ရန်ကုန် – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
ဒီနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး ဒီနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ သီတာမှတ်တိုင်အနီး ၁၄၅ လမ်းထိပ်မှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်ကိုမြင်တွေ့လိုက်သူတွေက မော်ကွန်းကိုပြောပါတယ်။
“ ဆိုက်ကားသမားတစ်ယောက်က ပန်းစည်းကို ဆိုက်ကားမှာချည်ထားတာ၊ အဲဒါကို (စစ်သားတွေ) မြင်တော့ အမျိုးသမီးတစ်ယောက်က ဖြုတ်ပြီးဖွက်လိုက်တာ၊ အဲဒါကို ရပ်ကွက်ရုံးကစာရေးနဲ့ ဒလန်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တိုင်တော့ပါသွားတာ။ ကောင်လေးကကျ သူ့ဟာသူပါဆင်ဂျာကိုပို့ရင်း ပန်းလေးနားရွက်မှာ ထိုးထားတာ၊ ပန်းပန်လို့ဆိုပြီးဖမ်းသွားတာ” လို့ ဖြစ်စဉ်ကိုသိတဲ့ အဲဒီနားမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးကို ဘယ်ကိုခေါ်သွားမှန်းမသိရပေမယ့် သူတို့အဖမ်းခံရအောင်တိုင်သူတွေဟာ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်ရုံးက စာရေးအမျိုးသမီးနဲ့ ရပ်ကွက်ထဲကဒလန်အမျိုးသမီးဖြစ်တယ်လို့ ရပ်ကွက်နေသူတချို့က ပြောပါတယ်။
စစ်ကောင်စီဘက်က ဝါဒဖြန့်ချန်နယ်တွေမှာလည်း ပန်းပန်သူတွေ၊ လူမှုကွန်ယက်မှာ ပန်းပန်ပြီး ပုံတင်သူတွေကိုဖမ်းဆီးဖို့ ပြီးခဲ့တဲ့ရက်တွေကတည်းက လှုံ့ဆော်နေတာတွေ့ရပါတယ်။
ဒီနေ့ကျရောက်တဲ့မွေးနေ့မှာ “ဗေဒါပျံအံကိုခဲပန်းပန်လျက်ပဲ” ဆိုတဲ့ပန်းသပိတ်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပါဝင်ကြဖို့ တော်လှန်ရေးသပိတ်ခေါင်းဆောင်တွေက လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ပုဒ်မပေါင်းများစွာတပ်ကာ လက်ရှိအချိန်မှာထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပါတယ်။
ပုံစာ-တာမွေဒေသခံတွေကြား စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ အမျိုးသမီးနှစ်ဦး ဒီမနက်က စစ်ကောင်စီတပ်သားတွေကို မုန့်ပေးနေပုံ။
Photo-RSN
#Dailynews

