ရန်ကုန် – ၂၀၂၃၊ အောက်တိုဘာ ၄ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ်ရွာပြီး စိုးရိမ်ရေအမှတ်ကျော်ခဲ့တဲ့ပဲခူးမြို့မှာ ဒီနေ့ ရေပြန်ကျနေပြီလို့ ဒေသအခြေစိုက်လူမှုကူညီရေးအသင်းတာဝန်ခံ ကပြောပါတယ်။
“အစက ရင်စို့ကနေ အခုပေါင်လောက်ပဲရှိတော့တယ်။ ရေက လုံးလုံးလျားလျားမကျသေးတော့ ရေဘေးရှောင်နေတဲ့ အိမ်ထောင်စု ၁၄ စုကတော့ မနက်ဖြန်လောက်ထိ အိမ်မပြန်နိုင်သေးဘူး။” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က ပဲခူးမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကိုကျော်ခဲ့လို့ ပဲခူးမြို့ပေါ်ရပ်ကွက် လေးခုမှာ ရေကြီးမှုကြုံခဲ့ရပြီး မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရတယ်လို့ ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အနီး ဘင်္ဂလားပင်လယ်အော်မှာ တိမ်ထူထပ်နေပြီး မုတ်သုံလေအားကောင်းနေတာကြောင့် ဒီလအတွင်း ပဲခူးမြို့အပါအဝင် မဒေါက်၊ ပုသိမ်၊ မအူပင်၊ ဘားအံနဲ့ မြဝတီမြို့တွေမှာ မိုးများပြီး ရေကြီးမှုကြုံရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးလှထွန်းက ပြောပါတယ်။
အခုနှစ် မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီ၊ ရေကြီးကာလတွေဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်၊ နဲ့ စက်တင်ဘာလတွေအတွင်း ပဲခူးမြို့ဟာ ရေကြီးမှုဒဏ်ကို သုံးကြိမ်တိုင်ကြုံခဲ့ရတာပါ။
ဩဂုတ်လ၊ ပဲခူးမြို့မြစ်ရေကြီးမှုကြောင့် လူဦးရေတစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ပဲခူးမြို့လိုပဲ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေက လူဦးရေ ၈၀,၀၀၀ ကျော်ဟာ ရေဘေးကြုံခဲ့ရပြီး အများစုဟာ အခုချိန်ထိရွှေ့ပြောင်းနေထိုင်နေကြရတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA Myanmar) က စက်တင်ဘာလထဲ ထုတ်ပြန်ပါတယ်။
ဒီနှစ်ထဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် နိုင်ငံတွင်း ရှိရင်းစွဲဒုက္ခတွေ ကြုံနေရသူတွေရဲ့ နေရေးထိုင်ရေးကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ UNOCHA က ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေ နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာရေကြီးမှုကြောင့် ရပ်ကွက်ခြောက်ခုက လူဦးရေ တစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ- အောက်တိုဘာ ၂ ရက်နေ့ ပဲခူးမြစ်ရေကြီးမှုမြင်ကွင်း။
ဓာတ်ပုံ – အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်း

