏာသစ် မုခ်ဦးသို့’တဲ့။ ဒီလို ဆောင်ပုဒ်မျိုးက ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေပါတယ် ဆိုတဲ့ ဒီကနေ့ ခေတ်အခါမှာတောင် စာစောင်ရဲ့ ကြွေးကြော်သံအဖြစ် တပ်ဖို့မဝံ့တဲ့ ဆောင်ပုဒ်မျိုး ဖြစ်ပါတယ်။ ဆရာကတော့ အဲဒီလို လူထုဘက်က ရပ်တည်ခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း ပါဝင်ကြိုးပမ်းခဲ့ပါတယ်။ အထူးသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) မှာ ၁၉၅၁ ကနေ ၁၉၆၃ အထိ အမှု ဆောင်လူကြီး ဖြစ်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းအဖွဲ့မှာလည်း အတွင်းရေးမှူးအဖွဲ့ ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein 

ဆရာမဒေါ်ခင်ဆွေဦး၊ ဆရာဦးဌေးမောင်၊ ဆရာပါရဂူ၊ ဟံသာဝတီဦးဝင်းတင်၊ ဦးမောင်မောင်ခင်(လမ်းစဉ်သတင်း)၊ သခင်သိန်းမောင်

ပြည်ချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားစာဆိုကြီးလည်းဖြစ်တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ အိုကြီးအိုမ ဘဝရောက်သော်လည်း မနေသာဘဲ ပြည်တွင်းစစ်စဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေးဖြေရှင်းရန် ပန်ကြားခဲ့ပါတယ်။ ဆရာကြီး၏ပန်ကြားချက်ကို မရှောင်မလွှဲသာ၍ လက်နက်ကိုင်ပုန်ကန်ရသူများက ကြိုဆိုကြသော်လည်း ဖဆပလဆိုရှယ်လစ်အစိုးရကမူ အပြုတ်တိုက်ရေးကိုသာ တွင်တွင်ဟစ်အော်နေတာကို တွေ့ရပါတယ်။

ဆရာကြီးဟာ ပြည်တွင်းငြိမ်းချမ်းရေးသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်ကို ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပါတယ်။ ဒဂုန်တာရာစတဲ့ လူငယ်စာရေးဆရာ နိုင်ငံရေးသမားတွေနဲ့ လက်တွဲခဲ့တယ်။ ဆရာဗန်းမော်က လင်းယုန်သတင်းစာဂျာနယ်တို့ကနေပြည် တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာစစ်တားဆီးရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် စိုက်လိုက်မတ်တတ် ရေးသားလှုံ့ဆော်ခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဆရာမောင်ဝံသ၊ ဦးမောင်မောင်ခင်၊ သခင်သိန်းမောင်၊ ကိုယဉ်ထွန်း၊ ကိုထိန်လင်းနိုင်၊ အမည်မသိ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါ ဆရာက လူကိုယ်တိုင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သလို စာပေနဲ့လည်း တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် လင်းယုန်ဂျာနယ်ကနေ သူ့ရဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ပြီး အစိုးရကိုပါ ဝေဖန်ခဲ့ပါတယ်။ ဖဆပလ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လုပ်ဆောင်တဲ့နေရာ မှာ အထက်စီးကနေ မနေဖို့ ဆရာက တိုက်တွန်းခဲ့ပါတယ်။

၁၉၅၇ မေ ၁၆ ရက်ထုတ် လင်းယုန်ဂျာနယ် အုပ်တွဲ ၁၊ အမှတ် ၄ မှာ ‘ယခုကဲ့သို့ တိုင်းပြည်နှင့် လူမျိုး၏ သာယာဝပြောရေးအတွက် မရှိမဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးတွင်မှ ‘ထွက်ပြီးသည့်ဆင်စွယ် ဝင်တယ်လို့မရှိ ဟူသော စကားအရ ‘ရာဇ ဣန္ဒြေကိုငဲ့လွန်းနေပါမူ ပြည်တွင်းငြိမ်းချမ်းရေးသည် နီးလျက် ဝေးနေကြရမည်ပင် ဖြစ်လေသည်’ လို့ ရေးသားခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein 

ဦးညီမွှေး၊ သခင်အုန်းမြင့်၊ ကိုယဉ်ထွန်း

အဲဒီကာလမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးက ‘သူမနာ ကိုယ်မနာ သင်ပုန်းချေရေးမူ’ ကို ကိုင်စွဲသင့်တယ်လို့ အဆိုပြုထားပြီး ဆရာဗန်းမော်တင်အောင်ကလည်း အဲဒီအချက်ကို နှစ်ဖက်စလုံးက စဉ်းစားသင့်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။ အစိုးရက တစ်ချိန်လုံး အသုံးပြုခဲ့တဲ့ သူပုန်က လက်နက်ချရေး လမ်းစဉ်အပေါ်မှာလည်း ‘လက်နက်ချ၍ ဝင်လာခဲ့ကြပါ’ ဟူသော ဖိတ်ခေါ်ချက်ကို သူပုန်များက ယုံယုံကြည်ကြည်နှင့် လက်ခံကြပါမည်လား၊ ခေါင်းအေးအေးနှင့် စဉ်းစားပါလို့ ရေးသားခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးမိုးဝင်း၊ သခင်အုန်းမြင့်

ဒါ့အပြင် ဖဆပလဝန်ကြီးတစ်ဦးဖြစ်တဲ့ သခင်ချစ်မောင်ရဲ့ စကားအပေါ် အခုလို ဝေဖန်ထားပါတယ်။ ‘ဝန်ကြီး သခင်ချစ်မောင်၏ စကားအရ ‘အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိုလိုချင်တဲ့ နေရာမှာ တခြားသူတွေထက် ပိုရင်သာ ပိုရမယ် မလျော့ပါဘူး’ဟူသော အချက်သည် တကယ့်မှန်ကန်သော သစ္စာတရားသာ ဖြစ်ပါက ပြည်တွင်းစစ် မီးတောက်မီးလျှံများအကြားတွင် ၉ နှစ်ကျော် ၁၀ နှစ်နီးပါးမျှ အလူးအလိမ့် ခံခဲ့ကြရသော၊ ယခုတိုင် မရှုမလှ ခံနေကြရဆဲဖြစ်သော ရဟန်းရှင်လူ ပြည်သူအားလုံး၏ အကျိုးအတွက် မိမိတို့အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို မပြောင်း လဲနိုင်စရာ မရှိပေ’။

mk-69-memoir

Photo – Tun Win Nyein

ဦးမောင်မောင်လှိုင်၊ အမည်မသိ၊ ဦးဇော်သိန်း၊ ဆရာယဉ်မင်းပိုက်၊ သားကြီးမောင်ဇေယျ

တိုင်းပြည်တစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို ထိန်းသိမ်းဖို့ တာဝန်ဟာ သက်ဆိုင်ရာ တိုင်းပြည်မှာ နေထိုင်သူ ပြည်သူပြည်သားအားလုံးမှာ ရှိတယ်လို့ အကြမ်းဖျင်းပြောနိုင်ပေမယ့် တကယ်တမ်း တာဝန်အရှိဆုံးနဲ့ လုပ်ဆောင်နိုင်စွမ်းအရှိဆုံးက အစိုးရ အာဏာပိုင်အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ ဒီအယူအဆမျိုးကို ဆရာ ဗန်းမော်တင်အောင်က ၁၉၅၇ ဇွန်လ ၁ ရက်ထုတ် လင်းယုန်ဂျာနယ်ရဲ့ ခေါင်းကြီးမှာ ]ငြိမ်းချမ်းရေးတံခါးကို ဖွင့် လော့’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာက အခုလို ရေးသားခဲ့ပါတယ်။

‘ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ နိုင်ငံတော်အစိုးရနှင့် သစ္စာခံလက်နက်ကိုင်တပ်များက တစ်ဖက်၊ နိုင်ငံရေးပါတီများနှင့် လူမျိုးစု အဖွဲ့အစည်းများ၏ လက်နက်ကိုင်တပ်များကတစ်ဖက် စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်လျက် ရှိကြသည်မှာ ၁၀ နှစ်အတွင်းသို့ ဝင်ရောက်လာခဲ့ပေပြီ။ ဤသို့ ၁၀ နှစ် နီးပါးမျှ ဖြစ်ပွားလျက်ရှိသော ပြည်တွင်း စစ်မက်အရေးနှင့် ပတ်သက်၍ တိုင်းပြည်၏ ငြိမ်သက်မှုနှင့် လုံခြုံမှုတို့အတွက် ကြီးစွာသော တာဝန်ကို ခံယူထားရသော ဖဆပလ အဖွဲ့သည်လည်း တာဝန်မရှိဟု ပြောနိုင်လိမ့်မည် ထင်ပါသလော။ သားသမီးမကောင်း မိဘခေါင်းဆိုသော မြန်မာ့ယဉ်ကျေးမှုစကားပုံရှိသည့်အတိုင်း တိုင်းပြည်၌ မကောင်းသမျှတို့သည်လည်း နိုင်ငံရေး အာဏာကို ကြိုးကိုင်ထားသော ဖဆပလ အဖွဲ့၌ တာဝန်ရှိ သလောက် ရှိပေသည်။ မိမိတာဝန်ကိုသိသော မည်သည့် အာဏာလက်ရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းမဆို မိမိတို့၏တာဝန်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင် ခံယူကြရမည်သာ ဖြစ်ပေသည်’ ဆိုပြီး ရေးသားခဲ့ပါတယ်။

‘ယခုအခါတွင် တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၉ နှစ်ကျော်ကျော် ၁၀ နှစ်နီးပါးခန့်မျှ လက်နက်အားကိုးဝါဒဖြင့် ထိန်းသိမ်းရယူရာ၌ အောင်မြင်ခြင်းမရှိခဲ့သော ဖဆပလ အဖွဲ့သည် နိုင်ငံရေးအရ နည်းလမ်းများ ပွင့်လာပြန်သောအခါ၌လည်း ထိန်းသိမ်းရယူခြင်းပြုရန် တင်းတင်းမာမာ ပြုလုပ်နေပြန်ပေသည်။ ဤသို့ပြုလုပ်နေခြင်းအား နားမလည်နိုင်စရာ ဖြစ်နေပေသည်’ ဆိုတဲ့ သုံးသပ်ချက်တွေ၊ တိုက်တွန်းချက်တွေကို ကြည့် ရင် ဆရာဗန်းမော်တင်အောင်ရဲ့  ငြိမ်းချမ်းရေးဆိုင်ရာ စိတ်ဓာတ်နဲ့ ရပ်တည်ချက်တွေ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။

(လေး)

ပြည်သူ့ နှလုံးအိမ်ထဲမှာ

ဆရာဗန်းမော်တင်အောင်ဟာ ‘လူ’ နဲ့ ‘စာ’ ထပ်တူကျအောင် နေခဲ့သူလည်း ဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်တစ်လျှောက် ကလောင်စွမ်းနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် တာဝန်ကျေပွန်ခဲ့တဲ့ စာရေးဆရာတစ်ဦး ဖြစ်တယ်။ သူဟာ ပြည်သူ့ဘက်က ခိုင်မာစွာရပ်တည်ပြီး မိမိယုံကြည်ချက်အပေါ် မသွေဖည်ဘဲ ရဲရင့်ပြတ်သားစွာ ကလောင်ဖြင့် တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ သူ့ဘဝနဲ့ ပတ်သက်ပြီး ‘ကျွန်တော့ဘဝမှာ အတ္တဆိုလို့ မခင်ဦးကိုချစ်တဲ့ အချစ်တစ်ခုတည်းပဲ ရှိပါတယ်ဗျာ’ဟု ပြောခဲ့ သလို ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူဖြစ်ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဦးတင်မြင့်၊ ဆရာမောင်စိုးသူ၊ ဦးစိုးမြင့်၊ အမည်မသိ၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဦးမောင်မောင်ခင်၊ သခင်သိန်းမောင်၊ ဒေါက်တာလှမြင့်၊ ခင်မောင်ညို(ဘောဂဗေဒ)

သူ့ဘဝတစ်လျှောက် အချိန်ပြည့် စာပေနဲ့ နိုင်ငံရေးကိုသာ သူ့ဘဝကို နှစ်မြှုပ်ထားရာ သူ့မိသားစုအပေါ် တာဝန်ပျက်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် မိသားစုရဲ နားလည်မှုကို မရခဲ့ပါဘူး။ ဆရာ့ရဲ့ နောက်ဆုံးခရီးဈာပနမှာ ဆရာ့ဇနီး ဒေါ်ခင်ဦးက “ကျွန်မ သူ့ကိုစောစောပိုင်းက အတော်လေး အထင်သေးခဲ့တယ်။ သူ့ကို ပွင့်ပွင့်လင်းလင်းလည်း ဝေဖန်ခဲ့တယ်။ သူဟာ သူ့သားမယား၊ သူ့ အိမ်ထောင်ကို ဂရုမစိုက်ဘူး။ သူ့နိုင်ငံရေး၊ သူ့စာပေနဲ့သာ ပျော်မွေ့နေခဲ့တယ်။ စီးပွားရေးတို့၊ ဘာတို့ဆိုတာကို လုံးဝထည့်မတွက်ဘူး။ ကျွန်မ သူ့အပေါ် အတော်မကျေမနပ်ဖြစ်ခဲ့တယ်။ အခုတော့ ကျွန်မ မှားမှန်းသိရပါပြီ။ သူ့ကို အခုလို ပြည်သူလူထုက လေးစား ကြည်ညိုမှုကို ကျွန်မ အရင်က အထင်ကြီးခဲ့တဲ့ ငွေကြေးနဲ့ စီးပွားရေးနဲ့ ဝယ်လို့မရဘူးဆိုတာ ကျွန်မအခု သဘောပေါက်ပါပြီ။ သူ့ အပေါ်လည်း အမြင်မှန်ရပါပြီ” ဟုထုတ်ဖော်ပြောကြားခဲ့ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ကိုဗညားဦး၊ ဒေါ်ခင်ဆွေဦး၊ ဦးတင်ဦးလေး

ဆရာဟာ မိုးဝေမဂ္ဂဇင်းမှာ ‘ဂျက်လန်ဒန်၏ ဘဝခရီး’အတ္ထုပ္ပတ္တိကြီးကို အခန်းဆက်ရေးသားနေရာမှ ကင်ဆာရောဂါ ကြောင့် ၁၉၇၈ အောက်တိုဘာလ ၂၃ ရက် ညတွင် ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၉ နှစ်ရှိပြီး ဇနီး ဒေါ်ခင်ဦး နှင့် သားသမီး ၆ ဦး (တင်သန်းယု၊ နုနုရီ၊ ခင်မာကြည်၊ အေးအေး မွန်၊ မောင်ဗဟိန်းအောင်၊ မောင်ကျော်ဇောအောင်) တို့ ကျန်ရစ်ခဲ့ပါတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့  ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို ၁၉၇၈ အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန်ဆေးရုံကြီးမှ ကြံတောသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းခဲ့ ပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဝဲမှယာ – ဦးကျော်လှိုင်၊ ဦးတင်အောင်၊ ယမုံ၊ ဇော်နောင်၊ ဒေါ်ခင်ဆွေဦး၊ ဦးဌေးမောင်၊ ပါရဂူ၊ ဟံသာဝတီဦးဝင်းတင်၊ ဦးမောင်မောင်အေး၊ ခင်မောင်ညို(ဘောဂဗေဒ)

ဆရာ့ကို ဂူသွင်းမြှုပ်နှံခဲ့တဲ့ နေရာဖြစ်တဲ့ ကြံတောသုသာန် ကြီးတစ်ခုလုံးကိုလည်း စစ်အစိုးရလက်ထက်မှာ ဖျက်ဆီးပစ်ခဲ့ပါတယ်။ သူ့စာတွေဟာ အုတ်ဂူတည်တာထက် ပိုပြီး အမှတ်တရဖြစ်မယ့်အကြောင်း၊ ပြည်သူ့ဘက်ကရပ်ပြီး ပြည်သူ့ အကျိုးပြုစာတွေ ရေးသားပြုစုသွားခဲ့သူတစ်ဦးအတွက် အုတ်ဂူမလိုပါဘူး။ သူ့ စာတွေက ပြည်သူရဲ့နှလုံးအိမ်ထဲမှာ အုတ်ဂူအဖြစ် တည်ရှိနေပါလိမ့်မယ်။ သူ့အကြောင်း၊ သူ့စာပေတွေကတော့ လုံးဝပျောက်ပျက်သွားမှာမဟုတ်ပါဘူးလို့ ဆရာပါရဂူကရေးသားခဲ့ဖူးပါတယ်။

mk-69-memoir

Photo – Tun Win Nyein

ဆရာဗန်းမော်တင်အောင်ကွန်လွန်ခြင်း နှစ် ၃၀ မြောက်အထိမ်းအမှတ်အခမ်းအနားတွင် အကျွေးအမွေးဖြင့် ဧည့်ခံစဉ်


#mawkun #magazine #chronicle #Memoir #no69


 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."