ဂွ- ၂၀၂၅ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း)
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ကျိန္တလီမြို့မှာ မနေ့က ထပ်ကြဲချတဲ့ဗုံးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။
ကျိန္တလီမြို့ရဲ့ အမှတ်(၁) ရပ်ကွက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးသုံးလုံးကြဲချခဲ့တာလို့ ပြောပါတယ်။
” တစ်နေရာထဲကိုပဲ ဗုံးသုံးလုံးချတာ။ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေက မိသားစုဝင်တွေပါ။ နှစ်ယောက်က ပွဲချင်းပြီးသေတယ်။ တစ်ခြားသူတွေကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေကြပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ကျိန္တလီမြို့ဟာ ရခိုင်ပြည်နယ်တောင်ဘက်စွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်ထဲမှာ ပါဝင်ပြီး ဒီသီတင်းပတ်အတွင်းမှာတင် သုံးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။
ဒီဗုံးကြဲမှုတွေအတွင်း ကျိန္တလီမြို့က အရပ်သားသုံးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။
မော်ကွန်းက သီးခြားစုစည်းထားတဲ့စာရင်းအရ ဒီနှစ်အစကနေ ယနေ့အထိ ရခိုင်ပြည်နယ်ထဲကမြို့ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သား ၄၀ ကျော် သေခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပုံစာ- ကျိန္တလီမြို့ကို လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတစ်ဦး။
ဓါတ်ပုံ- APM

