အောင်ထူးနိုင်
ရန်ကုန် -၂၀၂၀ မတ် ၁၃ (မော်ကွန်း)
COVID 19 သတင်းမှားတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကြောင့် ပြည်သူအများစိုရိမ်ပြီး ဆန်တွေဝယ်ယူစုဆောင်း နေကြတာကြောင့် ဈေးကွက်တည်ငြိမ်ရေးနဲ့ ဖူလုံရေး ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆန်စပါးအသင်းက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Covid-19 ရောဂါကို ကပ်ရောဂါ(Pandemic) အဖြစ် သတ်မှတ်လိုက်ပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဆန်အတွက် စိတ်ပူစရာမလိုဘူးလို့လည်း ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ဆန်အတွက်ဆိုရင်တော့ လလောက်မပြောနဲ့ တစ်နှစ်လုံးတောင် တောင့်ခံနိုင်တယ်”လို့ ဝါးတန်းလမ်းကုန်စည်ဒိုင်က ဆန်လုပ်ငန်းရှင် ဦးအေးလွင်က ပြောပါတယ်။
စိုးရိမ်လွန်ပြီး ဆန်တွေအများကြီးဝိုင်းဝယ်တဲ့အခါ ဆန်ဈေးတွေ တက်သွားနိုင်တာကြောင့် လိုအပ်သလောက်ပဲ ဝယ်စေချင်တယ်လို့ဆိုပါတယ်။
“အဓိကတော့ ကြောက်လန့်ပြီး လျှောက်မဝယ်ကြဖို့ အရေးကြီးတယ်။ စီးပွားရေးသမားကတော့ ကစားမှာပဲ၊ စီးပွားရေးသမားကစားတာကို ကိုယ်က မလိုအပ်ဘဲ သွားပြီးလှုံ့ဆော်ရင် ဈေးက အပေါ်ကို ရောက်သွားမှာပဲ။”လို့ သူက ပြောပါတယ်။
၂၀၀၈ နာဂစ်မုန်တိုင်းမှာတောင် လူပေါင်းသိန်းချီပြီးသေဆုံးခဲ့ပေမယ့် ဆန်နဲ့ပတ်သက်လို့ အခက်အခဲမဖြစ်ခဲ့တဲ့အတွက် လက်ရှိအခြေအနေအတွက်တော့ စိတ်ပူပန်စရာမရှိဘူးလို့ သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း ဆန်ဖူလုံမှုရှိပြီး အရန်ဆန်တွေလည်းရှိတယ်လို့ ဒီနေ့မွန်းလွဲပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဆန်ဈေးကွက်တည်ငြိမ်ဖို့အတွက် အစိုးရအပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေဖြစ်တဲ့ ဆန်စပါးကုန်သည်တွေ၊ ဆန်စက်လုပ်ငန်းရှင်တွေအစရှိတဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အသိပေးပြောဆိုပါတယ်။
အစိုးရဆီမှာ အရန်ဆန် တန်ချိန်တစ်သောင်းခွဲရှိတယ်လို့ နေပြည်တော်မှာဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။
Photo – Lwin Moe Oo
#Dailynews