ရန်ကုန် – ၂၀၂၃ ဇွန် ၂၂ (မော်ကွန်း)
ပြီးခဲ့တဲ့နှစ်အတွင်းက ဆန်စပါးထုတ်လုပ်မှုကျဆင်းခဲ့တာကြောင့် ပြည်တွင်းဆန်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
FAO က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ Food Price Monitoring and Analysis အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလိုထည့်သွင်းထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ ဆန်စပါးထုတ်လုပ်မှုဟာ ၂၀၂၂ အတွင်း ကျဆင်းခဲ့တာကြောင့် ပြည်တွင်းဆန်ဈေးကွက်အပေါ် ရိုက်ခတ်မှုများစွာဖြစ်လာခဲ့ပြီး ပြည်တွင်းမှာရောင်းချတဲ့ဆန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်လျက်ရှိတယ်လို့ အစီရင်ခံစာကဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာစားသုံးနေတဲ့ ဧည့်မထဆန်ရဲ့ ဈေးနှုန်းဟာ ၂၀၂၂ မေလကဈေးနှုန်းနဲ့ ယခုနှစ်ဈေးနှုန်းဟာ ၁၂၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းနဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့ကျခဲ့ကာ ပြည်တွင်းဆန်ဈေးနှုန်းအပါ် သက်ရောက်မှုတွေဖြစ်လာခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ပြည်တွင်းမှာ ဆန်စပါးထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ မြေဩဇာအပါအဝင် သွင်းအားစုအားလုံးနီးပါးဟာဈေးတက်နေပြီး တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်က စပါးထုတ်လုပ်မှု အနည်းငယ်လျော့ကျခဲ့တယ်လို့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ဆန်ထွက်နှုန်းက ဒီနှစ်လျော့နိုင်တယ်ဆိုတာ ဟုတ်တယ်၊ ကျွန်တော်တို့ဘက်မှာတောင် အရင် ဧက ၁၀၀ စိုက်တဲ့သူက ထက်ဝက်လောက်ပဲစိုက်နိုင်တာတွေ ရှိလာတယ်၊ အရင်က မြေဩဇာ နှစ်အိတ်ထည့်ရမယ့်စိုက်ခင်းက အခု တစ်အိတ်ပဲ ထည့်နိုင်တော့တယ်၊ အဲ့ဒီတော့ အထွက်နှုန်းက ကျတာပေါ့” လို့ အဆိုပါ စပါးစိုက်တောင်သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်အာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ စားနပ်ရိက္ခာမလုံလောက်မှုတွေဟာ စိုးရိမ်ရတဲ့အဆင့်မှာရှိနေပြီး နိုင်ငံရဲ့ လူဦးရေရဲ့ ၁၅ သန်းကျော်ဟာ ၂၀၂၃ မှာ စားနပ်ရိက္ခာမလုံခြုံမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ FAO က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ်ပျှမ်းမျှ စပါးတန်ချိန် ၂၇ သန်းကျော် ထွက်ရှိနေရာက ၂၀၂၂ မှာတန်ချိန် ၂၄ ဒသမ ၇ သန်းသာ ထွက်ရှိခဲ့ပြီး ရှစ်ရာခိုင်နှုန်းခန့် အထွက်လျော့ကျသွားတယ်လို့ FAO က ထုတ်ပြန်ထားပါတယ်။
ပုံစာ – တောင်သူများ စပါးရိတ်သိမ်းနေပုံ
ဓာတ်ပုံ – FAO
#Dailynews

