စတော့ဈေးကွက် ဘယ်လို ခရီးဆက်မလဲ

စတော့ဈေးကွက် ဘယ်လို ခရီးဆက်မလဲ

ဓာတ်ပုံ- ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းကို အနှစ် ၃ဝနီးပါး လုပ်ကိုင်ခဲ့သော ဦးမောင်မောင်ထွေး သည် ကားလုပ်ငန်းအဆင်မပြေ ဖြစ်လာသော အခါ သူ့တွင်ရှိသည့် ငွေများကို ရင်းနှီးမြှုပ်နှံမည့် နေရာတစ်ခုလိုက်ရှာတော့သည်။

အချိန်က ယခုနှစ် အစောပိုင်းတွင် အိမ်၊ ခြံ၊ မြေ အရောင်း အဝယ်ဈေးကွက်ကလည်း အေးစက်နေသည့်အတွက် ရင်းနှီး မြှုပ်နှံလို့ မကောင်း။ ထိုအချိန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့် အလမ်းတစ်ခု ရုတ်တရက်ပေါ်လာသည်။ ယင်းမှာ ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်ပင်ဖြစ်သည်။ ထို့ကြောင့် သူသည် စတော့ ရှယ်ယာများ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကလည်း သူသည် ရှယ်ယာတချို့ ဝယ်ဖူးသည်။ သို့သော် ယခု ဖွင့်လှစ်လိုက်သည့် စတော့အိတ်ချိန်း အကြောင်း နားမလည်။  ရုပ်သံမီဒီယာများနှင့် သတင်းစာများ တွင်သာ မြင်ဖူး၊ ဖတ်ဖူးသည်။ သူ အများကြီး စဉ်းစားမနေတော့။ Myanmar Thilawa SEZ Holding Public (MTSH) ကုမ္ပဏီ၏ စတော့ရှယ်ယာကို ဝယ်ယူရန် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီတစ်ခုဖြစ်သည့် KBZ Stirling Coleman Securities Co Ltd (KBZSC) ကုမ္ပဏီသို့သွားကာ ငွေ ချေးသက်သေခံလက်မှတ်စာရင်း ဖွင့်ပြီး ကျပ်သိန်းတစ်ရာထည့် လိုက်သည်။

MTSH ကုမ္ပဏီ၏ စတော့ရှယ်ယာများကို ဈေးကွက်တွင် စတင်ရောင်းချချိန်က ရှယ်ယာတစ်စု၏ အဖွင့်ဈေးကို လေး သောင်းကျပ်ဖြင့် ရောင်းချခဲ့သော်လည်း ဦးမောင်မောင်ထွေး ဝယ်လိုက်ရသည့်အချိန်တွင် ခုနစ်သောင်းကျပ်ဝန်းကျင် ဖြစ်နေ ခဲ့သည်။

ရှယ်ယာတစ်စုလျှင် ၆၉,ဝဝဝ ကျပ်နှင့် ရှယ်ယာ ၉၈ စု ဝယ် ယူခဲ့ပြီး ၅၉,ဝဝဝ ကျပ်နှင့် ၃၈ စု ဝယ်ယူခဲ့သည်။ ဝယ်ယူပြီး လေး လဝန်းကျင်ခန့် ကြာသည့်အခါ ရှယ်ယာတစ်စုလျှင် ကျပ်ငါး သောင်းဝန်းကျင်သို့ ကျဆင်းသွားခဲ့သည်။

”တကယ်တော့ ကိုယ့်ကို ဟိုကောင်(ရှယ်ယာရောင်းတဲ့သူ)တွေက ထိုးကျွေးသွားတာ။ ကျွန်တော်ဝယ်လိုက်တဲ့ နေ့ကစပြီး ဈေးက တောက်လျှောက်ကျသွားတာ အခုအချိန်ထိပေါ့ဗျာ”ဟု အသက် ၅၄နှစ်အရွယ် ဦးမောင်မောင်ထွေးက တဟားဟားရယ် ရင်း ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်စတင်ခါစအချိန်တွင် ဈေးကွက်သဘာဝအတိုင်း  ဈေးကွက်မငြိမ်မသက်  ဖြစ်ပေါ်မှု   ကြောင့် ရင်းနှီးမြှုပ်နှံသူများ အရှုံးနှင့်ကြုံတွေ့ ခဲ့ရပြီး ဈေးကွက်ကို စွန့်ခွာသွားခြင်း၊ ပြည်သူလူထုက စတော့ဈေးကွက်နှင့် ပတ်သက် ပြီး စိတ်ဝင်စားမှု၊ သိရှိမှုအားနည်းနေခြင်းတို့ ကြုံတွေ့နေရသည် ဟု ပညာရှင်များက ပြောသည်။

စတော့ဈေးကွက်နှင့်ပတ်သက်ပြီး သဘောသဘာဝများကို ပြည်သူလူထုအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လို အပ်နေသလို ရန်ကုန်စတော့ဈေးကွက်၏ အနာဂတ် ဖွံဖြိုးအောင် မြင်စေရန် ပြုပြင်စရာများစွာလည်း ကျန်သေးသည်ဟု စီးပွား ရေးပညာရှင်များက ပြောသည်။

”လက်ရှိအနေအထားမှာလည်း အများကြီး ပြုပြင်ပြောင်း လဲဖို့လည်း လိုသေးတယ်”ဟု ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုဖြစ်သည့် KBZSC ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက် တာ Rudi Rolles  က ဆိုသည်။

အထနှေးဆဲ

၂ဝ၁၅၊ ဒီဇင်ဘာ ၉ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်၊ တိုကျိုစတော့အိတ်ချိန်းနှင့် Daiwa Institute of Research Ltd. (ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့)တို့ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ သော ရန်ကုန်စတော့အိတ်ချိန်း(Yangon Stock Exchange) တွင် First Myanmar Investment Co., Ltd. (FMI)MTSH နှင့်Myanmar Citizens Bank Ltd. (MCB) ကုမ္ပဏီသုံးခု ရှိနေပြီး ၂ဝ၁၆ မကုန်မီ နောက်ထပ်ကုမ္ပဏီတစ်ခု ထပ်မံဝင်လာနိုင်သည်ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောသည်။

ကုမ္ပဏီများသည် စတော့အိတ်ချိန်းသို့ဝင်ရောက်မည်ဆို ပါက ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ(The Securities Exchange Law)အရ  သတ်မှတ် ထားသည့် ‘စံ’ ၁၇ ချက်ဖြင့် စစ်ဆေးအောင်မြင်ပြီးမှ ဝင်ရောက် ခွင့်ရှိသည်ဟု ၎င်းက ဆိုသည်။ ယင်းအချက်များတွင် အများပိုင် ကုမ္ပဏီဖြစ်ရမည်၊ အစုရှယ်ယာဝင်ဦးရေ တစ်ရာအထက်ရှိရမည်၊ အနည်းဆုံး နှစ်နှစ်အတွင်း လုပ်ငန်းအမြတ်ရရှိရမည်စသည်တို့ ပါဝင်သည်။

ကုမ္ပဏီများမှရောင်းချသည့် စတော့ရှယ်ယာများကို ဝယ် ယူလိုသူများအနေဖြင့် ဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုတွင် ငွေစာရင်းဖွင့်ရန် လိုအပ်သည်။ ထို့နောက် စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီများ၏ ရှယ် ယာများကို မိမိငွေစာရင်းဖွင့်ထားသည့် ငွေချေးသက်သေခံလက် မှတ်ကုမ္ပဏီများမှတစ်ဆင့် ဝယ်ယူနိုင်သည်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီငါးခု ရှိသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ရောင်းချနေသည့် ကုမ္ပဏီသုံးခု၏ အစုရှယ်ယာများတွင် MTSH ကုမ္ပဏီမှ ၃ဝ ဒသမ ၈ သန်းကျော်၊ FMI ကုမ္ပဏီမှ အစုရှယ်ယာ ၂၃ သန်း ကျော်နှင့် MCB မှ ၁ဝ ဒသမ ၄ သန်းကျော် ရောင်းဝယ်လျက်ရှိပြီး ယင်းကုမ္ပဏီသုံးခု၏ ဈေးကွက်တန်ဖိုးမှာ ကျပ်ငွေဘီလီယံ ၇ဝဝ ကျော်ရှိသည်ဟု ဦးသက်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ ဈေးကွက်သုတေသန၊ စီးပွားရေးအကြံပေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော Thura Swiss ကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ အောင်သူရကတော့ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီသုံးခုသာ ရှိနေသေးသောကြောင့် ရင်းနှီးမြှုပ်နှံမည့်သူများ အတွက် ရွေးချယ်စရာနည်းပါးနေသည့်အပြင် စတော့ဈေးကွက် ကိုလည်း ရင်းနှီးမြှုပ်နှံနိုင်သော ဈေးကွက်တစ်ခုအဖြစ် လူထုယုံ ကြည်လာအောင်လုပ်ရန် လိုအပ်နေသည်ဟု ဆိုပါသည်။

ထို့အပြင် စတော့ဈေးကွက်၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့် ငွေချေးသက်သေခံကုမ္ပဏီများ ထပ်မံပေါ်ပေါက် လာရန် လိုအပ်သည်ဟု သူကထောက်ပြသည်။ မြန်မာနိုင်ငံတွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ပေါ်ပေါက်ရန် မတည်ငွေနှင့် လိုင်စင်ဈေးနှုန်းများမှာ ဥရောပနိုင်ငံများထက်ပင် မြင့်မားနေ သေးသည်ဟု သူက ဆက်ပြောသည်။

အမေရိက၊ ဆွစ်ဇာလန်တို့တွင် ငွေချေးသက်သေခံကုမ္ပဏီ တစ်ခုတည်ထောင်ရန် ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ တစ်သန်း (ကျပ်သန်း ၁၃ဝဝကျော်)ထည့်ဝင်ပါက တည်ထောင် နိုင်သော်လည်း မြန်မာနိုင်ငံတွင် ကျပ်ငွေ ၁၅ ဘီလီယံထိ လိုအပ် သည်ဟု သူက ဆက်လက်ပြောသည်။ ဥရောပနိုင်ငံများထက် ရင်းနှီးမတည်ငွေ ၁၂ ဆကျော် ပိုများနေသည့်သဘောဖြစ်သည်။

KBZSC အုပ်ချုပ်မှုဒါရိုက်တာ Rudi Rolles ကလည်း စတော့အိတ်ချိန်းသို့  အများပိုင်ကုမ္ပဏီများများ ဝင်ရောက်ရန် ကုမ္ပဏီများကို အခွန်ငွေများလျှော့ကောက်ပြီး ဆွဲဆောင်နိုင် သလို  နိုင်ငံပိုင်လုပ်ငန်းများကို အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းပြီး စတော့ဈေးကွက်သို့လည်း ဝင်ရောက်နိုင်သည်ဟု ဆိုပါသည်။

”အစိုးရပိုင်လုပ်ငန်းတွေကိုလည်း စတော့ဈေးကွက်မှာ သွင်းလို့ရနိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုးလုပ်ခြင်းအားဖြင့်လည်း နိုင်ငံအတွက် အကျိုးရှိအောင်လုပ်လို့ရတယ်” ဟု Rudi Rolles က ရန်ကုန်သတင်းစာပညာကျောင်းမှ ပြုလုပ်သည့် သတင်းစာ ပညာသင်တန်းမှ သင်တန်းသားများနှင့်တွေ့ဆုံစဉ် ပြောသည်။

ရန်ကုန်စတော့ဈေးကွက်သို့ ကုမ္ပဏီများများ ဝင်ရောက် လာပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ပိုင်ဆိုင်မှုများ၊ ကုမ္ပဏီ၏ အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ၊ အနာ ဂတ်ရည်မှန်းချက်၊ ကုမ္ပဏီစီမံခန့်ခွဲသူများ၏ အရည်အချင်း စသည့် ကုမ္ပဏီက ထုတ်ပြန်ထားသော  သတင်းအချက်အလက် များပါဝင်သည့် လမ်းညွှန်စာတမ်းကို ကိုယ်တိုင်လေ့လာပြီးမှ ရင်းနှီးမြှုပ်နှံသင့်သည့် ပညာရှင်များက အကြံပြုသည်။

ကုမ္ပဏီများဘက်မှလည်း ဈေးကွက်သို့ ဝင်ရောက်မည်ဆို ပါက အများပြည်သူသိသင့်သည့် အချက်အလက်များကို ပွင့် လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ကြေညာရမည်ဖြစ်သည်ဟု ဦးသက် ထွန်းဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ရှိသော အများပိုင် ကုမ္ပဏီများမှာ ခေတ်အဆက်ဆက် ပွင့်လင်းမြင်သာမှုမရှိဘဲ လုပ်ကိုင်နေခဲ့ကြသောကြောင့် စတော့ဈေးကွက်သို့ ဝင်ရောက် ရန်မှာ အခက်အခဲရှိနိုင်သည်ဟု သူကဆိုသည်။

”ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ် ရေး ဥပဒေကလည်း အကုန်လုံး စတော့အိတ်ချိန်းကို ဝင်ပါလို့ ပြောမထားဘူး။ သူ့ဟာသူ မဝင်ဘဲနေလို့ရတယ်။ Public (အများပိုင်) ကုမ္ပဏီ ဖြစ်ပြီးတော့ စတော့ကိုမတင်ဘူးဆိုရင် ပွင့် လင်းမြင်သာမှုရှိရှိ မလုပ်နိုင်ကြသေးလို့လည်း ဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် တွေ့ရသည့် ငွေချေးသက်သေခံကုမ္ပဏီကောင်တာများ ။ ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ဘာကြောင့် စတော့ဈေးကွက် လိုအပ်သလဲ

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပွင့်လင်းလာမှုနှင့်အတူ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာတော့မည် ဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် ပြည်တွင်းကုမ္ပဏီများမှာ လည်း ယှဉ်ပြိုင်မှုများလာတော့မည်ဖြစ်သလို ကုမ္ပဏီ၏ လုပ် ငန်းများ တိုးချဲ့ရန် ငွေကြေးများလိုအပ်လာတော့မည်ဟု စီးပွား ရေးပညာရှင်များက ဆိုပါသည်။

ကုမ္ပဏီများသည် ၎င်းတို့လိုအပ်သည့် ငွေကြေးအရင်းအနှီး များကို စတော့ဈေးကွက်တွင်ရှယ်ယာများအား ထုတ်ရောင်း ကာရှာနိုင်ပြီး ယင်းမှရရှိသောငွေကြေးများဖြင့် စီးပွားရေးလုပ် ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုပါသည်။

”ဒီကုမ္ပဏီတွေ စီးပွားရေးအောင်မြင်လာရင် နိုင်ငံတော် စီးပွားရေးလည်း အောင်မြင်လာမှာပဲ။ ဒါကြောင့် စတော့ဈေး ကွက်က အရေးကြီးပါတယ်”ဟု သူက ဆိုသည်။

ထို့အပြင် စတော့ရှယ်ယာများကို အများပြည်သူဆီသို့ ထုတ်ရောင်းထားသည့် ကုမ္ပဏီများဘက်ကလည်း အများပြည် သူဆီမှ ရရှိသော ငွေကြေးများဖြင့် ကုမ္ပဏီလုပ်ငန်းများကို အောင်မြင်ကြီးပွားအောင်၊ ကုမ္ပဏီရေရှည်တည်တံ့အောင် လုပ် ဆောင်သင့်သည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

ကုမ္ပဏီများသည် ရန်ကုန်စတော့ဈေးကွက်တွင် ဝင် ရောက်ကာ အရင်းအနှီးများရှာယူပြီး အောင်မြင်အောင် ဆောင် ရွက်ခြင်းဖြင့် ရန်ကုန်စတော့အိတ်ချိန်းမှာလည်း အများပြည်သူ ရင်းနှီးမြှုပ်နှံနိုင်သည့် ဈေးကွက်တစ်ခုဖြစ်လာမည့်ဟု ဦးသက် ထွန်းဦးက ယုံကြည်နေသည်။

”အောင်မြင်တဲ့ ကုမ္ပဏီကြီးတွေဖြစ်ဖို့၊ စနစ်ကျနတဲ့ ကုမ္ပဏီဖြစ်ဖို့၊  နိုင်ငံတကာမှာလို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ် ကိုင်နိုင်ဖို့ ကျွန်တော်တို့က လမ်းခင်းပေးထားပါတယ်”ဟု သူက ပြောသည်။

ဗီယက်နမ်နိုင်ငံတွင် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှ စတော့ အိတ်ချိန်းစတင်ပေါ်ပေါက်ခဲ့သော်လည်း ယခုအချိန်တွင် ကုမ္ပဏီပေါင်းသုံးရာကျော်ဖြင့် လည်ပတ်နေပြီဟု သူက ဆက် လက်ပြောသည်။

”ဗီယက်နမ်မှာက နိုင်ငံတော်က အပြည့်အဝထောက်ပံ့ပေး တယ်။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အများပိုင် ကုမ္ပဏီလုပ်ပြီး စတော့ဈေးကွက်ကို ဝင်လိုက်တဲ့အတွက် အရှိန် အဟုန်မြင့်မြင့်နဲ့ လုပ်လိုက်တော့ အောင်မြင်သွားတယ်”ဟု ၎င်း က ထောက်ပြသည်။

လောလောဆယ် ရန်ကုန်စတော့ဈေးကွက်တွင် ရင်းနှီး မြှုပ်နှံသူများမှာ တစ်ဦးတစ်ယောက်ချင်း (ဥပမာ- ဦးမောင်မောင် ထွေးတို့လို ကိုယ်ပိုင်ငွေဖြင့် ရင်းနှီးမြှုပ်နှံသူ)များသာဖြစ်ပြီး အဖွဲ့ အစည်း (ဥပမာ-အာမခံကုမ္ပဏီများ၊ ဘဏ်များ၊ ကုမ္ပဏီများ၊ ရန်ပုံငွေအဖွဲ့များ) လိုက် ရင်းနှီးမြှုပ်နှံမှုများ မရှိသေးဟု ပညာရှင် များက ထောက်ပြသည်။

ငွေချေးသက်သေခံကုမ္ပဏီတစ်ခုဖြစ်သော KBZSC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုအကြံပေးဖြစ်သူ ဦးမာသင်ဇန်ကတော့ စတော့ရှယ်ယာ ရောင်းဝယ်ကြသူများမှာ တစ်ယောက်က ဈေး တက်မည်ဟုဆိုကာ ဝယ်ပါက နောက်မှ အုပ်စုလိုက် လိုက်ဝယ် ကြပြီး ဈေးကျလို့ တစ်ယောက်ရောင်းမည်ဆိုပါကလည်း လိုက် ရောင်းကြသည်ဟုဆိုသည်။

”ရင်းနှီးမြုပ်နှံသူအများစုက သိုးအုပ်တွေလိုပေါ့။ အုပ်စု နောက်ကို လိုက်ကြတယ်။ ချောက်ထဲကျတော့လည်း အကုန် ပြုတ်ကျပြီး ဒုက္ခရောက်ကြတယ်”

စတော့ရှယ်ယာဆိုသည်မှာ

ကုမ္ပဏီများမှ အရင်းအနှီးတိုးမြှင့်ရန် ထုတ်ဝေထားသော ငွေချေးသက်သေခံလက်မှတ်များ(သို့မဟုတ်)ရှယ်ယာများ ကို ခေါ် ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုက ၎င်းတို့၏လုပ်ငန်းများ ခဲျ့ထွင်လုပ်ကိုင်နိုင်ရန် ငွေကြေးလိုအပ်လာသည့်အခါ ရှယ်ယာ များကို စတော့အိတ်ချိန်းမှတစ်ဆင့် အများပြည်သူထံထုတ်ရောင်းခြင်း၊ ယင်းကုမ္ပဏီ၏ စတော့ရှယ်ယာပိုင်ဆိုင်ထားသူများက စတော့အိတ်ချိန်းတွင်တင်ပြီး အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် စတော့ရှယ်ယာ အရောင်းအဝယ်ဈေးကွက် ဖြစ်လာသည်။

ကမ္ဘာ့ပထမဆုံးစတော့ဈေးကွက်

နယ်သာလန်နိုင်ငံမှ အမ်စတာဒမ်စတော့ဈေးကွက် (Amsterdam Stock Market)။လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝ (၁,၆ဝဝ ခုနှစ်ဝန်းကျင်)တွင် ရှယ်ယာအရောင်းအဝယ်ပြုကြရာမှ စတင်ပေါ်ပေါက်ခဲ့သည်။

လက်ရှိကမ္ဘာ့အကြီးဆုံးစတော့ဈေးကွက်

နယူးယော့ခ် စတော့အိတ်ချိန်း။ ၁၇၉၂ တွင်ဖွင့်လှစ်ခဲ့သည်။အရှေ့တောင်အာရှတွင်ပထမဆုံးစတော့ဈေးကွက်ကို ဖော်ဆောင်ခဲ့သည့် နိုင်ငံ။ ဖိလစ်ပိုင်နိုင်ငံ။ ၁၉၂၇ စတင်ဖွင့်လှစ်ခဲ့သည်။

အရှေ့တောင်အာရှတွင် စတော့ဈေးကွက်မရှိသေးသည့် နိုင်ငံ

ဘရူနိုင်း။

စတော့ဈေးကွက်ကို ပြည်သူလူထုသိရှိနားလည်လာရန် ပညာပေးမှုအပိုင်းတွင် ရေတိုအနေဖြင့် သတင်းမီဒီယာများမှ တစ်ဆင့် စာရေးပြီးပညာပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ရေရှည်အတွက် ပညာပေးခြင်းကိုမူ အခြေခံပညာအလယ်တန်းမှစတင်ပြီး စတော့ဈေးကွက်၊ အများပိုင်ကုမ္ပဏီ စသည်တို့နှင့် ပတ်သက် သည့် သင်ခန်းစာများကို ထည့်သွင်းသင်ပြသင့်သည်ဟု ဦးသက် ထွန်းဦးက ပြောသည်။

ထိုကဲ့သို့ စတော့ဈေးကွက်နှင့်ပတ်သက်၍ ပြည်သူများ အသိပညာနည်းပါးနေသေးသောကြောင့် မန္တလေးမြို့တွင်း အသိ ပညာပေး ဟောပြောပွဲများပြုလုပ်နေသည်မှာ ၁၂ ကြိမ်ဝန်းကျင် ရှိသွားပြီးဟု သူက ဆက်လက်ပြောသည်။

စတော့ရှယ်ယာဈေးကွက်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုယ့်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီနှင့်ပတ်သက်ပြီး သေသေချာချာ လေ့လာထားသင့်သည်ဟုလည်း စီးပွားရေး ပညာရှင်များက အကြံပြုသည်။

ရန်ကုန်မြို့မှ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းများကို အရောင်း အဝယ်လုပ်နေသည့် အသက် ၆၆ နှစ်အရွယ် ဦးကြည်ရှိန်ဆိုလျှင် လည်း ဦးမောင်မောင်ထွေးကဲ့သို့ပင် စတော့ဈေးကွက်တွင် ဝင် ရောက်ပြီး ရင်းနှီးမြှုပ်နှံကာ ယင်းစတော့ရှယ်ယာများကို အရောင်းအဝယ်ပြုလုပ်ပါက အမြတ်အစွန်းရနိုင်သည်ဟု စဉ်း စားမိရာမှ FMI ကုမ္ပဏီ၏ အစုရှယ်ယာတစ်ထောင်ကျော်ကို ဝယ်လိုက်သည်။

သူဝယ်ခဲ့ချိန်က ရှယ်ယာတစ်စုကို ကျပ်သုံးသောင်းဝန်း ကျင်ဖြစ်သည်။ သို့သော် သူဝယ်ပြီးနောက် ဈေးနှုန်းများမှာ တဖြည်းဖြည်း ကျဆင်းလာသောကြောင့် ရှယ်ယာအားလုံးကို ရောင်းထုတ်လိုက်သည်ဟု ဆိုပါသည်။

”ဈေးတွေက မတရားပြုတ်ကျနေတယ်။ ဈေးနှုန်းတွေက မငြိမ်တော့ မဝယ်ရဲတော့ဘူး။ စောင့်ကြည့်နေတယ်။ တည်တည် ငြိမ်ငြိမ်ဖြစ်ရင် ပြန်ဝယ်တော့မယ်”ဟု  ဦးကြည်ရှိန်က ဆိုပါသည်။

စတော့ဈေးကွက်တွင် ရှယ်ယာဈေးနှုန်းများ အတက် အကျများခြင်းသည် ဈေးကွက်သဘောသဘာဝအရ ရောင်းလို အားနှင့် ဝယ်လိုအားအပေါ်တွင်သာ မူတည်သည်ဟု ဦးသက် ထွန်းဦးက ပြောသည်။

”ဝယ်သူများပြီး ရောင်းသူမရှိရင် ဈေးက တက်မှာပဲ။ ရောင်းသူက များနေတယ်၊ ဝယ်သူကမရှိရင် ဈေးကကျမှာပဲ”ဟု သူကဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်း စဖွင့်ရက် မှတ်တမ်းထားစဉ် ။ ဓာ်တ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

စနစ်တကျ ထိန်းကျောင်းဖို့လို

စတော့ရှယ်ယာများကို ရောင်းဝယ်ကြရာတွင်လည်း ရင်းနှီးမြှုပ်နှံသူများ မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်မှ ဥပဒေ များ၊ နည်းဥပဒေများပြဋ္ဌာန်းပြီး စနစ်တကျထိန်းကျောင်းပေးရန် လိုအပ်သလို ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ် ရေးကော်မရှင်(Security and Exchange Commission – SEC) ကလည်း လိုအပ်သော စည်းမျဉ်းစည်းကမ်း၊ စံနှုန်းများကို သတ်မှတ်ပေးရန်လိုအပ်သည်ဟု စီးပွားရေးပညာရှင်များက ဆိုပါသည်။

ဥပမာအားဖြင့် အများပိုင်ကုမ္ပဏီများသည် စာရင်းဇယား လိမ်လည်ခြင်း၊ လုပ်ငန်းများ လိမ်လည်ခြင်း စသည့်တို့ကို ပြု လုပ်သည့်အခါ ယင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသော သာမန် ရှယ်ယာရှင်များမှာ ထိခိုက်နစ်နာသည်ဟု ဒေါက်တာအောင်သူရ က ရှင်းပြသည်။

ထိုကဲ့သို လိမ်လည်ခြင်းမျိုးမှာ စတော့ဈေးကွက်ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း ဖြစ်ပွားလေ့ရှိပြီး ယင်းကဲ့သို့ ဖြစ်လာပါက စတော့ဈေးကွက် ကြီးကြပ်သူများက စုံစမ်းပြီး ထောင်ဒဏ်အပါ အဝင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်လေ့ရှိသည်ဟု သူက ဆက်လက်ပြောသည်။

”အဲဒီလို လိမ်လည်လို့ ထောင်မကျဘူးဆိုရင် နောက်လူ တွေလည်း လိမ်လို့ရတာပဲဆိုတာကို မြင်လာမယ်။ မြန်မာနိုင်ငံမှာ လည်း အဲဒီလိုဖြစ်လာခဲ့ရင် ထိထိရောက်အရေးယူဖို့ လိုပါတယ်”ဟု ဒေါက်တာအောင်သူရက ဆက်လက်ပြောသည်။

ဒုဝန်ကြီးဟောင်းဒေါက်တာမောင်မောင်သိမ်းကတော့ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ မဆုံးရှုံးရန်၊ ကုမ္ပဏီ များက လိမ်လည်မှု မဖြစ်စေရန် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ၂ဝ၁၃၊ ဇူလိုင်ကတည်းက ပြဋ္ဌာန်းခဲ့ပြီး လိမ်လည်မှုများဖြစ်လာပါက ထိုဥပဒေဖြင့် အရေးယူ နိုင်သည်ဟု ဆိုပါသည်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ ၄၉ တွင် အများပြည်သူအကျိုးနှင့် ရင်းနှီး မြှုပ်နှံသူများအား ကာကွယ်ပေးမှုကို ထိခိုက်စေသည့် ငွေချေး သက်သေခံလက်မှတ်(စတော့ရှယ်ယာ)များကို အများပြည်သူ သို့ ကမ်းလှမ်းရောင်းချခြင်း၊ ရောင်းဝယ်ခြင်းများ၊ ဝန်ဆောင်မှု ပေးခြင်းနှင့် စပ်လျဉ်း၍ လှည့်စားမှုပြုလုပ်ခြင်း၊  ငွေချေးသက် သေခံလက်မှတ်များကို ဝယ်ယူရန်၊ ရောင်းချရန်အတွက် မမှန် မကန်သတင်းပေးခြင်းစသည့် အချက်များကို တားမြစ်ထားသည်။

ယင်းဥပဒေပုဒ်မ အခန်း ၁၂၊ ပုဒ်မ ၅၄ တွင် မည်သူမျှ အခန်း ၉ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ပြီး အများပြည်သူ အကျိုးနှင့် ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးမှုကို ထိခိုက်နစ်နာစေရန် မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။ တားမြစ် ချက်များကို ဖောက်ဖျက်လျှင် ၁ဝ နှစ်ထက်မပိုသော ထောင် ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

တစ်ချိန်ချိန်တွင် ယခုပြဋ္ဌာန်းထားသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်လာပါက ပြန်လည်ပြင်ဆင်ဖြည့်စွက်သွားမည်ဟု ဦးသက်ထွန်းဦးက ဆို ပါသည်။

ငွေချေးသက်သေခံလက်များရောင်းဝယ်ရာတွင်  အတွင်း သတင်းများကို အသုံးပြု၍ ရောင်းဝယ်ခြင်း၊ အတွင်းသတင်းများ ကို အခြားပုဂ္ဂိုလ်များကို အသိပေး၍ ဝယ်ယူရန်၊ ရောင်းချရန် အကြံဉာဏ်ပေးခြင်းအပါအဝင် ငွေချေးသက်သေခံ လက်မှတ် ရောင်းများကို မမှန်ကန်သော ရောင်းလိုအားနှင့် ဝယ်လိုအားကို ဖန်တီပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ခြင်း၊ ကြံ စည်ခြင်းစသည့် အချက်များကို တားမြစ်တားသည်။

သို့သော် အရေးကြီးသည့် အတွင်းသတင်းများကို အသုံးချ ပြီး အရောင်းအဝယ်လုပ်သွားသည်များလည်း ရှိသည်ဟု Thura Swiss ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါက်တာ အောင်သူရက ပြောပါသည်။

အတွင်းသတင်းဆိုသည်မှာ ဥပမာအားဖြင့် စတော့ရှယ် ယာ ရောင်းချထားသည့် ကုမ္ပဏီတစ်ခုမက ကုန်ပစ္စည်း အသစ် တစ်ခု၊ လုပ်ငန်းအသစ်တစ်ခု လုပ်ကိုင်မည်ကို သာမန်ရှယ်ယာ ရှင်များ မသိခင်ကတည်းက ကြိုတင်သိရှိနေခြင်း၊ ကုမ္ပဏီဆုံးရှုံးမှု ပေါ်မည်ကို ကြိုတင်သိရှိနေခြင်းဖြစ်သည်။ ယင်းကြိုတင်သိရှိ ထားသော သတင်းများကို အသုံးချပြီး ရောင်းဝယ်ခြင်းဖြစ်သည်။

စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့်ကုမ္ပဏီများ၏ အုပ်ချုပ်ရေးထိပ်ပိုင်းပုဂ္ဂိုလ်များ ရှယ်ယာအများစုကို ပိုင် ဆိုင်ထားသော ရှယ်ယာရှင်များ၊ စာရင်းစစ်များ၊ ယင်းကုမ္ပဏီ နှင့်ပတ်သက်နေသည့် ဥပဒေပညာရှင်များနှင့် ငွေချေးသက်သေ ခံလက်မှတ် ကုမ္ပဏီများမှ အရာရှိများမှာ အများပြည်သူ သိခွင့် မရှိသော အတွင်းသတင်းများကို ရရှိနေသူများဖြစ်ပြီး ၎င်းတို့ သည် အတွင်းသတင်းများကို အသုံးပြုကာ ရှယ်ယာရောင်း ဝယ်မှုများ၊ ဈေးနှုန်းများ ကစားခြင်းတို့ မဖြစ်အောင် စတော့အိတ် ချိန်းတာဝန်ရှိသူများ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီး ကြပ်ရေး ကော်မရှင်တာဝန်ရှိသူများက စိစစ်ဆောင်ရွက်သင့် သည်ဟု ဒေါက်တာအောင်သူရက ဆက်လက်ပြောသည်။

”အဲဒါတွေကို အရေးမယူဘူးဆိုရင် ဒီစတော့အိတ်ချိန်းကို လူတွေက ဘယ်လိုမှ ယုံကြည်မှုမရှိတော့ဘူး”ဟု သူက မှတ်ချက် ပေးသည်။

”အများပြည်သူ ယုံကြည်မှုမရှိရင် စတော့ဈေးကွက်က မအောင်မြင်နိုင်ဘူး ။     ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."