ကျော်ဇေယျ
ရန်ကုန်- ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း)
အစိုးရစီမံမှုအောက်မှာရှိတဲ့ ဂေဟာတွေကို ပေးပို့လာတဲ့ မိဘမဲ့နဲ့စွန့်ပစ်ကလေးငယ်အရေအတွက်ဟာ တစ်နှစ်ကို ပျမ်းမျှ ၇၀ နီးပါးရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေးဝန်ကြီးဌာနက ပြောပါတယ်။
၂၀၁၁ ကနေ ၂၀၁၉ အထိ စွန့်ပစ်နဲ့ မိဘမဲ့ကလေးငယ်ပေါင်း ၆၂၅ ဦးကို အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိကဂေဟာတွေက ပေးပို့ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနရဲ့ ဂေဟာတွေက လက်ခံစောက် ရှောက်ပေးခဲ့ရတယ်လို့ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ရှင်းပြတယ်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုရဲ့ မိဘမဲ့နဲ့စွန့်ပစ်ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ဂေဟာတွေကို ဥပဒေနဲ့အညီကြီးကြပ်ဖို့၊ သူတို့ကို မွေးစာရင်းပြုလုပ်ပေးမှုအခြေအနေနဲ့ ဂေဟာတွေကိုအကြောင်းပြ အမြတ်ထုတ်ဆောင်ရွက်မှုတွေရှိ၊မရှိ သိလိုကြောင်းမေးမြန်းမှုကို ပြန်ရှင်းလင်းရာမှာ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောခဲ့တာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာ ကလေးသူငယ်စောင့်ရှောက်တဲ့ဂေဟာပေါင်း ၂၄၅ ခုရှိပြီး အသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ် ဥပဒေအရ ဂေဟာအားလုံးကို မှတ်ပုံတင်ပြန်လုပ်ကြဖို့ ညွှန်ကြားထားတယ်လို့လည်း ဒုတိယဝန်ကြီးက ရှင်းပြတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်း လူငယ်သင်တန်းကျောင်း ၁၁ ကျောင်းမှာ ကလေးသူငယ် ၂၄၀၀ ကျော်ကို ထိန်းသိမ်းကာ အသက်မွေးပညာရပ်တွေကို သင်ကြားပေးနေတယ်လို့ ဦးစိုးအောင်ကပြောတယ်။
ဘဏ္ဍာငွေရရှိမှုအနည်းဆုံးဝန်ကြီးဌာနတွေထဲကတစ်ခုဖြစ်တဲ့ ဒီဝန်ကြီးဌာနအနေနဲ့ တိုးမြှင့်ရရှိမယ့်ဘဏ္ဍာငွေ အပေါ်မူတည်ပြီး ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာတွေကို တိုးချဲ့ဖွင့်လှစ်ဖို့ ရှိတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။
ပုံစာ- ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ရှိ Y.G.W လပွတ္တာဌာန၊ ပရဟိတမိဘမဲ့ကျောင်းတွင် စောင့်ရှောက်ထားသည့် ကလေးငယ်များ ဝတ်ပြုဆုတောင်းမှုပြုလုပ်နေစဉ်။
#Dailynews