ရန်ကုန် – ၂၀၂၃ ဩဂုတ် ၇ (မော်ကွန်း)
တရှိန်ထိုးတက်နေတဲ့ဆန်ဈေးကို ပြန်ကျအောင်လုပ်ဖို့ ဖြေရှင်းမှုအဖြစ် ဈေးကွက်အတွင်းကို သိမ်းထားတဲ့အရံဆန်တွေ ထုတ်ရောင်းတဲ့အစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီနေ့စတင်ပါတယ်။
ဒါပေမဲ့ မှတ်ပုံတင်တစ်ကတ်ကို တစ်လဆန်နှစ်အိတ်သာရောင်းပေးမှာဖြစ်ပြီး လိုချင်သူတွေက ရန်ကုန်မြို့က ဝါးတန်းလမ်းနဲ့ ဘုရင်နောင်ကုန်စည်ဒိုင်တွေအထိ လာဝယ်ရမှာဖြစ်ပါတယ်။
ပြင်ပမှာ တစ်သိန်းကျော်ဈေးပေါက်တဲ့ ပေါ်ဆန်းတစ်အိတ်ကို ၉၄,၀၀၀ ကနေ ၉၇,၀၀၀ ကျပ်၊ ပေါက်ဈေး ၁၃၀,၀၀၀ ကျပ်ခန့်ရှိတဲ့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၁၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ်၊ ပြင်ပပေါက်ဈေး ၇၀,၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့ ဧည့်မထဆန်တစ်အိတ်ကို ၆၀,၀၀၀ ကနေ ၆၅,၀၀၀ ကျပ် နှုန်းနဲ့ ဈေးလျှော့ပြီး ရောင်းချပေးနေတာလို့ ဆန်ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ ဒီနေ့တော့ လာဝယ်တဲ့သူတွေ တော်တော်များပါတယ်။ အခုက ကုန်စည်ဒိုင်ကနေ တစ်ဦးချင်း ရောင်းပေးနေတာပေါ့။ မှတ်ပုံတင်တစ်ကတ်ကို နှစ်အိတ်ဝယ်လို့ရမယ်။ နောက်ပိုင်းမှာတော့ ရပ်ကွက်ဈေးတွေက လက်လီဆိုင်တွေဆီပါ နှုန်းထားတစ်ခုနဲ့ ရောင်းပေးသွားမယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် အခုအစီအစဉ်ကို ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စက်ရုံ၊အလုပ်ရုံနဲ့ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့လည်း သက်ဆိုင်ရာဌာန၊ စက်ရုံ၊ အလုပ်ရုံတွေရဲ့ တင်ပြစာနဲ့ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန် ထားပါတယ်။
ဆန်းစပါးအသင်းရဲ့ လက်ရှိတစ်ဦးချင်းကို ရောင်းပေးတဲ့ နှုန်းထားတွေဟာ ပြင်ပအိတ်လိုက်ရောင်းဈေးတွေနဲ့ သိပ်အကွာကြီးမဟုတ်ဘူးလို့ ဆန်လက်လီလက်ကားရောင်းချနေသူတစ်ဦးက ပြောပြီး ဒီလိုနှုန်းတွေနဲ့ ရပ်ကွက်အတွင်းက လက်လီသမားတွေကို ရောင်းပေးမှသာ ဆန်ဈေးကကျလာမှာလို့ သူကဆိုတယ်။
“ ကျွန်တော်တို့ဝယ်ထားတုန်းကတော့ အမြင့်ဈေးဖြစ်နေတော့ ဈေးတော့မချနိုင်သေးဘူး။ သူတို့အနေနဲ့ လက်လီဆိုင်တွေကိုပါ ဒီလိုဈေးနှုန်းတွေနဲ့ ချရောင်းပေးမယ်ဆို ပိုကောင်းတာပေါ့” လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က အိမ်ရှင်မတစ်ဦးကတော့ ဆန်ဈေးနှုန်းကျဆင်းစေဖို့ ရောင်းချတာကို ကြိုဆိုပေမယ့် ဝါးတန်းလမ်းနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ လာဝယ်ရမယ်ဆိုတာက အများပြည်သူလက်လှမ်းမမီဘူးလို့ ဆိုပါတယ်။
“ ကျွန်မတို့က ဘုရင့်နောင်ထိသွားဝယ်လို့ အဆင်မပြေဘူးလေ။ ပြီးတော့ အိတ်လိုက်ထောင်နိုင်တဲ့အိမ်တွေပဲ ဝယ်နိုင်မှာပေါ့။ အခုက ၁၀ ပြည်၊ ၁၅ ပြည်အလိုက် ဝယ်သူတွေဆို အဆင်မပြေဘူး။ ပြီးတော့ ဈေးတွေမှာ လာရောင်းပေးရင်တော့ ပိုအဆင်ပြေမှာပေါ့။ ဒါမှမဟုတ်လည်း ရပ်ကွက်အလိုက် ရောင်းပေးရင်လည်း ပိုအဆင်ပြေမယ်” လို့ အိမ်ရှင်မက ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းစားနေတဲ့ ဆန်ဈေးတွေ မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ၊ ကျားပျံ တစ်အိတ် ကျပ် ၁၁၀,၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၆,၀၀၀၊ ဆင်းသွယ်တစ်အိတ် ကျပ် ၈၆,၀၀၀ နှင့် ဇီယာရှယ်တစ်အိတ် ကျပ် ၇၉,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းတွေ ဖြစ်နေတာပါ။
ဆန်ဈေးနှုန်းကျဆင်းအောင် ရည်ရွယ်ပြီး အရန်ဆန်အိတ်ငါးသောင်းကို ဈေးကွက်ထဲ ထုတ်ရောင်းမယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းက ဝါးတန်းလမ်း ကုန်စည်ဒိုင်မှာ ဆန်ရောင်းချနေတဲ့မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း
#Dailynews

