ဆန်တင်ပို့မှုလျာထားချက်ပြည့်မယ်လို့ဆို၊ အရန်ဆန်ကိုဈေးနှုန်းသက်သာစွာ အစိုးရရောင်းချပေးနေ

ဆန်တင်ပို့မှုလျာထားချက်ပြည့်မယ်လို့ဆို၊ အရန်ဆန်ကိုဈေးနှုန်းသက်သာစွာ အစိုးရရောင်းချပေးနေ

ကျော်ဇေယျ
ရန်ကုန်-၂၀၂၀၊ သြဂုတ် ၂၁ (မော်ကွန်း)

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေပေမယ့် ဒီနှစ်အကုန်မှာ မျှော်မှန်းထားတဲ့ ဆန်တင်ပို့မှုကို ပြည့်မီအောင်ဆောင်ရွက်နိုင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဠ ဦးရဲမင်းအောင်က ပြောပါတယ်။

လက်ရှိအချိန်အထိ ဆန်တန်ချိန် ၂ ဒဿမ ၃ သန်းကျော်တင်ပို့ထားနိုင်ပြီး စက်တင်ဘာမှာကုန်မယ့် ဒီဘဏ္ဍာနှစ်အဆုံးမှာ မျှော်မှန်းထားတဲ့ ဆန်တန်ချိန် ၂ ဒဿမ ၄ သန်းကို ပြည့်မှီသွားဖို့ရှိတယ်လို့ ဒီနေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ သူက ပြောပါတယ်။

“ ဝင်ငွေအားဖြင့်လည်း ဒီနှစ်ကျနော်တို့ ဆန်တင်ပို့မှုကနေ (မနှစ်ကထက်) ဒေါ်လာသန်း ၁၀၀ ကျော် ပိုရထားပါတယ်။ အခုအချိန်အထိ ဒေါ်လာ သန်း ၇၀၀ ကျော် ရထားပြီး စက်တင်ဘာလကုန်လောက်ကျရင် သန်း ၈၀၀ ကျော်အထိ ရမယ် လို့ ခန့်မှန်းထားပါတယ်” လို့ ပြည်ပဆန်တင်ပို့မှုအခြေအနေကို သူက ရှင်းပြတယ်။

လာမယ့်နှစ်မှာ ပြည်ပဆန်တင်ပို့မှုက နေ ဒေါ်လာသန်း ၁,၀၀၀ အထိ ရဖို့ မျှော်မှန်းထားတယ်လို့လည်း သူက ဆိုပါတယ်။
ဒါအပြင် မြန်မာ့ဆန်နဲ့ဆန်ကွဲကို ဝယ်ယူချင်တဲ့နိုင်ငံတွေ များလာနေပြီး ယခင်က နိုင်ငံ ၄၀ နဲ့ ၅၀ ကြားသာ တင်ပို့ခဲ့ရပေမယ့် ဒီနှစ်ဆိုရင် နိုင်ငံ ၆၆ နိုင်ငံအထိ တင်ပို့ခဲ့ရတယ်လို့ သူကပြောတယ်။

ပြည်တွင်း ရိက္ခာဖူလုံမှုအတွက်လည်း အရန်ဆန်တန်ချိန် ၅၀,၀၀၀ လောက် စုဆောင်းထားပြီး တစ်အိတ် ၂၂,၈၀၀ ကျပ်နဲ့ ဧည့်မထဆန်အမျိုးအစားကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ကနေ ဖြန့်ဖြူးပေးနေပြီး ဒေသအကွာအဝေးကိုလိုက်ကာ ဆန်တစ်ပြည်ကို ကျပ် ၁,၀၀၀၊ ၁,၀၅၀၊ ၁,၁၀၀ ထက်မပိုစေဘဲ အများပြည်သူကို ရောင်းချပေးနေတယ်လို့ သူကပြောတယ်။

ဒီဆန်အမျိုးအစားကို သတ်မှတ်ဈေးနှုန်းထက်ပိုရောင်းတဲ့သူတွေကိုလည်း စားသုံးသူတွေက သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ စားသုံးသူရေးရာဦးစီးဌာနတွေကို တိုင်ကြားအသိပေးနိုင်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ဆန်းစပါးအသင်းချုပ်ရဲ့အထွေထွေအတွင်းရေးမှူးဦးလူမော်မြင့်အောင်ကတော့ လာမယ့်နှစ်မှာ မြန်မာ့ဆန်ကို လိုချင်တဲ့ ဝယ်လက်တွေများနေတယ်လို့ ဒီနေ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါအပြင် အဓိက ဝယ်လက်နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ ယခင်က ကုမ္ပဏီ ၁၀ ခုလောက်သာ တရားဝင်အသိအမှတ်ပြုထားပေမယ့် အခုဆိုရင် ကုမ္ပဏီပေါင်း ၄၀ ကျော်အထိ အသိအမှတ်ပြုတင်ပို့ခွင့် ပြုလာတယ်လို့ ဦးလူမော်မြင့်အောင်က ရှင်းပြတယ်။

အိမ်နီးချင်းဆန်တင်ပို့တဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့မှာ ယခုနှစ် ဆန်အထွက်လျော့ဖို့ ရှိနေပြီး မြန်မာ့ဆန်ကို ကြိုတင်လိုချင်လို့ မှာချင်နေတဲ့ ဝယ်လက်နိုင်ငံတွေတောင် ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ဒီနှစ် မိုးစပါးပေါ်ချိန်မှာ အခြေခံစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၅၂၀,၀၀၀ သတ်မှတ်ပေးထားပြီး ဒီထက် ဈေးလျှော့ ဝယ်ယူမှုတွေရှိရင် သက်ဆိုင်ရာ လယ်သမားအသင်းအဖွဲ့တွေကတစ်ဆင့် အစိုးရဌာနတာဝန်ရှိသူတွေကို တင်ပြ နိုင်တယ်လို့ လည်း ဒီနေ့ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေက ရှင်းပြပါတယ်။

သတ်မှတ်အခြေခံဈေးနှုန်းထက် နိမ့်တဲ့ စပါးဈေးဖြစ်ပေါ်ခဲ့ရင် အစိုးရအစီအစဉ်နဲ့ ဝင်ရောက်ဝယ်ယူဖို့ ရှိနေပြီး လက်ရှိမှာ ဒီလို စပါးဝယ်ယူဖို့အတွက် ပမာဏလျာထားမှုအဖြစ် ငွေကျပ် ၁၅ ဘီလီယံကနေ ၂၀ ဘီလီယံအထိ အစိုးရက ပြင်ဆင်ထားတယ်လို့ အသင်းဥက္ကဠ ဦးရဲမင်းအောင်က ပြောပါတယ်။

ပုံစာ – ဗိုလ်တထောင်ဆိပ်ကမ်းတွင် သြဂုတ်လဆန်းပိုင်းက ရေကြောင်းမှတင်ဆောင်လာသော ဆန်အိတ်များအား အလုပ်သမားများက သယ်နေသည့် မြင်ကွင်း။
ဓါတ်ပုံ – ဂေထော


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."