ဗညားအေးကျော်
ရန်ကုန်- ၂၀၂၀ ဧပြီ ၂၃ (မော်ကွန်း)
စစ်ရေးပဋိပက္ခအရှိန်မြင့်တတ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်မှာ ဆန်ပြတ်လပ်မှု စတင်ကြုံနေရပြီလို့ ဒေသခံတွေနဲ့အာဏာပိုင်တွေက ပြောပါတယ်။
တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲအရှိန်တွေမြင့်တတ်လာတာကြောင့် အရပ်သားသေဆုံးမှုတွေ ဖြစ်ပေါ်နေသလို ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာလည်းကြာခဲ့ပြီလို့ ဒေသခံတွေက ပြောကြတယ်။
“ ဒုက္ခက တောက်လျှောက်ဒုက္ခဖြစ်နေမှာပဲ။ ဖြန့်ဝေပေးရေးကလည်း သမင်မွေးရင်းကျားစားရင်းလို ဖြစ်မှာပေါ့။ ထောက်ပံ့လိုက်၊ စားလိုက်၊ ကုန်သွားလိုက်နဲ့ ဒီလိုပဲဖြစ်နေမှာ။ စိုက်ပျိုးရေးမှမလုပ်နိုင်တာကို၊ ဒီနှစ်မစိုက်နိုင်ရင် နောက်နှစ်တစ်နှစ် ဒုက္ခရောက်သွားပြီဆိုတာ ကြိုမှန်းလို့ရတာပေါ့” လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။
ဒေသခံတွေရဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဟာ တိုက်ပွဲတွေကြောင့်ရပ်တန့်နေပြီး ဒေသတွင်းရိက္ခာလိုအပ်ချက်ကို ပိုမိုခက်ခဲလာစေမယ့်လို သူကခန့်မှန်းပါတယ်။
လတ်တလောမှာ ချင်းပြည်နယ်အစိုးရက ထောက်ပံ့ပေးလိုက်တဲ့ ဆန်အိတ် ၈၂၀ ရောက်လာပေမယ့် ဒါတွေဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ မရှိဆင်းရဲသားတွေအတွက်သာဖြစ်ပြီး အခြားမြို့နေလူထုကို ဖြန့်ဝေဖို့အထိ မဖြစ်နိုင်ဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ဒီဆန်တွေထဲက ၂၂၉ အိတ်ကို ပုံမှန်ဝင်ငွေမရှိတဲ့သူတွေကို ဖြန့်ဝေပေးထားပြီး ကျန်တာတွေကိုတော့ ပလက်ဝမြို့ပေါ်ကို စစ်ဘေးရှောင်အဖြစ်ရောက်နေတဲ့ လူသုံးထောင်ကျော်အတွက် မေ ၈ ရက်အထိ ရိက္ခာအဖြစ် ထုတ်ပေးလိုက်ပြီလို့ ဦးအောင်လောဟာက ရှင်းပြတယ်။
ဆန်လိုအပ်ချက်မြင့်မားနေတဲ့ မြို့ပေါ်ကအခြားသူတွေအတွက်တော့ နောက်ထပ်အထောက်အပံ့တွေ ရောက်လာတဲ့အခါ ဖြန့်ဝေနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သူကဆိုပါတယ်။
“နောက်ထပ်ဝင်ဖို့ရှိတယ်၊ အဲဒါက ဧပြီ ၂၅ မှ ထွက်လာမယ်ပြောတယ်။ ဆမီးမှာလည်း ပလက်ဝအတွက် ရှိတယ်၊ ဒါပေမဲ့ လမ်းကြောင်းက မလုံခြုံတော့ သယ်ဖို့ခက်နေတာပေါ့။ မြို့ပေါ်ကလူတွေကိုမပေးနိုင်ဘူးဆိုတာ (ရိက္ခာ) အင်အားမလောက်ဘူး။ အိတ်လေးငါးထောင်လောက်ရမှပဲ အကုန်ပေးလို့ရမှာပေါ့” လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒေသခံတွေကတော့ ပလက်ဝမြို့ပေါ်မှာရော ကျေးရွာတွေမှာပါ ဆန်ရှားပါးလွန်းနေပြီး ဝယ်ယူဖို့ အခက်ကြုံနေရသလို ဈေးနှုန်းတွေလည်း ခေါင်ခိုက်အောင် မြင့်တက်နေတယ်လို့ ဆိုကြတယ်။
“ မြို့ပေါ်မှာဆန်က ဝယ်လို့မရတော့ဘူး၊ လက်လုပ်လက်စားသမားတွေဆို ယမ်ယမ်ခေါက်ဆွဲခြောက်ကို ပြုတ်စားနေတဲ့အခြေ အနေဖြစ်နေတယ်။ ပြောမယ်ဆိုအခြေအနေက တော်တော်လေးကို ဆိုးနေတယ်၊ သေလုမျောပါးပုံစံဖြစ်နေတာပေါ့” လို့ ပလက်ဝမြို့က တင့်ထွန်းအောင်ပရဟိတအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်သူ ဦးတင့်ထွန်းအောင်က ပြောပါတယ်။
ယခင်တုန်းက ကျပ်နှစ်သောင်းခွဲဝန်းကျင်သာရှိတဲ့ ဆန်းကြမ်းတစ်အိတ်ဈေးနှုန်းဟာ အခုဆိုရင် ကျပ် ခုနှစ်သောင်းနဲ့ ရှစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေပြီး ဝယ်ချင်ရင်တောင် ဝယ်လို့မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း သူကပြောပြတယ်။
ပလက်ဝကို ဆန်အိတ်ရှစ်ရာကျော်ရောက်ရှိသွားအောင် ပေးပို့နိုင်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ သယ်ယူပို့ဆောင်ပေးခဲ့သူတွေကို ဧပြီ ၁၉ ရက်မှာ ချီးကျူးဂုဏ်ပြုထားပြီး AA တပ်ဖွဲ့ကိုတော့ အကြမ်းဖက်အဖွဲ့အဖြစ် ရှုံ့ချခဲ့ပါတယ်။
တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် ခြောက်ထောင်ကျော်အထိရှိလာပြီလို့ စစ်ဘေးရှောင်အရေးကူညီသူတွေက ပြောပါတယ်။
Photo- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ဘ်ဆိုက်
ပုံစာ- ပြီးခဲ့တဲ့ ဧပြီ ၁၉ က ပလက်ဝမြစ်ဆိပ်တွင် ရိက္ခာသယ်ယူနေကြသည့် ဒေသခံများ
#Dailynews