ဗန်းမောက်မြို့က အလည်လာဖို့ ဖိတ်ခေါ်သူက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းဖြစ်တယ်။ သူ တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက အလည်ခေါ်နေတာပါ။ ကျွန်တော့်ဘာသာ အလုပ် တွေများနေတာကြောင့် ဗန်းမောက်မြို့ဘက် ခြေ ဦး မလှည့်နိုင်ခဲ့ဘူး။ ဦးပြည့်ဖြိုးငြိမ်းနဲ့ ကျွန်တော် တို့က သူ ထွေအုပ်ဝန်ထမ်းမဖြစ်ခင်ကတည်းက ခင်လာကြတဲ့ မိတ်ဆွေတွေ၊ သူ ကိုယ်တိုင်ကလည်း စာပေသမား။ သူတို့ဝန်ထမ်းဘဝ ပျော်ရွှင်စရာ၊ စိတ်မောစရာတွေကို ရေးသားဖို့ ကျွန်တော်တိုက် တွန်းမိတယ်။ သူက ဘာမှခွန်းတုံ့မပြန်ဘဲ ပြုံးရုံ သာပြုံးပြတယ်။ သူနဲ့ ကျွန်တော်က ကောင်းကင် နိုင်ငံတော် (Sky State) လို့ခေါ်တဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာလည်း မိတ်ဆွေတွေလေ။ ငယ် ပေါင်းလို့ မဆိုနိုင်ပေမယ့် မိတ်ရင်းဆွေရင်း တွေပါပဲ။
ဇွန်လနောက်ဆုံးပတ်မှာ စာရေးဆရာ (ဦး)ကျော်ရင်မြင့် က ဗန်းမောက်မြို့ကို စာပေဟောပြောပွဲသွားဖို့ ကျွန်တော့်ကို အဖော်စပ်တယ်။ ကျွန်တော်က ဘယ်သူတွေနဲ့ ဟောကြမှာလဲလို့ စပ်စုတယ်။ ဆရာညီပုလေးနဲ့ ဆရာညိုထွန်းလူတို့လည်း ပါကြမှာ တဲ့။ သွားရမယ့်ရက်က ဇူလိုင် ၃ ရက်။ သွားရမယ့်အချိန်က မနက် စောစော။ စီးရမယ့်ယာဉ်က ကိုယ်ပိုင်ယာဉ်နဲ့ သီးသန့်လာကြိုမှာ။ ဒီဆရာတွေနဲ့ ဒီလိုအတူခရီးသွားရမယ့်အရေး လက်လွတ်ခံလို့ ဘယ်ဖြစ်မတုံး။ ဆရာကျော်ရင်မြင့်ကို ဗန်းမောက်လိုက်မယ့် အကြောင်း ချက်ချင်းအဖြေပေးလိုက်တယ်။
ဇူလိုင် ၂ ရက် ညနေပိုင်းမှာ ကျွန်တော်တို့ကို ကြိုမယ့်ကား ရောက်နေပြီလို့ ကားဆရာကြီးက ဖုန်းဆက်တယ်။ မနက်ဖြန် ဗန်းမောက်ခရီးစဉ်မှာ ဘယ်သူ့ကို အရင်ကြိုရမလဲလို့ ဖုန်းဆက် တာပါ။ မန္တလေးမြောက်ပြင်မှာနေတဲ့ ဆရာကျော်ကို အရင်ကြို ဖို့ ဆရာကျော်ဖုန်းနံပါတ်ရယ်၊ အိမ်လိပ်စာရယ် ပြောပြလိုက်တယ်။
ဇူလိုင် ၃ ရက် မနက် ၆း၃ဝ နာရီလောက်ရောက်တော့ လာ ကြိုမယ့်ကားကို လမ်းထိပ်ထွက်စောင့်နေလိုက်တယ်။ ကျွန်တော် အကြာကြီး မစောင့်လိုက်ရဘူး။ လာကြိုမယ့်ကားက ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့ကားက ဆာ့ဖ်ကား။ ကျွန်တော့်ကို ကြိုပြီးရင် နောက်ထပ်ဆက်ကြိုရမယ့် သူက စာရေးဆရာညီပုလေး။ သူက လက်ဆည်ကန်အရပ်မှာ နေ တဲ့သူ။ ဓာတ်ပုံရိုက်။ စက်ဘီးစီး၊ စာရေး၊ စာဟောနဲ့ မအားရ အောင် အလုပ်များတဲ့သူဖြစ်တယ်။
ကျွန်တော်တို့ သူ့အိမ်ရှေ့ရောက်တော့ ဆရာညီပုလေး (ဦးညို)က အထုပ်အပိုးပြင်ပြီး အဆင်သင့်စောင့်နေတယ်။ ကား ပေါ်မှာ ဟောပြောပွဲရောင်းမယ့်စာအုပ်တွေနဲ့ စာကြည့်တိုက်လှူ မယ့် စာအုပ်တွေ ကားပေါ်တင်ကြတယ်။ ဆရာညီပုလေးတို့ တိုက် က ထွက်တော့ မနက် ရးဝဝ နာရီထိုးပြီ။ ကျွန်တော်တို့ကားလေး ဆရာညိုထွန်းလူတို့အိမ်ဘက်ကို ဦးတည်လိုက်ကြတယ်။ ဆရာ ညိုထွန်းလူရဲ့ အိမ်က သူနာပြုတက္ကသိုလ်အနီးမှာ ရှိတယ်။
ကျွန်တော်တို့ကားရောက်တော့ ဆရာညိုထွန်းလူက အဆင်သင့်စောင့်နေတယ်။ အထုပ်အပိုးတွေတင်ပြီး ထွက်ခဲ့ကြ တယ်။ သူ့အိမ်ကထွက်ပြီး ၆၂ လမ်းပေါ် တက်လိုက်တယ်ဆိုရင်ပဲ အိတ်တစ်လုံး မေ့ကျန်ခဲ့ကြောင်း ဆရာညိုထွန်းလူက အာမေဍိတ် စကားဆိုတယ်။ သူ့အိမ်က ထွက်လာတာ ပေတစ်ထောင်လောက် သာရှိသေးတဲ့ အကွာအဝေး၊ ကားဆရာကြီးက ကားကို ပြန်လှည့် တယ်။ သူ့အိမ်ရှေ့ကားရောက်တော့ ဆရာညိုထွန်းလူရဲ့ဇနီးသည် ပင် အိမ်ဝင်းထဲ မဝင်ရသေး။ ဆရာညိုထွန်းလူက ပြုံးဖြီးဖြီးနဲ့ အိတ်မေ့ကျန်ခဲ့လို့ ပြန်လှည့်လာတာလို့ ရယ်ကာမောကာ ပြော တယ်။ မေ့ကျန်ခဲ့တဲ့အိတ်ကို ကားပေါ်ရောက်အောင် သူ့မိန်းမ ကိုယ်တိုင် တင်ပေးတယ်။ ဆရာညိုထွန်းလူက ပြုံးပြုံးရွှင်ရွှင် နှုတ် ဆက်စကားဆိုတယ်။
၆၂ လမ်းအတိုင်း ကားက မြောက်ဘက်ကို ဦးတည်မောင်း လာကြတယ်။ ၃၅ လမ်းရောက်တော့ မြပါဝါဆီဆိုင်မှာ ဆီသုံး သောင်းဖိုး ဖြည့်ကြတယ်။ ကျွန်တော်တို့အားလုံး ဘယ်သူမှ မနက်စာ မစားကြရသေးဘူး။ မနက်စာစားဖို့ ဆိုင်ရွေးချယ်ကြ တော့ ဆီဒိုးနားဟိုတယ်ရဲ့ အရှေ့ဘက်က ‘ရွှေပြည်မိုး’လက်ဖက် ရည်ဆိုင်ကို ကန့်ကွက်မဲမရှိ ရွေးချယ်ဖြစ်ကြတယ်။ ကားပါကင် ထိုးဖို့ အဆင်ပြေတာရယ်၊ သန့်ရှင်းသပ်ရပ် ကျယ်ဝန်းတာရယ်၊ စားသောက်ဖွယ်ရာ စုံလင်တာရယ်ကြောင့် ရွှေပြည်မိုးလက်ဖက် ရည်ဆိုင်ကို ရွေးချယ်လိုက်ကြတာပါ။ ကျွန်တော်တို့ရွေးချယ်မှု မမှားခဲ့ဘူး။
ရွှေပြည်မိုးလက်ဖက်ရည်ဆိုင်မှာ ဦးညီပုလေးရဲ့ အခိုင် အမာပရိသတ်တွေ ရှိတယ်။ သူတို့က စံပယ်ပန်းရောင်းကြတဲ့ ကလေးငယ်တွေ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ဦးညီပုလေးက သူတို့လေးတွေကို ဟောပြောထားတာ။ စံပယ်ပန်းသည်လေးတွေ ထဲက နှုတ်သွက်လျှာသွက်ရှိဟန်တူတဲ့ ကလေးတစ်ယောက်ကို ဦးညီပုလေးက လှမ်းခေါ်လိုက်ပြီ စာမေးပွဲစစ်တယ်။
”သားသား ဘဘကို မှတ်မိလား”
”မှတ်မိတာပေါ့။ အရင်တစ်ပတ်က သားတို့ကို လာဟော သွားတာ”
ကလေးငယ်ရဲ့ အဖြေစကားကို ကြားတော့ ဦးညီပုလေးက ကျွန်တော်တို့အားလုံးကို အပြုံးနဲ့ ကြည့်တယ်။ ကလေးလူကြီး ကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေးရဲ့ ပင်ကိုအပြုံး။ ကလေးငယ်ကို မေးခွန်းဆက်ထုတ်တယ်။
”ဒါဆို ဘဘနာမည်ကို မှတ်မိသေးလား”
”မှတ်မိတာပေါ့”
”ဘယ်လိုခေါ်သလဲ”
”ဦးဘုန်း(ဓာတု)”
ကလေးငယ်ရဲ့ အဖြေစကားကြောင့် ကျွန်တော်တို့တစ်ဝိုင်း လုံး ပွဲကျသွားတယ်။ တကယ်တော့ ကလေးငယ်က အမှတ်မှားနေ တာသာ ဖြစ်တယ်။ အဲဒီတုန်းက ကလေးငယ်တွေကို ဟောကြ၊ ပြောကြတဲ့အထဲမှာ ဦးညီပုလေးရယ်၊ ဦးဘုန်း(ဓာတု)ရယ်၊ (ကို) ဇော်နိုင်ဦးရယ် သုံးယောက် ဟောခဲ့ကြတာပါ။
စံပယ်ပန်းရောင်းတဲ့ ကလေးငယ်တွေဆီက မျှဝယ်ကြ တယ်။ လက်ဖက်ရည်ဖိုးရှင်းပြီး ဆိုင်က ထွက်ချိန်မှာ မနက် ရး၃ဝ နာရီရှိပြီ။ ကလေးတွေဆီက ဝယ်ခဲ့သမျှ စံပယ်ပန်းတွေကို ကား ရှေ့ခန်းက နောက်ကြည့်မှန်မှာ ချိတ်လိုက်ချိန်မှာ ကားအတွင်း စံပယ်ပန်းရနံ့တွေက သင်းပျံ့လာတယ်။
ကျွန်တော်တို့စီးလာတဲ့ ကားလေးက လေးညှို့က လွှတ် လိုက်တဲ့ မြားတစ်စင်းလိုပဲ။ ကားပေါ်မှာ ဆရာကျော်က ယာဉ် မောင်းကြီးနဲ့ အားလုံးကို မိတ်ဆက်ပေးတယ်။ ယာဉ်မောင်းကြီး က ရွှေလုပ်ငန်းမှာ အစုရှယ်ယာ ထည့်ဝင်ထားသူတစ်ယောက်။ မန္တလေးမျက်ပါးရပ်ဇာတိသား၊ နေပြည်တော်-မန္တလေးကူးချည် သန်းချည်သွားလာနေသူ။ မနေ့ကမှ နေပြည်တော်အစည်းအဝေး က ပြန်လာတာ။ ဗန်းမောက်ကို အလုပ်ကိစ္စနဲ့ သွားမယ့်ခရီးစဉ်မှာ ဦးပြည့်ဖြိုးငြိမ်းရဲ့ အကူအညီတောင်းခံမှုကြောင့် ကျွန်တော်တို့ တစ်တွေက သူ့ကားနဲ့ ကပ်လိုက်လာကြရတဲ့သူတွေ ဖြစ်တယ်။ ယာဉ်မောင်းကြီးနာမည်က ဦးဝင်းနေတဲ့။ အသက် ၆ဝ တန်း အရွယ်လောက်ရှိပြီး ကားကို ဖြည်းဖြည်းညင်ညင်သာသာ မောင်း တတ်သူ စာပေဗဟုသုတလည်း နှံ့စပ်တယ်။
မန္တလေးတောင်မြောက်ဘက်ရောက်တော့ အလုပ်သွား ချိန်ဖြစ်နေလို့ ဆိုင်ကယ်တွေ၊ စက်ဘီးတွေက မန္တလေးမြို့ဘက်ကို ဦးတည်ပြိုဆင်းလာတာ ရှောင်မောင်းနေရတယ်။ ဒီလမ်း၊ ဒီခရီး နဲ့ ရင်းနှီးအကျွမ်းဝင်ဆုံးလူက ဆရာဦးကျော်ရင်မြင့်။ သူက အစိုးရဝန်ထမ်းဘဝ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေမှာ ကာလအတန်ကြာ ဝါဆိုခဲ့သူဖြစ်တယ်။
အဲဒီတုန်းက လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကို ဆရာကျော်ရင်မြင့်က ပြောပြတယ်။
”အရင်တုန်းက ကားတွေ ဒီလောက် မပေါသေးတော့ သွားရလာရတာ ကသီတယ်။ သပိတ်ကျင်းနယ်ဘက် တာဝန်ကျ တုန်းကဆိုရင် ဝါးထရံတွေတင်တဲ့ လော်လီကားပေါ် ထရံချည်တဲ့ ကြိုးတွေ တင်းတင်းဆုပ်ပြီး ကိုင်လိုက်ကြရတာ။ မတ္တရာနယ် ဘက် တာဝန်ကျတော့လည်း မတ္တရာမီးရထားစီးပြီး မ္တနလေး-မတ္တရာ နေ့စဉ် ရထားစီးပြီး အလုပ်သွား၊ အလုပ်ပြန်သွားခဲ့ရတယ်။ တစ်ခါတလေ ရထားလမ်းချော်လို့ ကသီလင်တဖြစ်ရတဲ့အခါတွေ ရှိတယ်”
ဆရာကျော်ပြောတဲ့အထဲမှာ အဲဒီခေတ် အဲဒီအခါက လူမှု စရိုက်တွေ ပေါ်လွင်နေတယ်။ အခု ဗန်းမောက်ကို သွားတဲ့ ခရီးက ပျင်းရိစရာမကောင်းဘူး။ ဆရာညီပုလေးနဲ့ ဆရာညိုထွန်းလူတို့ ကလည်း ဖြတ်သန်းမှုကလာတဲ့ ဟာသတွေ ပြောနေလို့ ပျော် စရာကောင်းတဲ့ ခရီးတစ်ခု ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ ကားက မြို့တွေ၊ ရွာတွေကို တရိပ်ရိပ်ဖြတ် ကျော်ခဲ့တယ်။ ကျွန်တော်တို့ကားနဲ့အတူ ဗန်းမောက်ကိုသွား မယ့်ကားက နောက်မှာ မိုင် ၂ဝ လောက် ကျန်ခဲ့တယ်။ တကယ် တော့ ဗန်းမောက်ခရီးကို လိုက်ပါမယ့် လူများခဲ့ရင် သက်သောင့် သက်သာလိုက်ပါနိုင်အောင် ကားနှစ်စီး စီစဉ်ထားတာပါ။ မန္တလေး က လိုက်ပါလာကြသူတွေက ကျွန်တော်အပါအဝင်မှ လေး ယောက်တည်းမို့ ကားတစ်စီးတည်း စုစီးလာကြတာပါ။ သပိတ် ကျင်းမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်မှာ ကားခဏရပ်ပြီး ခြေ ညောင်းလက်ဆန့် နားကြတယ်။
အဲဒီဆိုင်မှာလည်း နောက်ကားနဲ့ ဖုန်းအဆက်အသွယ်လုပ် ကြည့်သေးတယ်။ ဖုန်းအဆက်အသွယ်ရတယ်။ ကားဘီးပေါက် နေလို့ နောက်ကျနေတာဖြစ်ကြောင်း စိတ်မပူဖို့ နောက်ကားဆရာ က အကြောင်းပြန်တယ်။
ဆရာညိုထွန်းလူက ဖုန်းငွေဖြည့်ကတ် လိုချင်တယ်ဆိုလို့ ဖုန်းငွေဖြည့်ကတ် ဝယ်ရသေးတယ်။ ကျွန်တော်တို့ကား ဆိုင်က ထွက်တော့ ၁၁းဝဝ နာရီလောက် ရှိပြီ။ သပိတ်ကျင်းမြို့နယ်ထဲမှာ ရွှေဥဒေါင်းတောင် ဘေးမဲ့တောရှိပြီး တောဆင်ရိုင်းတွေ ကျက် စားတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ထီးချိုင့်မြို့နယ်ကို အလုပ် ကိစ္စနဲ့ သွားရတုန်းက သပိတ်ကျင်းမြို့နယ်ကို ညကြီးသန်းခေါင် ကားနဲ့ ဖြတ်သွားရဖူးတယ်။ တောဆင်ရိုင်းတစ်ကောင်ရဲ့ ‘ကျည်’ ဆိုတဲ့ အော်ဟစ်သံကြောင့် ကားပေါ် အိပ်ပျော်နေရာက လန့်နိုး ခဲ့တာ အမှတ်ရမိတယ်။ ကားပေါ်တက်ခါနီးတော့ ခရီးသွားဧည့် သည်တစ်ယောက်က ဆရာညီပုလေးရဲ့ကင်မရာကို သေချာကြည့် နေတယ်။ ဆရာညီပုလေးက ကင်မရာသမားချင်းမို့ ထင်ပါရဲ့၊ လွယ်ထားတဲ့ ကင်မရာဖြုတ်ပြီး ခရီးသွားဧည့်သည်လက်ထဲ ထည့်ပေးတယ်။ ဧည့်သည်က ကင်မရာကို ကျောက်ကြည့်သလို ကြည့်နေတယ်။ သေသေချာချာကြည့်ပြီး တရိုတသေ ပြန်ပေး တယ်။ သူလည်း ဓာတ်ပုံဝါသနာပါသူဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်စကားဆိုတယ်။ ကျွန်တော်တို့လည်း ခရီးဆက်ကြရဦး မှာမို့ ဓာတ်ပုံဝါသနာရှင် ဧည့်သည်ကို နှုတ်ဆက်ပြီး ထွက်ခဲ့ ကြတယ်။
ကားပေါ်ရောက်တော့ ဆရာညီပုလေးကို စကြနောက် ကြတယ်။
”သပိတ်ကျင်းမြို့နယ်မှာတော့ ဆရာကြီးရွှေဥဒေါင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေဥဒေါင်းတောင် ဘေးမဲ့တောဆိုတာ ရှိတယ်။ ညီပုလေးတောင် ဘေးမဲ့တောက ဘယ်မြို့နယ်မှာ ရှိသလဲဗျ”
ဆရာညီပုလေးက ကျွန်တော်တို့ရဲ့ မေးခွန်းကို အဖြေမပေး ဘဲ ပြုံးစိစိလုပ်ပြီးသာ တုံ့ပြန်တယ်။ သပိတ်ကျင်းက ထွက်ပြီး အချိန်အနည်းငယ်ကြာလာတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နယ်နိမိတ်အစပ်ကို ရောက်လာကြတယ်။ စစ်ကိုင်းနဲ့ မန္တလေးကို နယ်နိမိတ်အဖြစ် ချောင်းရိုးလေးက ပိုင်းဖြတ်ထားတယ်။ စစ် ကိုင်းတိုင်းထဲ ရောက်တယ်ဆိုရင်ပဲ မောင်းကုန်းနီကယ်သန့်စင် စက်ရုံကို အဝေးက လှမ်းမြင်နေရတယ်။
ဆရာညီပုလေးက နီကယ်စက်ရုံကြီးကို ကြည့်ပြီး အရွှန်း ဖောက်တယ်။
”ဒီလိုမှန်းသိရင် အိမ်မှာ ရှိတဲ့ စက်ဘီးလက်ကိုင်အဟောင်း လေး ယူခဲ့ပါတယ်ဗျာ။ သံချေးတွေ တက်နေလို့လေ”
ဆရာညိုထွန်းလူကလည်း အားကျမခံ ဝင်ပြောတယ်။
”ကိုညိုပြောမှ သတိရတယ်ဗျာ။ ကျွန်တော့်စက်ဘီးခွေ လေးလည်း သံချေးတွေ တက်နေတာဗျ”
ဆရာနှစ်ယောက်စလုံးရဲ့ စကားတွေကို ဆရာကျော်က ပြန်သရော်လိုက်တယ်။
”ခင်ဗျားတို့ စက်ဘီးတွေကို ဒီစက်ရုံက လက်ခံမှာ မဟုတ် ဘူး။ နဂါးနီ နီကယ်ဆိုင်ကတော့ လက်ခံလိမ့်မယ်ဗျ”
ဆရာကျော့်စကားကြောင့် ကားပေါ်ပါသူအားလုံး ပွဲကျ သွားတယ်။
ကျွန်တော်တို့စီးလာတဲ့ကား မောင်းကုန်းကနေ ၁ဝ မိုင် သာသာလောက် မောင်းပြီးရင် မြတောင်ရွာအနီးက ဧရာဝတီတံ တား(ထီးချိုင့်)ကို ဖြတ်ကူးရမှာ။ ဒါပေမဲ့ ကျွန်တော်တို့ကားက မြ တောင်ရွာရဲ့ မြောက်ဘက် မိုင် ၃ဝ လောက်အထိ လွန်သွားတယ်။
တကယ်တော့ ထီးချိုင့်မြို့နယ်ကို ကားဆရာကြီး ဦးဝင်းနေ ကလွဲရင် ကျွန်တော်တို့အားလုံး ရောက်ဖူးပြီးသား။ ဆရာညီပု လေးနဲ့ ဆရာညိုထွန်းလူတို့ဆိုရင် ထီးချိုင့်က ပြန်လာကြတာ ဘာမှ ကြာလှသေးတာ မဟုတ်ဘူး။ လပိုင်းလောက်သာ ရှိသေး တာပါ။ ဆရာညိုထွန်းလူရဲ့ အပြောအရတော့ မောင်းကုန်းက ကျော်လို့ တယ်လီဖုန်းတာဝါတိုင်သုံးတိုင်တွေ့ရင် ရောက်ပြီတဲ့။ မြတောင်လွန်လို့ ကသာမြို့နယ်ထဲက ငါးအိုးတံတားရောက်ခါနီး တဲ့အထိ တာဝါတိုင်သုံးတိုင်က မတွေ့ဘူး။ ကားလမ်းနံဘေးက စာသင်ကျောင်းတွေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့တော့ မြတောင်ရွာကို ကျော်ခဲ့ပြီဆိုတဲ့ သံသယတွေက ပိုပြီး ခိုင်မာလာတယ်။ ဒါတောင် ဆရာညိုထွန်း လူက မလျှော့သေးဘူး။
”ငါကတော့ ရပ်ဝေးခရီးသွားတိုင်း ထင်ရှားတဲ့ နေရာတွေ ကို မှတ်ထားတာကွ။ မိုင်တိုင်အမှတ်တွေ ဆိုတာက ညပိုင်းရောက် ရင် ကောင်းကောင်း မမြင်ရတော့ဘူး။ တာဝါတိုင်ကြီးတွေ မှတ် ထားတော့ အဝေးကနေ ကြည့်တာနဲ့ မြင်သာထင်သာ ရှိတာပေါ့”
ကျွန်တော်တို့ကားရပ်ပြီး လိုင်းကားတစ်စီးကို ထီးချိုင့်တံ တားရောက်ဖို့ လိုသေးလားလို့ စနည်းနာကြည့်ကြတယ်။
ခရီးသည်တင်ယာဉ်လိုင်းက စပယ်ယာက မိုင် ၃ဝ လောက် ကျော်ခဲ့ပြီလို့ ပြန်ဖြေတယ်။ ကျွန်တော်တို့အားလုံး တပ်ပြန်ဆုတ် ကြရတယ်။ လမ်းခရီးမှာ တာဝါတိုင်တွေ တွေ့တိုင်း ဆရာညိုထွန်း လူကို စကြနောက်ကြတယ်။
ကျွန်တော်တို့ကား နောက်ပြန်လှည့်မောင်းတော့ နောက် ကားနဲ့ ဖုန်းအဆက်အသွယ်ရတယ်။ သူတို့ကားက ထီးချိုင့်တံ တားကို ဖြတ်နေချိန်ဖြစ်တယ်။ ထမင်းဆာရင် စားနှင့်ကြဖို့ ကား ဆရာ ဦးဝင်းနေက ဖုန်းထဲကနေ ပြောနေတယ်။ ထီးချိုင့်မြို့နယ် ထဲက အလယ်တောရွာမှာ ထမင်းစားနားမယ့်အကြောင်း ကျွန် တော်တို့နောက်က ကားဆရာက အကြောင်းပြန်တယ်။
ပြန်လှည့်လာရတဲ့ ခရီးမှာ လမ်းကြမ်းတော့ ကားကိုထိန်း ပြီး မောင်းနေရတယ်။ မန္တလေးကနေ မြတောင်ရွာအထိ တစ် လမ်းလုံး ချောခဲ့ပေမယ့် မြတောင်အထွက်ကစပြီး လမ်းပြုပြင် ရေးလုပ်နေလို့ ကားကိုထိန်းမောင်းနေကြရတယ်။
ပြန်လှည့်ရတဲ့ မိုင် ၃ဝ ခရီးကို တစ်နာရီလောက်ကြာအောင် မောင်းကြရတယ်။ ထီးချိုင့်တံတားကို ဖြတ်ချိန်မှာ မွန်းလွဲ ၁းဝဝ နာရီ ထိုးနေပြီ။ ဗိုက်ကလည်း ဆာ၊ ဝမ်းကလည်း ဟာနေပြီ။ ကား ဆရာ ဦးဝင်းနေ ပါလာခဲ့တဲ့ ကိတ်ခြောက်တစ်ထုပ်လည်း ကုန် သွားတယ်။
ထီးချိုင့်တံတားအဆင်းမှာ ထီးချိုင့်မြို့ထဲကို မဝင်တော့ဘဲ မြို့ရှောင်လမ်းအတိုင်း အင်းတော်မြို့ဘက် ဆက်မောင်းခဲ့ကြတယ်။
ထီးချိုင့်မြို့အစွန်လောက်မှာ တည်တောကျောင်းတိုက်ကို တွေ့ရတယ်။ ဘာသာရေးစာပေနယ်မှာ ထီးချိုင့်နတ်စိုးအမည်နဲ့ တည်တောဆရာတော်ကြီးက စာပေကျမ်းဂန်တွေ ရေးသားခဲ့ တယ်။ မြေပြန့်လွင်ပြင်မှာ မောင်းနှင်နေရတာဖြစ်ပေမယ့် ဘေး ပတ်ဝန်းကျင်မှာ တောင်စဉ်တောင်တန်းတွေကို တွေ့နေရတယ်။ ထီးချိုင့်မြို့ကနေ အလယ်တောရွာကိုရောက်ဖို့ နာရီဝက်သာ သာလောက် မောင်းကြရတယ်။ ကျွန်တော်တို့ဗိုက်ထဲက ပိုးမျိုး ၈ဝ ကလည်း တော်လှန်ရေးဆင်နွှဲလို့ ထကြွပုန်ကန်နေကြပြီ။ ရေသန့်ဘူးထဲက ရေတွေသောက်ပြီး ကိုယ့်ကိုယ်ကိုယ် ချွေးသိပ် ပေမယ့် မရပါဘူး။
အလယ်တောရွာ ဆိုင်းဘုတ်ကို ရွာအဝင်ဝမှာ တွေ့လိုက် တော့ ကျွန်တော်တို့အားလုံး ပျော်သွားကြတယ်။ ကျွန်တော် တို့ နောက်ကလိုက်လာတဲ့ ပါဂျဲရိုးကားကို ရွာလယ်က ထမင်းဆိုင် ရှေ့မှာ ဘွားခနဲ တွေ့လိုက်ရတယ်။ ပါဂျဲရိုးကားပေါ် ပါလာတဲ့ မိတ်ဆွေတွေက ကျွန်တော်တို့ကို မစောင့်နိုင်ကြတော့လို့ စား သောက်ပြီးကြပြီ။
ကျွန်တော်တို့ရောက်ချိန်မှာပဲ ထမင်းပူပူ၊ ဟင်းပူပူတွေက စားပွဲရှေ့ ရောက်လာတယ်။ ဆိုင်ရှင်တွေရဲ့ ဟင်းချက်လက်ရာ ကောင်းတာရော၊ ဝမ်းဟာတာရောကြောင့် ကျွန်တော်တို့အားလုံး ခေါင်းမဖော်နိုင်ကြဘူး။ ဆိုင်ရှင်မိသားစုက လိုလေသေးမရှိ ဧည့် ဝတ်ကျေပွန်ကြတယ်။ သူတို့မိသားစုဝင်တွေကလည်း စာပေဝါ သနာရှင်တွေလေ။ စားသောက်ပြီးကြတော့ မွန်းလွဲ ၂း၃ဝ နာရီ ကျော်နေပြီ။ ကျွန်တော်တို့အားလုံးနဲ့ ဆိုင်ရှင်မိသားစုတွေ ဆိုင် ရှေ့မှာပဲ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြတယ်။
အလယ်တော ထမင်းဆိုင်က ထွက်ပြီး တစ်နာရီလောက် မောင်းတော့ အင်းတော်မြို့နယ်ထဲကို ရောက်တယ်။ ကျွန်တော်တို့ စီးလာတဲ့ကား အင်းတော်မြို့ထဲ ဖြတ်မောင်းချိန်မှာ ညနေ ၄းဝဝ နာရီလောက် ရှိပြီး စာပေဟောပြောပွဲက ဒီနေ့ညနေ ရးဝဝ နာရီ မှာ ခန်းမ(အသစ်)ကြီးမှာ လုပ်မှာလေ။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းကလည်း စိတ်ပူပြီး ကျွန်တော့်လက်ကိုင်ဖုန်းကို မကြာခဏဆက်မေးတယ်။
အင်းတော်က လမ်းဆုံမြို့ဖြစ်တယ်။ မြစ်ကြီးနားဘက် သွားမယ့်သူတွေက တည့်တည့်ဆက်သွားကြရပြီး ကျွန်တော်တို့ က ဗန်းမောက်မြို့ သွားကြမှာမို့ ဘယ်ဘက်ချိုးဝင်ကြရတယ်။ အင်းတော်နဲ့ ဗန်းမောက်ကြားမှာ ရှေးရှင်ဘုရင်တွေလက်ထက်က ဆင်တွေ ဆက်သခဲ့တဲ့ ရွာကြီး တစ်ရွာရှိတယ်။ ဆင်တွေကို ထူး ခတ်ချည်နှောင်ရတဲ့ ဆင်ချည် တိုင်ရှိတဲ့နေရာကို ဆရာကျော်က ကားပေါ်ကနေ ညွှန်ပြတယ်။ အောင်သမာဓိရွှေဆိုင်က ဦးမော်နဲ့ ဆရာကျော်ရင်မြင့်တို့ မြန်မာ့ရွှေသမိုင်းသုတေသနစာအုပ် ကွင်း ဆင်းလေ့လာခဲ့တုန်းက ရောက်ခဲ့ကြသေးတဲ့ နေရာတွေလေ။
အင်းတော်-ဗန်းမောက်ကား လမ်းဘေးမှာ ရေပြင်ကျယ် ကြီး ရှိတယ်။ အင်းလေးရေပြင်လိုပဲ ရေပြင်ကျယ်ကြီးဖြစ်တယ်။ ဗန်း မောက်မြို့ ဝင်ခါနီးတော့ ကျွန် တော်တို့ကားရဲ့ နောက်ကားက ဆီဖြည့်ဖို့ ခေတ္တရပ်တယ်။ ဆီဆိုင်က ဝန်ထမ်းတွေက ဖော်ရွေ တယ်၊ လက်ဖက်တွေနဲ့ ဧည့်ခံ ကြတယ်။
ဆီဆိုင်က အထွက်မှာ ကျွန်တော်တို့ကားဆရာကြီးက ပါဂျဲရိုးကားကို ပြောင်းမောင်းတယ်။ ပါဂျဲရိုးကားမောင်းလာတဲ့ လူငယ်က ကျွန်တော်တို့ စီးလာတဲ့ ကားကို မောင်းတယ်။ သူတို့ စီးလာတဲ့ ကားက အင်ဂျင်ဖောက်နေလို့တဲ့။
ညနေ ၆းဝဝ နာရီလောက်မှာ ကျွန်တော်တို့ကား ဗန်း မောက်မြို့ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါပြီ။ စာပေဟော ပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေး မှူးတို့က ကျွန်တော်တို့ကားကို ဝမ်းသာအားရ ကြိုဆိုကြတယ်။ ကျွန်တော်တို့အဖွဲ့ကို ဆောက်လုပ်ရေးဧည့်ရိပ်သာမှာ နေရာချ ထားပေးတယ်။ နံကပ်သွပ်မိုး တစ်ထပ်အဆောက်အအုံ သပ်သပ် ရပ်ရပ်လေးပါပဲ။ လျှပ်စစ်မီးတွေလည်း ထိန်ညီးနေအောင် ဖွင့် ပေးထားတယ်။
ရောက်ရောက်ချင်း အထုပ်အပိုးတွေချလို့ ရေမိုးချိုးကြရ တယ်။ ဧည့်ရိပ်သာအလယ်မှာ စားပွဲသုံးလုံးဆက်ထားပြီး ဟင်း လျာစုံစုံလင်လင် ချထားပေးတယ်။ ဟင်းတွေက အငွေ့တထောင်း ထောင်းနဲ့။ ကျွန်တော်က ဒီဟောပြောပွဲခရီးစဉ်မှာ ဧည့်မြှောင် အနေနဲ့ အစွယ်အပွားအဖြစ် ဆရာသုံးယောက်နဲ့ ကပ်လိုက်လာ တာပါ။ ဒါပေမဲ့ ဗန်းမောက်မြို့သူမြို့သားတွေက ကျွန်တော့်ကို ဆရာတွေနဲ့ အတူထားပြီး တလေးတစား နေရာပေးဆက်ဆံကြ တော့ ကျွန်တော့်မှာ မျက်နှာပူရပြန်တယ်။
စားသောက်ပြီး နားချိန်မရဘဲ ဟောပြောပွဲရှိရာ ခန်းမ ဘက် ခြေကျင်လျှောက်ထွက်ခဲ့ကြတယ်။ ကျွန်တော်တို့တည်းခိုတဲ့ နေရာနဲ့ ခန်းမအသစ်ကြီးက ပေ ၁ဝဝ လောက်သာ ကွာဝေးတယ်။
ခန်းမသစ်ကြီးကို ဘွားခနဲ တွေ့လိုက်ရတော့ ဗန်းမောက်သူ ဗန်းမောက်သားတွေရဲ့ စေတနာကို မအံ့သြဘဲ မနေနိုင်ဘူး။ မြို့နဲ့ မလိုက်အောင် ကြီးမားခန့်ထည်လှတယ်။ ကျွန်တော် မြို့တော် တော်များများကို ရောက်ဖူးပေါင်းများလှပြီ။ ဗန်းမောက်မြို့တော် ခန်းမလောက် ကြီးမားသပ်ရပ်ကျယ်ဝန်းခေတ်မီတဲ့ ခန်းမ မတွေ့ ဖူးဘူး။ ကျပ်သိန်းပေါင်း ၁၅ဝဝ ကျော် အကုန်အကျခံ တည် ဆောက်ထားတာပါ။ ဗန်းမောက်က သစ်ပေါတဲ့အရပ်ဖြစ်လို့ ခန်းမအတွင်းပိုင်းမှာ သစ်တွေနဲ့ တန်ဆာဆင်ထားတယ်။
ခန်းမအတွင်းပိုင်းမှာ မြန်မာ့အကြီးဆုံး ကျွန်းပင်ကြီးရဲ့ ပုံ ဗီနိုင်းနဲ့ ဂုဏ်ယူဖွယ် ချိတ်ဆွဲထားတယ်။ ဒီကျွန်းပင်ကြီးကို ဗန်း မောက်မြို့နယ် နန့်ကျင်ကြိုးဝိုင်း ကွင်းအမှတ် ၆ဝ မှာ ၁၉၉၇ ခုနှစ် က တွေ့ရှိခဲ့တာပါ။ ရင်စို့လုံးပတ်က ၂၆ ပေ ၈ လက်မ၊ အမြင့် (ခန့် မှန်းပေ) ၁၂ဝ၊ မြေပုံညွှန်း 46R-GC 886535 ၊ စတင်တွေ့ရှိသူက ဦးတင်မောင်မြင့် (တောအုပ်)နဲ့ ဦးဝင်းမြင့်ထူး (တောခေါင်း)တို့ ဖြစ်ကြတယ်။ ဗန်းမောက်မြို့နဲ့ ၅၄ မိုင်အကွာ ကြိုးဝိုင်းသစ်တော အတွင်းမှာ တွေ့ခဲ့ကြရတာပါတဲ့။ ကျွန်းပင်ကြီးနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ရေးထိုးမှတ်တမ်းတင်ထားတယ်။
ခန်းမရှေ့က ဆင်ဝင်အောက်မှာ မန္တလေးက ပါလာတဲ့ စာအုပ်တွေရောင်းတော့ ဗန်းမောက်မြို့သူမြို့သားတွေက ဝယ်ယူ အားပေးကြတယ်။ ခန်းမကျယ်ကြီးထဲမှာ စာပေဟောပြောပွဲ လာ ရောက်နားထောင်ကြသူတွေက ခန်းမပြည့်လုနီးပါး။
ဆရာကျော်ရင့်မြင့်၊ ဆရာညီပုလေးနဲ့ ဆရာညိုထွန်းလူတို့ အစီအစဉ်အတိုင်း ဟောကြပြောကြတယ်။ ဆရာတွေ ဟောပြော ချိန်မှာ ဦးပြည့်ဖြိုးငြိမ်းရဲ့ မိတ်ဆွေတွေနဲ့ စကားဝိုင်းဖွဲ့နေတယ်။ ဗန်းမောက်မြို့ရဲ့ ပကတိအခြေအနေကို ကျွန်တော်က သိချင် တယ်လေ။
ကျွန်တော်တို့ဝိုင်းမှာ လူစုံတယ်။ မြို့နယ်စည်ပင်သာယာက အရာရှိ ပါတယ်။ ရွှေလုပ်ငန်းရှင် ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အလွှာစုံပါဝင်တယ်။ သူတို့က သူတို့ကြုံ တွေ့နေရတဲ့ အခက်အခဲတချို့ကို ပြောပြကြတယ်။ ဒီစကားဝိုင်း မှာ ဆရာတွေရဲ့ အရှိန်အဝါနဲ့ စိန်နားကပ်အရောင်ကြောင့် ပါး ပြောင်ခဲ့ရတယ်။ ခဏတာအတွင်းမှာပဲ မိတ်ရင်းဆွေရင်းသဖွယ် ဖြစ်သွားကြတယ်။ ကျွန်တော့်ထင်မြင်ချက်သဘောထားတောင်း တော့ ကျွန်တော်သိထားတာတွေ ပြန်လည်ဝေမျှခဲ့တယ်။ ဗန်း မောက်မြို့ရဲ့ ရွှေလုပ်ကွက်ချထားပေးမှုအခြေအနေ၊ သတင်းမီဒီ ယာသမားတွေနဲ့ ဆက်ဆံရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ သစ်ခိုး ထုတ်မှုပြဿနာ စတဲ့ အကြောင်းအရာတွေ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဖြစ်ကြတယ်။
ကျွန်တော်တို့ စကားဝိုင်းသိမ်းတော့ ည ၁၁းဝဝ နာရီ ထိုး ပြီ။ ကျွန်တော်တို့ တည်းခိုဖို့ စီစဉ်ထားတာက ဆောက်လုပ်ရေး ဧည့်ရိပ်သာဖြစ်ပေမယ့် ကျွန်တော်နဲ့ ဦးပြည့်ဖြိုးငြိမ်းက စကား မပြတ်နိုင်အောင် အလွမ်းသယ်လို့ကောင်းတုန်း ရှိသေးတယ်။ ကျွန်တော် ဦးပြည့်ဖြိုးငြိမ်းအိမ် လိုက်အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အိမ်က ကျွန်တော်တို့ တည်းခိုနားနေမယ့် ဧည့်ရိပ်သာနဲ့ ဓား လွယ်ခုတ်မှာရှိတယ်။ ဦးပြည့်ဖြိုးငြိမ်းကိုယ်တိုင်ကလည်း ကျွန် တော့်ကို လိုလိုလားလားဖိတ်ခေါ်တယ်လေ။
သူနေခွင့်ရတဲ့အိမ်က အိမ်နံပါတ် ဗမ ၃၁၊ သစ်သားနဲ့ ဆောက်ထားတဲ့ ဘိုတဲအဆောက်အအုံ။ အင်္ဂလိပ်လက်ထက်က တည်းက ဆောက်ထားခဲ့တာဖြစ်ပြီး မြို့ပိုင်အဆက်ဆက်နေခဲ့တဲ့ အဆောက်အအုံဖြစ်တယ်။
ဦးပြည့်ဖြိုးငြိမ်းက ကျွန်တော့်အတွက် သီးသန့်အိပ်ရာ ပြင် ဆင်ပေးတယ်။ ကျွန်တော် ခရီးပန်းလာပေမယ့် မအိပ်နိုင်သေး ဘူး။ သူနဲ့ စကားတွေ အကြာကြီးပြောချင်သေးတယ်။ သူ့အိမ်ရှေ့ က ဝရန်တာမှာ ကျွန်တော်ရယ်၊ သူရယ် စကားတွေ အကြာကြီး ပြောဖြစ်ကြတယ်။
ဗန်းမောက်မြို့ရဲ့ အခြေအနေကို သူက ပြောပြတယ်။ ကျေး ရွာပေါင်း ၂၂၁ ရွာ၊ လူဦးရေ ၁၂ဝ,ဝဝဝ ကျော်၊ စာသင်ကျောင်း ပေါင်း ၁၉၃ ကျောင်း၊ စိုက်ပျိုးလယ်မြေဧက ၃ဝ,ဝဝဝ ကျော်၊ စတုရန်းမိုင် ၁,၃၉၇ ရှိတယ်။ ဗန်းမောက်မြို့မြောက်ဘက်မှာ မိုးညှင်း၊ အရှေ့ဘက်မှာ အင်းတော်၊ တောင်ဘက်မှာ ဝန်းသို၊ အနောက်ဘက်မှာ ပင်လယ်ဘူး၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့တွေ ရှိတယ်။
ဗန်းမောက်မြို့ရဲ့ အဓိကထွက်ကုန်က ‘ဆန်၊ သစ်၊ ရွှေ’ ပါပဲ လို့ သူက ဆိုတယ်။ ကျွန်တော်က မနက်ဖြန်မနက် ဇလုံတောင်ကို သွားချင်တယ်လို့ပြောတော့ ဦးပြည့်ဖြိုးငြိမ်းက သူစီစဉ်ပေးမယ် လို့ ကတိပေးတယ်။ မနက်ဖြန်မနက် ၆း၃ဝ နာရီခွဲလောက် အဆင် သင့်လုပ်ထားဖို့ သူက ကျွန်တော့်ကို ပြောတယ်။
မနက်ဖြန်မနက်အတွက် ကင်မရာရယ်၊ မှတ်စုစာအုပ်ရယ်၊ ဘောလ်ပင်ရယ် သေချာပြင်ဆင်ပြီး အိပ်ရာဝင်ခဲ့တယ်။
မနက်လင်းတော့ ကျွန်တော့်ကို လာကြိုတာက ကိုဝင်းဘို နဲ့ ကိုအောင်ဝင်းမင်းခိုင်။ သူတို့နှစ်ယောက်စလုံးက ဦးပြည့်ဖြိုး ငြိမ်းမျက်နှာနဲ့ ကူညီကြသူတွေ။ နှစ်ယောက်စလုံး လူငယ်လေး တွေပါပဲ။ ဘောင်းဘီရှည် ကိုယ်စီဝတ်ထားကြပြီး တောင်တက်၊ တောတိုးရမယ့် ခရီးဖြစ်လို့ ဓားမြှောင်တစ်ချောင်း ဆိုင်ကယ် ကယ်ရီယာမှာ ညှပ်လာကြတယ်။
ဇလုံတောင်က ဗန်းမောက်မြိုနဲ့ ၁၄ မိုင် ၆ ဖာလုံ ဝေးတယ်။ အမြင့်ပေ ၃ဝ၉ဝ မြင့်တယ်။ ကျွန်တော်တို့သုံးယောက် မနက်စာ ကို ဗန်းမောက်မြို့လယ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ လက်ဖက်ရည်ဆိုင်က ထွက်တော့ မနက် ရးဝဝ နာရီ ထိုးပြီ။
ဇလုံတောင်ကိုသွားကြတဲ့ ခရီးစဉ်က ကျွန်တော့်အတွက် မမေ့နိုင်စရာ တောတွင်းစွန့်စားခန်း ခရီးစဉ်ဖြစ်တယ်။ တောင် တက်ကားလမ်းက ၂ဝဝ၄ ခုနှစ်ကမှ ဖောက်လုပ်ထားတာ။ မိုး ကောင်းတဲ့အရပ်ဖြစ်လို့ မိုးတွင်းကာလမှာ မြေပြိုတာတွေ မကြာ ခဏ ဖြစ်ပေါ်တယ်။ ဗန်းမောက်မြို့ကထွက်ပြီး နှစ်မိုင်လောက် အရောက်မှာတော့ လမ်းခရီးစတယ်။ လမ်းမှာ ဘာဆိုင်မှ မရှိဘူး။ ဘာရွာမှ မတွေ့ရဘူး။ တရုတ်ဆိုင်ကယ်နှစ်စီးရဲ့ အင်ဂျင်ရုန်းသံက တစ်တောလုံး ဟိန်းနေတယ်။ အတက်အဆင်းတွေက မတ် စောက်လွန်းတယ်။ တစ်ရှိန်ထိုးဆင်းပြီး တစ်ဟုန်ထိုးတက်ရတဲ့ အမော့တွေချည်းပဲ။ အင်္ဂလိပ်အက္ခရာ ဗီပုံသဏ္ဌာန်တွေလို အဆင်းခက်ခက် အတက်ကြမ်းကြမ်းခရီးလမ်း။
ငှက်အော်သံ စိုးစိုးစီစီ ကြားနေရတယ်။ အောက်ချင်းငှက် တစ်ကောင် ပျံဝဲသွားတာ တွေ့လိုက်ရသေးတယ်။ တောင်ကျ ချောင်းရေကို ကူးဖို့ ဆောက်ထားတဲ့ တံတားတချို့ မိုးရေတိုက် စားလို့ နိမ့်ဆင်းကုန်တယ်။
လမ်းခုလတ်စမ်းချောင်းအနီးမှာ ဆင်ကြီးနှစ်ကောင်ကို တူးခတ်ထားတယ်။ ဆင်လုပ်သားတွေ ခေတ္တစခန်းချတဲ့ ဆင် စခန်းဖြစ်ပါတယ်။ ဆင်ကြီးနှစ်ကောင်ရဲ့ ဘေးမှာတော့ ဆင် ပေါက်လေးက ရေတွေ ဆော့နေလေရဲ့။ ကလေးဇောနဲ့ မဖြစ်သင့် တာ မဖြစ်ရအောင် ဆင်ကြီးတွေကို တူးခတ်ထားတာပါ။ ဆင်ကြီး တွေကို တူးခတ်ထားတာတွေ့လို့ ကျွန်တော်တို့ မစိုးရိမ်မိဘူး။ ဆင်စခန်းကအထွက် တောင်တက်လမ်းအကွေ့မှာ ဆိုင်ကယ် လီဗာပုတ်ပြီး မောင်းလာတုန်း ရှစ်ပေလောက်မြင့်တဲ့ စွယ်စုံဆင် ကြီးတစ်ကောင် သံကြိုးတန်းလန်းနဲ့ တလိမ့်လိမ့်ဆင်းလာတာ တွေ့လိုက်ရတယ်။
ကျွန်တော်တို့ဆိုင်ကယ်ကို လမ်းဘေးချောက်ကမ်းပါးနား ရောက်တဲ့အထိ ရပ်ပေးကြရတယ်။ ဆင်ဦးစီးက ပေါက်ချွန်းတစ် လက်ကိုင်ပြီး ဆင်ဘေးက လမ်းလျှောက်လိုက်လာတယ်။ ဆင် စွယ်ကြီးကလည်း ကြီးလိုက်တာ တစ်တောင်လောက်ရှိတယ်။ ကျွန်တော်တို့ဘက်များ ဦးတည်လာရင် ချောက်ထဲခုန်ချဖို့ ဆုံး ဖြတ်ထားပြီးသား။ မီရာသစ်ကိုင်းဆွဲပြီး ချောက်ထဲခုန်ချဖို့ မျက်စိ ကစားနေလိုက်တယ်။ ဆင်ကြီး ကျွန်တော်တို့ကို လွန်သွားမှ အပေါ်မှာ ဆင်တွေရှိသေးလားလို့ ဆင်ဦးစီးကို လှမ်းမေးဖြစ် တယ်။ ဆင်ဦးစီးက မရှိတော့ပါဘူးလို့ပြောမှ သက်ပြင်းကိုယ်စီ ချဖြစ်တယ်။
ကျွန်တော်တို့ ဆိုင်ကယ်နဲ့ ဆက်တက်လာတော့ လမ်းမှာ တိမ်းမှောက်ထားတဲ့ ထော်လာဂျီတစ်စီး တွေ့တယ်။ ထော်လာဂျီ တိမ်းမှောက်စဉ်က လူအသေအပျောက်ရှိခဲ့တယ်လို့ အတူပါလာ တဲ့ ကိုဝင်းဘိုက ပြောတယ်။ ကိုအောင်ဝင်းမင်းခိုင်ကတော့ ပြီးခဲ့ တဲ့ တစ်ပတ်က ဟုမ္မလင်းဆင်ဝိုင်းမှာ ဆင်တစ်ကောင် မုန်ယိုပြီး ဆင်ဆရာဝန်ကို သတ်လိုက်တဲ့အကြောင်း ပြောပြနေတယ်။
ဇလုံတောင်ခြေရောက်တော့ ပြေပြေလေး ပြန်ဆင်းသွား တယ်။ တောင်ခြေမှာ တည်ပင်တွေရှိတဲ့ တည်ပင်စခန်းဆိုတာ ရှိတယ်။ ကွက်လပ်ကျယ်ကျယ်မှာ ဘုရားဖူးတွေ နားခိုနိုင်အောင် စခန်းဆောက်ထားတာပါ။ သစ်သားဇရပ်တစ်ဆောင် ဆောက် လုပ်ထားပြီး ဒေသခံတွေက အခန်းကိုးခန်းရှိလို့ ကိုးခန်းဇရပ်လို့ ခေါ်ကြတယ်။ တပေါင်း၊ တန်ခူး ဘုရားပွဲတော်ကာလတွေမှာ ဘုရားဖူးတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားလေ့ရှိတဲ့ နေရာဖြစ်ပေ မယ့် အခုက မိုးတွင်းကာလဖြစ်လို့ ဘုရားဖူးအဖွဲ့က ကျွန်တော်တို့ တစ်ဖွဲ့သာ ရှိတယ်။
ကိုးခန်းဇရပ်မှာ ဆရာတော်ဦးဒေဝိန္ဒ သီတင်းသုံးနေထိုင် တယ်။ ကျွန်တော်တို့ရောက်ချိန်မှာ ဆရာတော်မရှိဘူး၊ အပြင် ခဏကြွနေချိန် ဖြစ်တယ်။ ဒါပေမဲ့ ဆရာတော်ရဲ့ ထန်စစ္စတာ ဓာတ်ခဲရေဒီယိုလေးထဲက တွံတေးသိန်းတန်သီချင်းတွေ မြည်နေ တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှားတွေ ဖတ် ထားသူပီပီ ဆရာတော်ဝေးဝေးတော့ မကြွလောက်ဘူးလို့ ခန့် မှန်းမိတယ်။ ကျွန်တော်တို့ တွက်ဆထားတဲ့အတိုင်းပဲ၊ ဇရပ်ပေါ် မှာ ကျွန်တော်တို့ ထိုင်လို့မှမကြာဘူး ဆရာတော်ရောက်ချ လာတယ်။
ဆရာတော်က သူ့မှာရှိတဲ့ မုန့်ပဲသရေစာတွေနဲ့ ဧည့်ခံတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ကတောင် ဆရာတော်ကို လှူရတန်း ရဦးမှာ မဟုတ်လား။ ကျွန်တော်တို့မှာ ပါလာတဲ့ ရေသန့်ဘူးတွေ ကိုသာ ကပ်လိုက်ရတယ်။ ဆရာတော်က ကျွန်တော်တို့ရဲ့ ရေသန့် တွေ အလှူခံပြီး ကျွန်တော်တို့ကို ပြန်စွန့်လိုက်တယ်။

ဇလုံတောင်ကို ထီးတည်းကြီး လှမ်းမြင်နေရပြီ။ တောင်ပေါ် မှာ လမ်းသိပ်မကောင်းတော့လို့ ခြေကျင်လျှောက်ကြရမယ်တဲ့။ ကျွန်တော် အခြေအနေကို တွက်ဆလိုက်တယ်။ ဒီနေ့ ကျွန်တော် တို့က အပြန်ခရီးဖြစ်တယ်။ နေ့လယ်စာလည်း မစားကြရသေး ဘူး။ ကျွန်တော့်ကို စောင့်နေရလို့ အချိန်လင့်မှာမျိုးလည်း မဖြစ် ချင်ဘူး။ အချိန်ရတဲ့အခါမှ အေးအေးဆေးဆေး လာဖူးဖို့ ဆုံးဖြတ် လိုက်တယ်။
ဆရာတော်ဦးဒေဝိန္ဒ ကျောင်းလေးပေါ်မှာပဲ အေးအေး ဆေးဆေးနားဖြစ်ကြတယ်။ ဆရာတော်ကို ဒီတောဒီတောင် အကြောင်း မေးမြန်းလျှောက်ထားဖြစ်တယ်။
”ဒီတောထဲမှာ ဂျီတွေ၊ တောဝက်တွေ၊ ဝံတွေ ရှိတယ်။ မိုး တွင်းကာလ မျှစ်ပေါတဲ့အချိန်ဆို ဝံတွေရောက်လာတတ်တယ်။ ဟိုတလောက တောင်ဆိတ်တစ်ကောင်က ဘုရားဖူးကားကို ဝင် တိုက်တာ ကားတံခါးချိုင့်သွားတယ်။ မျောက်တွေဆို ကားလမ်း ဘေးက သစ်ပင်ပေါ်မှာ တွေ့နေရတယ်။ ဒေါင်းတွေ၊ တောကြက် တွေလည်း ပေါတယ်” လို့ ဆရာတော်က မိန့်တယ်။
ဆရာတော်ကျောင်းက အပြန်လမ်းခရီးမှာ မိုးရိပ်လေရိပ် ကြောင့် သတိထားမောင်းကြရတယ်။ ကျွန်တော်တို့ အပြန်ခရီး မှာ ဇလုံတောင်ကို တက်လာတဲ့ ဆိုင်ကယ်သမားတွေကို တွေ့ရ တယ်။ ဆိုင်ကယ်တစ်စီးအတွက် ကယ်ရီခက ကျပ် ၂ဝ,ဝဝဝ-၃ဝ,ဝဝဝ ပေးရသတဲ့။ ကျွန်တော့်ကို အလုပ်ပျက်အကိုင်ပျက် လိုက်ပို့ပေးတဲ့ ကိုဝင်းဘိုနဲ့ ကိုအောင်ဝင်းမင်းခိုင်တို့ကို ကျေးဇူး တင်ရတယ်။
အပြန်မှာ ဆေးရုံအနီးက ကွက်လပ်ကျယ်ထဲမှာ ဘက်ဖိုး ကားတွေ တန်းစီရပ်ထားတာ တွေ့ရတယ်။ တချို့ကားတွေက ချုံ နွယ်ပိတ်ပေါင်းတွေ တောင်တက်နေကြပြီ။ ဘာဖြစ်လို့ ကားတွေ ပစ်ထားတာလဲလို့ စပ်စုကြည့်တော့ ရွှေခိုးတူးတဲ့ ဘက်ဖိုးကား တွေမို့ ဖမ်းဆီးထားတာတဲ့။ ဘက်ဖိုးကားတစ်စီးတန်ဖိုးက ကာလ ပေါက်ဈေး ကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိပြီး တစ်နာရီငှားခ ကျပ်တစ်သိန်းရကြသတဲ့။ တချို့ ဘက်ဖိုးထူထောင်ကြသူတွေက အိမ်တွေ၊ ဝိုင်းတွေ ရောင်းချပေါင်းနှံပြီး ဘက်ဖိုးဝယ်ထားကြတဲ့သူ တွေ ရှိတယ်။ ရွှေခိုးတူးကြတဲ့သူတွေ ငှားရမ်းလို့ လိုက်ပါလုပ်ကိုင် ရင်း ကားအသိမ်းခံလိုက်ကြရသူတွေလည်း ရှိသတဲ့။
ကျွန်တော်တို့ ဧည့်ရိပ်သာကိုရောက်တော့ ဆရာတို့က ထမင်းစားဖို့ ထွက်ကြတော့မှာ။ ကျွန်တော့်ကို ဇလုံတောင်လိုက်ပို့ ပေးကြတဲ့ ကိုဝင်းဘိုနဲ့ ကိုအောင်ဝင်းမင်းခိုင်တို့ကို ကျေးဇူးတင် စကားဆိုတော့ သူတို့က ပြန်အားနာနေကြတယ်။
ကျွန်တော်တို့ ဗန်းမောက်ဈေးထဲကဖြတ်ပြီး ငွေလှိုင်းရှင် စားသောက်ဆိုင်ကို သွားကြတယ်။ ကျွန်တော်တို့ကို လိုက်ဧည့်ခံ တာက စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တွေ က ဧည့်ခံတာပါ။ ကော်မတီဝင်အများစုက မိန်းမသားတွေ။ သူတို့ အားလုံး ပျော်ပျော်နေတတ်သူတွေချည်းဆိုတာ ရိပ်မိတယ်။
စားသောက်ပြီး ဗန်းမောက်မြို့က မျိုးပါရမီဘော်ဒါဆောင် ကို သွားလည်ကြတယ်။ ဘော်ဒါတည်ထောင်သူ မမြင့်မြတ်သက် က စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီဝင်မို့ သူ့ဘော်ဒါ ကို လေ့လာဖို့ ဖိတ်ခေါ်တာကြောင့် ရောက်သွားတာပါ။ မနေ့ညက လုပ်တဲ့ စာပေဟောပြောပွဲမှာလည်း မျိုးပါရမီဘော်ဒါက ကျောင်းသူ၊ ကျောင်းသားတွေ စည်းကမ်းရှိရှိ လာနားထောင်တာ ကျွန်တော်တို့ တွေ့ခဲ့ရပြီးဖြစ်တယ်။ မမြင့်မြတ်သက်ရဲ့ မိဘ အငြိမ်းစားပညာရေးဝန်ထမ်းတွေနဲ့ ထွေရာလေးပါးပြောပြီး ကျွန်တော်တို့ နှုတ်ဆက်ပြန်ခဲ့ကြတယ်။
ဧည့်ဂေဟာရှေ့မှာ ကျွန်တော်တို့ကို ပြန်ပို့မယ့်ကားက အဆင်သင့်စောင့်နေပြီ။ အပြန်ခရီးမှာ ညီငယ်ကိုငြိမ်းချမ်းအောင် က သူ့ကားနဲ့ လိုက်ပို့ပေးမှာပါ။ သူက ဗန်းမောက်မှာ ရွှေတူးဖော် နေတဲ့ ကလေးမြို့ဇာတိ မ္တလေးနန်းရှေ့သား၊ ငယ်ငယ်ရွယ်ရွယ် သွက်သွက်လက်လက် ဖော်ရွေသူဖြစ်တယ်။ အပြန်ခရီးမှာ ကျွန် တော်တို့နဲ့အတူ အင်းတော်က သတင်းသမားတစ်ယောက်လည်း လမ်းကြုံလိုက်ဦးမှာလေ။
ကားထွက်ခါနီးတော့ ဦးပြည့်ဖြိုးငြိမ်းကို နှုတ်ဆက်ဖို့ သွား ကြည့်ပေမယ့် သူ့အိမ်မှာ မရှိဘူး။ သူ့အတွက် စာအုပ်လက်ဆောင် တွေကို လူကြုံနဲ့သာ ပေးထားခဲ့ရတယ်။
ဗန်းမောက်မြို့က မွန်းတည့် ၁၂းဝဝ နာရီလောက်မှာ ထွက် ဖြစ်တယ်။ ဗန်းမောက်မြို့ခံတွေ ထည့်ပေးလိုက်တဲ့ လက်ဆောင် တွေက အများကြီးပဲ။ လမ်းခရီးမှာ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ပဲ ပြန်လာကြတယ်။ လမ်းခရီးမှာ ဘာအနှောင့်အယှက်၊ ဘာ အဟန့်အတားမှ မရှိခဲ့ဘူး။ အားလုံး စိတ်လက်ပေါ့ပါးစွာနဲ့ပဲ ပြန် ခဲ့ကြတယ်။ ဆရာညိုထွန်းလူက ဒီခရီးစဉ်ကို ကျေနပ်နှစ်သက်ပုံ ရတယ်။ ဆရာကျော်နဲ့ ဆရာညီပုလေးကို နောက်ခရီးစဉ်တွေရှိရင် သွားကြသေးတာပေါ့လို့ အဖော်ညှိတယ်။ ကျွန်တော်ကလည်း ကိုယ်ချစ်ခင်လေးစားရတဲ့ ဆရာတွေနဲ့ အတူယှဉ်တွဲသွားရတဲ့ ခရီးဖြစ်လို့ အမြဲအမှတ်ရနေမိမှာ သေချာတယ်။
(ဗန်းမောက်ခရီးစဉ်အတွက် အစစအရာရာ ကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။) ။ ။
၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉) မှ ခရီးသွား ဆောင်းပါးဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။