ဆန်စပါးအသင်းချုပ်ကသတ်မှတ်တဲ့စပါးစျေး တောင်သူတွေ တွက်ခြေမကိုက်

ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၂၁ (မော်ကွန်း)

ယခုနှစ် မိုးစပါးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်လိုက်တဲ့ ရည်ညွှန်းဈေးနှုန်းဟာ လယ်သမားတွေ တွက်ခြေမကိုက်နိုင်ဘူးလို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

စပါးတင်း ၁၀၀ ကို ရွှေဘိုပေါ်ဆန်း ကျပ် ၁၈ သိန်းမှ သိန်း ၂၀၊ ဧရာဝတီပေါ်ဆန်း ကျပ် ၁၆ သိန်းမှ ၁၈ သိန်း၊ ဧည့်မထ/ငစိန်စပါး ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ဧရာမင်း၊ ဧရာပဒေသာစပါး ကျပ် ၁၆ သိန်းမှ ၁၈ သိန်း အတွင်း သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ်မှာ ထွက်ရှိမယ့် မိုးစပါးတွေကို အသင်းဝင်ကုမ္ပဏီတွေ၊ ဆန်စပါးကုန်သည်တွေဟာ အထက်ဖော်ပြပါ ဈေးနှုန်းတွေအတိုင်း သတ်မှတ်ဝယ်ယူပေးဖို့ အကြောင်းကြားထားပြီး အဆိုပါ ဈေးနှုန်းနဲ့ ဝယ်ယူဖို့အခက်အခဲရှိပါက အသင်းချုပ်နဲ့ ညီနောင်အသင်းတွေ၊ ကုန်စည်ဒိုင်တွေကို တင်ပြအသိပေးဖို့နဲ့ ဈေးနှုန်းပိုပေးပြီးဝယ်ယူမှုတွေကိုလည်း ဖော်ထုတ်တိုင်ကြားဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့တာပါ။

ဆန်စပါးအသင်းချုပ်က အခုလို ဈေးနှုန်းသတ်မှတ်မှုက တောင်သူတွေနဲ့ ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ် သတ်မှတ်ချက်ဖြစ်နေပြီး အထက်ပါဈေးနှုန်းတွေအတိုင်းရောင်းချပါက တောင်သူတွေ တွက်ခြေမကိုက်နိုင်ဘူးလို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စပါးစိုက်တောင်သူ ဦးတင်ထွန်းက ပြောပါတယ်။

“သူတို့ အဲ့ဒီလိုသတ်မှတ်မယ်ဆိုရင် ဓာတ်မြေဩဇာဈေးနှုန်းတွေကအစ သတ်မှတ်ရမယ်။ ဓာတ်မြေဩဇာတစ်အိတ်ကို တစ်သိန်းဖြစ်နေတာကို ခြောက်သောင်းအထက် ဈေးမတက်ရဘူးတို့ အဲ့ဒါတွေ ပါရမယ်။

ဥပမာ ရေနံဆီ၊ ဒီဇယ်တို့ဆိုရင်လည်း တစ်ဂါလံကို တစ်သောင်းဆိုလည်း တစ်သောင်း အဲ့ဒီထက် ဈေးမတက်ရဘူးလို့ အဲ့ဒါတွေပါရမယ်” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အစိုးရက စပါးတစ်တင်းကို ၄၆ ပေါင်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အပြင်က ကုန်သည်တွေက စပါးတစ်တင်းကို ၅၂ ပေါင်နှုန်းနဲ့ ဝယ်ယူတာဖြစ်လို့ ဒီလိုဈေးသတ်မှတ်မှုက တောင်သူတွေ နစ်နာနိုင်တယ်လို့ ဧရာဝတီတိုင်း ပုသိမ်မြို့က စပါးစိုက်တောင်သူတစ်ဦးကလည်း ပြောပါတယ်။

“ရောင်းချတဲ့ နေရာမှာလည်း တင်းတစ်ရာ ဆိုတဲ့ ဝေါဟာရက အစိုးရမှာက ၄၆ ပေါင်၊ ကျွန်တော်တို့ မြေပြင်မှာ တကယ်ရောင်းနေရတာက ၅၃ ပေါင်တို့ ၅၂ ပေါင်တို့ ရောင်းနေရတယ်။ အဲဒီတော့ တင်းတစ်ခုထဲနဲ့ ဈေးနှုန်းကို ဒီလိုသတ်မှတ်လို့ မသင့်တော်ဘူး။ အလေးချိန်ကအစ သွင်းအားစုတွေကအစ ချိန်ညှိပြီးတော့ သတ်မှတ်ရမှာပေါ့။ မဟုတ်ရင် မတရားဘူး” လို့ ၎င်းက ပြောပါတယ်။

စပါးဈေးတွက်ခြေမကိုက်ပါက နောက်နှစ်တွေမှာ လယ်စိုက်တဲ့တောင်သူနည်းသွားပြီး စပါးအထွက်နှုန်း လျော့ကျလာလိမ့်မယ်လို့ ပုသိမ်မြို့က ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“လက်ရှိ သူတို့သတ်မှတ်တဲ့ဈေးက သိပ်မကိုက်ဘူးပြောကြတယ်။ တကယ်ကတော့ အပြင်မှာ ဈေးကောင်းရင် ကောင်းတဲ့အလျှောက် ပေါက်ဈေးနဲ့ လယ်သမားတွေက ရောင်းကြရတာ။ စပါးဈေးကောင်းရင် တောင်သူတွေ ပိုအဆင်ပြေပြီး စိုက်ချင်ပျိုးချင်ကြမှာပေါ့။ မကိုက်ဘူးဆိုရင်တော့ နောက်နှစ်တွေ စိုက်တဲ့သူနည်းသွားမယ်။ စိုက်ဖို့ စိတ်အားထက်သန်မှုတွေလည်း နည်းသွားမယ်။ အဲ့ဒီတော့ စပါးအထွက်နှုန်းလည်း‌ လျော့နိုင်တာပေါ့” လို့ သူက ပြောပါတယ်။

ပြည်တွင်းမှာ ဆန်ကုန်သည်တွေနဲ့ တောင်သူတွေအတွက် ၂၀၁၉ က စတင်ပြီး အနိမ့်ဆုံး စပါးဈေးအဖြစ် တင်းတစ်ရာ ကျပ်ငါးသိန်းအဖြစ် အစိုးရက သတ်မှတ်ထုတ်ပြန်ပေးခဲ့ပြီး အခုလို ရည်ညွှန်းဈေးသတ်မှတ်တာတော့ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စပါးစိုက်ဧက ၁၇ သန်းကျော် နှစ်စဉ် စိုက်ပျိုးနေပြီး အထွက်နှုန်း တစ်နှစ်ကို ပျှမ်းမျှ တန်ချိန် ၂၇ သန်းခန့် ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ပုံစာ – စပါးစိုက်ပျိုးနေတဲ့ တောင်သူများ
ဓာတ်ပုံ – မော်ကွန်း


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."