၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Satire ဖြစ်ပါသည်။
ရန်လိုကျွဲရေးသည်။
ပိန်ပုံပိန်နည်း ရလိုသဖြင့် အကြံပေးဂုရု ဆရာ ကျွဲထံ ချဉ်းကပ်လာသူ အများအပြားရှိရာ ယခု နောက်ဆုံး မိတ်ဆက်ပေးလိုသူမှာ လူ့အခွင့် အရေး နယ်ပယ်တွင် ထင်ရှားလှသည့် ဆရာ အောင်မျိုးမင်း ဖြစ်တော့သည်။
သူသည် မိမိထံမှ အကြံတောင်းသူများအနက် အထင်ရှား ဆုံးဖြစ်ဖွယ်ရှိသည်။
ခြောက်သွေ့အိုက်စပ်သော ဆောင်းဦးရက် တစ်ရက်တွင် မိမိ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် မိမိရှေ့သို့ သူ ရောက်လာလေသည်။
နိုင်ငံရပ်ခြားတွင်နေစဉ် မိမိတို့သည် တစ်မြို့တည်းသားများ ဖြစ်ကြသည်။ ယခု အမိနိုင်ငံ ပြန်ရောက်တော့လည်း တစ်မြို့ တည်းပင်။ နေရပ်ရင်း ပြန်ရောက်သော်လည်း များစွာ မပျော်နိုင်။ တဖြည်းဖြည်း ဝဖြိုးလာသောကြောင့် စိတ်ပိန်ရသည်ဟူ၏။
““မစ္စတာကျွဲရေ၊ ငါ ပိန်ပါရစေ။ ကူညီပါ။ ပိန်မယ်ဆိုရင် ဘာပဲလုပ်ရ လုပ်ရ လုပ်ပါ့မယ်””
““တော်ပါတော့ ကိုအောင်မျိုးမင်းရယ်။ နိုင်ငံတကာ အတွေ့အကြုံလည်း အများကြီးရှိ၊ အင်္ဂလိပ် စာလည်း အင်မတန် ကျွမ်းကျင်နေတာပဲ။ ကိုယ့်ဟာကိုယ် ပိန်အောင်လုပ်ပါဗျာ””
““သြော်… အင်္ဂလိပ်စစ်စစ်ကြီးတွေ ဝဖီးနေတာ ရုပ်ရှင်ထဲ မှာ မမြင်ဖူးဘူးလား။ ငါက အင်္ဂလိပ်စာတတ်တာနဲ့ ပိန်ရောလား””
ပိန်နည်း၊ ဝိတ်ကျနည်းကို အွန်လိုင်းတွင် အင်္ဂလိပ်ဘာသာ ဖြင့် ရှာဖွေဖတ်ရှုလျှင် အများအပြား တွေ့ရမည်ဖြစ်သောကြောင့် ကိုယ်တိုင် လေ့လာ၊ ကြိုးစားသင့်သည်ဟု မိမိ ဆိုလိုခြင်း ဖြစ် သည်။ သူကလည်း ထိုဆိုလိုရင်းကို နားလည်မည် ဖြစ်သော်လည်း လမ်းကြုံသဖြင့် ဘုတောခြင်းဖြစ်ပေမည်။ Customer is always right ဖောက်သည်ဘက်က အမြဲ မှန်သည် ဟူသော စကားပုံကို ဆင်ခြင်မိသဖြင့် မိမိလည်း ပြန်လည် ဘုတောခြင်း မပြုပေ။
““ငါ့ဘောင်းဘီတို၊ ဘောင်းဘီရှည်တွေ ကျပ်ကုန်ပြီ။ ငါ ပြန်ပိန်မှ ဖြစ်တော့မှာ””
““ဘောင်းဘီ မတော်တော့လည်း အသစ်ဝယ်လို့ ရတာပဲ ကိုအောင်မျိုးမင်းရယ်””
““မတော်တိုင်း အသစ်ဝယ်ရရင် ငါ မွဲရချည်ရဲ့။ အကြီးမား ဆုံး ပြဿနာက ငါအကြိုက်ဆုံးဘောင်းဘီတွေ ကျပ်ကုန်လို့ ခေါက်သိမ်းထားရတာပဲ””
““ကျွန်တော် အကြံပေးတဲ့အတိုင်း လိုက်လုပ်ရင်တော့ အောင်မြင်သွားကြတာ များပါတယ်။ အဲ…အပိန်လွန်ပြီး ဘောင်း ဘီတွေ ချောင်သွားရင် ဘယ်လိုလုပ်မလဲ””
““ချောင်တာက လွယ်တယ်လေ။ ခါးပတ် ပတ်ထားလိုက်ရုံ ပဲ။ ကျွတ်မကျတော့ဘူး။ အခုလို ကျပ်နေတာက ခါးပတ်လည်း မကယ်နိုင်ဘူး””
သူ၏ အခက်အခဲတို့ကို လက်ဖက်ရည်ဆိုင်တွင် ရေနွေး ကြမ်း ဓာတ်ဘူး တစ်ဘူးကုန်အောင် နားထောင်ပြီးဖြစ်သည်။
““ကဲ… စကားလည်းပြော၊ ရေနွေးကြမ်းလည်း သောက်။ ဒီဆိုင်က လက်ဖက်ခြောက် ကောင်းကောင်း သုံးတယ်။ ဟေ့ ကောင်လေးရေ၊ ရေနွေး နောက်တစ်အိုး ပေးပါ””
လက်ဖက်ရည်ဆိုင်မှ ဆယ်နှစ်ကျော်အရွယ် စားပွဲထိုးလေး က ဓာတ်ဘူးလဲပေး၏။ တကယ်တော့ ထိုအရွယ် ကလေးငယ် သည် စာသင်ခန်းထဲတွင်သာ ရှိရမည် မဟုတ်လော။ သို့သော် လည်း ဤကောင်လေးနှင့် ဘဝတူ ကလေးပေါင်း မြောက်မြားစွာ သည် နိုင်ငံအနှံ့ စားသောက်ဆိုင်လုပ်ငန်း၏ အရေးပါသော အင် အားစု ဖြစ်မှန်းမသိ ဖြစ်လာသည်မှာ ကြာပေပြီ။ ထိုကောင်လေး ကို မြင်လိုက်သည့် အခိုက်အတန့်တွင် ပိန်လိုသူ ကိုအောင်မျိုးမင်း အတွက် အသင့်တော်ဆုံးဖြစ်မည့် စိတ်ကူးတစ်ခု ခေါင်းထဲ ပေါ် လာလေသည်။
ထိုစိတ်ကူးကို အခြေပြုပြီး သူ့အတွက် ပိန်နည်း နိဿရည်း တစ်ခု မိမိ ပြောပြသောအခါ သူ့မျက်နှာ ရှုံ့မဲ့သွား၏။ မိမိ ပေးလိုက် သည့် နည်းလမ်းကို သဘောမတွေ့ကြောင်း သိသာလှ၏။
သို့သော်လည်း သူက စောဒက မတက်ပေ။ ပေးသည့် အကြံအတိုင်း တိတိကျကျ ဆောင်ရွက်ပါမည်ဟုသာ အောင့် သက်သက်ပြောပြီး ထွက်သွားလေ၏။ မိမိကြောင့် ပိန်လိုသူ အများအပြား အမှန်တကယ် ပိန်ကျသွားသည်ကို သူသိပြီး ဖြစ် သောကြောင့် စောဒက မတက်ခြင်း ဖြစ်ပေမည်။
ယတြာ မဟုတ်
လက်ဖက်ရည်ဆိုင်မှ သူထွက်သွားပြီး များမကြာမီ Facebookတွင် သူ စာနှစ်ကြောင်း ရေးတင်လိုက်သည်။
““အကြံပေးဆရာ ရန်လိုကျွဲထံ ရောက်ခဲ့သည်။ နှစ်သစ် တွင် လူသစ် ဖြစ်ရန် သူတာဝန်ယူပေးမည်ဟု ဆိုသည်””
သူက ခပ်တိုတို နှစ်ကြောင်း ရေးသော်လည်း သူ့အွန်လိုင်း မိတ်ဆွေ နှစ်ထောင်ခန့်က နှစ်သက်ကြောင်း၊ အံ့သြကြောင်း အမှတ်လက်္ခဏာများ ပြသကြကုန်၏။
ထိုသို့ ရေးသားခြင်းမှာ မိမိကို သတိပေးခြင်းလည်း ဖြစ်နိုင် သည်။ ““နင်ပေးတဲ့အကြံအတိုင်း လိုက်လုပ်တော့မယ်၊ ပိန်မသွား လို့ကတော့ နင့်တာဝန်ပဲ””ဟု ဆိုလိုခြင်းပေလော။
သူ ပိန်မသွားပါက မိမိ နာမည်ပျက်ပေတော့မည်။ သို့သော် လည်း မိမိ စိုးရိမ်ခြင်း အလျဉ်း မရှိချေ။ သူ သေချာပေါက် ပိန်မည် ကို မိမိ ကြိုသိနေ၏။
ရက်များမကြာမီ မိမိတို့၏ မိတ်ဆွေတစ်ဦးဖြစ်သူ မခင်လေး ဖုန်းဆက်လာသည်။
““ကိုအောင်မျိုးမင်း ပိန်ချင်လို့ အကြံ လာတောင်းတယ်ဆို။ သူ့ကို ဘာပေးလိုက်တာလဲ။ ငါ့တုန်းကလို ယတြာတွေ ဘာတွေ ချေခိုင်းလိုက်သေးလား”” (ယတြာဟု ယူဆရသော အစီအရင် တစ်ခုကြောင့် မခင်လေး ဝိတ်ကျသွားပုံကို ဒီဇင်ဘာလထုတ် မော်ကွန်းတွင် ဖော်ပြပြီးဖြစ်သည်)
““ဟင်းအင်း… ကျုပ်က သူ့ကို ယတြာ မခြေခိုင်းပါဘူး မခင်လေးရယ်။ အစားအသောက် စားတဲ့အခါ သတိကပ်၊ ဆင် ခြင်ဖို့ ဆိုတာလေးပဲ မှာလိုက်တာပါ””
““အေး…ထင်တော့ ထင်သားပဲ။ ကိုအောင်မျိုးမင်းက အစားအသောက်နဲ့ ပတ်သက်ရင် အတော်လေး ဇီဇာကြောင်လာ တာ တွေ့တယ်။ ဇီဇာကြောင်တယ်လို့လည်း ပြောလို့ မရပါဘူး ဟယ်။ ခွတီးခွကျနိုင်တယ်လို့ပဲ ပြောရတော့မယ်။ ဝိတ်ချတယ် လည်း ပြောသေး၊ ဝက်သားတုတ်ထိုးလည်း ထိုင်စားချင် စားနေ တာပဲ””
မိမိလည်း ဖုန်းနားထောင်ရင်း ပြုံးနေလိုက်သည်။ ““နောက် ထပ် ထူးထူးခြားခြား ဘာတွေ တွေ့သေးလဲ”” ဟု သူ့ကို မေး လိုက်သည်။
““ထူးခြားတာကတော့ အများကြီးပဲ။ ထမင်းဆိုင်ဖြစ်ဖြစ် ဘာဆိုင်ဖြစ်ဖြစ် ရောက်ပြီဆိုရင် စားပွဲထိုးတွေကို လိုက်ကြည့် တော့တာပဲ။ မီးဖိုဆောင်ထဲအထိတောင် လိုက်ကြည့်သေးတယ်။ မှာထားတာတွေကို အားရပါးရ စားတာလည်း ရှိသလို လုံး၀ မစားဘဲ ပြန်သွားတာလည်း ခဏခဏပဲ။ မစားတာ များပါတယ်””
““ဟုတ်လား။ မီးဖိုထဲအထိ လိုက်ချောင်းတာလား။ အစား အသောက် ပြင်ဆင်ချက်ပြုတ်တာ သန့်ရှင်းမှု ရှိမရှိ လိုက်ကြည့် တာ ဖြစ်မှာပေါ့။ သူက အသန့်ကြိုက်လို့ ဖြစ်မှာပေါ့””
““နိုး…ဟင့်အင်း… အသန့်ကြိုက်တာတော့ လုံး၀ မဖြစ်နိုင် ဘူး၊ သူ လက်သည်းကိုက်နေတာ ခဏခဏ တွေ့ဖူးတယ်””
မခင်လေး ဖုန်းဆက်လာရခြင်း အကြောင်းရင်းမှာ ကိုအောင်မျိုးမင်း စားသောက်ဆိုင်များသို့ ရောက်လျှင် ခါတိုင်း နှင့် မတူသည့် အပြုအမူများ ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်ပြီး သိလို ခြင်းကြောင့်ပင်။ ထိုအပြုအမူတို့မှာ လွန်စွာ ထူးခြားသော ပြောင်းလဲမှု ဖြစ်လေရာ မိမိက အဘယ်ကြောင့် ထိုသို့သော အကြံဉဏ်များ ပေးလိုက်ရသနည်း၊ ထိုနည်းလမ်းက အမှန် တကယ် အလုပ်ဖြစ်မည်လောဟု မေးလာ၏။
မိမိလည်း သူ့ကို အချိန်တန်လျှင် ပြောမည်ဟုသာ ပြန်ဖြေ လိုက်သည်။
ပိန်ရန် သုံးလသာကြာ
ပိန်လိုသူ၊ ဝိတ်ကျလိုသူသည် ခြောက်လအတွင်း ပိန်သွား၊ ဝိတ်ကျသွားသည်ဆိုပါက ကျင့်သုံးသော နည်းလမ်း မှန်ကန်သည် ဟု ဆိုရမည်။
ကိုအောင်မျိုးမင်းသည် ဝိတ်ကျရန် သုံးလသာ အချိန်ယူ သည်ကို တွေ့ရသဖြင့် မိတ်ဆွေအပေါင်း များစွာ အံအားသင့် ကြ၏။
တချို့ကလည်း ကိုအောင်မျိုးမင်း ပိန်ရခြင်းမှာ အလုပ်ပင် ပန်း၊ ကျန်းမာရေးထိခိုက်ကာ ဆေးရုံတက်ရောက်ကုသပြီးနောက် ပိန်သွားသည်ဟု ဆိုကြသည်။ သူတို့ထင်ကြေးက မှန်သင့် သလောက်တော့ မှန်ပါ၏။
သို့သော်လည်း ပိန်ရခြင်း အဓိက အကြောင်းရင်းမှာ မိမိ၏ အကြံကောင်း ပေးနိုင်မှု၊ သူ၏ ဇွဲ၊ လုံ့လ၊ ဝိရိယတို့နှင့် သက်ဆိုင် နေသည်။ မိမိတို့ကို ချီးကျူးရန် ဝန်လေးသဖြင့် ဤအချက်ကို ထိမ်ချန် ပြောဆိုကြခြင်း ဖြစ်ပေမည်။
အနည်းငယ်သော တချို့ကလည်း မိမိတို့ကို ချီးကျူးကြ၏။ မည်သို့လုပ်လိုက်သဖြင့် မည်သို့ ပိန်သွားကြောင်း သိလိုသည်ဟု ဆိုလာကြ၏။ မိမိလည်း ဇာတ်လမ်း အစကို ပြန်ပြောပြရ လေသည်။
စီမံကိန်း ပထမနေ့ လက်ဖက်ရည်ဆိုင်တွင် တွေ့ကြစဉ်က သူ့ကို စားသောက်သည့်အခါတိုင်း မိမိအလုပ်အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင်ပါ၊ သေချာပေါက် ပိန်မည်ဟု မှာခဲ့သည်။ ““အစာစားတိုင်း အလုပ်အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင် ပါ”” ဟူသော မိမိပြောသည့် ပိန်နည်း နိဿရည်းကို ဂါထာရွတ် သလို ရွတ်ပြီး သူ ပြန်သွားခဲ့ခြင်း ဖြစ်သည်။
လူ့အခွင့်အရေးပညာပေးသူ ကိုအောင်မျိုးမင်းသည် ဟိုဟို ဒီဒီ လျှောက်သွားနေရသူဖြစ်ရာ များသောအားဖြင့် ဆိုင်တွင်သာ စားသောက်ရသူတည်း။
မိမိအကြံပေးပြီး ရက်အနည်းငယ်အကြာတွင် ကိုအောင် မျိုးမင်း မိမိထံ ပြန်ရောက်လာသည်။ ဗိုက်ဆာနေကြသဖြင့် ယခင် ထိုင်ခဲ့သည့် လက်ဖက်ရည်ဆိုင်သို့ ချီတက်ခဲ့ကြသည်။ စား စရာ စုံစုံလင်လင် ရသည့် ထိုဆိုင်သို့ ရောက်လျှင် လိုအပ်သည်များ မှာစားကြသည်။
““မစ္စတာကျွဲရေ၊ စားတဲ့အခါတိုင်း အလုပ်အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင်၊ တရားမှတ်နေရတာ လေးငါးရက်ရှိပြီ၊ ဘာမှ လည်း မထူးပါဘူး””
““လေးငါးရက်နဲ့ ဘာထူးမှာလဲ။ အဲ…ပြောပါဦး၊ ဘယ်လို ဘယ်လို သတိထားပြီး ဆင်ခြင်တာလဲ””
““ကိုယ်က လူ့အခွင့်အရေးလှုပ်ရှားသူဆိုတော့ ထမင်း တစ်လုတ်စားတိုင်း လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ဆိုပြီး တရားမှတ်သလို ဆင်ခြင်ရတာပေါ့။ ဆင်ခြင်နေတာ ကြာလာ ပြီ၊ ခုထိတော့ ဘာမှ မထူးသေးဘူး၊ အားနာနာနဲ့ မေးရဦးမယ်၊ မောင် ရင့် ဖော်နည်းကားက အလုပ်ဖြစ်ပါ့မလား””
““အလုပ်ဖြစ်မှာပါ။ ယုံယုံကြည်ကြည်နဲ့သာ ဆက်လုပ်ပါ””
ထိုအခိုက် မှာထားသည့် အစားအစာများ အငွေ့တထောင်း ထောင်းဖြင့် ရောက်လာသည်။ ယခင် ဆုံဖူးသည့် ဆယ်နှစ်ကျော် အရွယ် စားပွဲထိုးလေးက လာချပေးခြင်းပင်။
ကိုအောင်မျိုးမင်းက ဇွန်း၊ ခက်ရင်း ကိုင်ကာ အားပါးတရ စားတော့မည့်အခိုက် မိမိ တားမြစ်လိုက်ရသည်။
““ဟိုးထား…ဟိုးထား…မစားနဲ့ဦး””
စားခါနီးထမင်းလုတ် ပုတ်ချခံရသကဲ့သို့ ဖြစ်သွားသော ကိုအောင်မျိုးမင်း မိမိကို မျက်လုံးပြူးပြီး ကြည့်လေသည်။
““ဒီအစားအစာတွေ ချပေးတဲ့ စားပွဲထိုးလေးကို လေ့လာ ပါဦး။ ဘာထူးခြားသလဲ””
““မထူးပါဘူး။ သာမန်ပါပဲ မစ္စတာကျွဲရယ်။ ထူးဆန်းတယ် ဆိုဦးတော့၊ သူ့ဟာသူ ထူးတာပဲ။ စားစရာ ရှိတာ စားမယ်လေ””
““ဟိုးထား… မစားနဲ့ဦး။ စားခါနီး အလုပ်အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင်ပြီးပြီလား””
““ပြီးပြီလေ။ ငါက အော်ကြီးဟစ်ကျယ် ဆင်ခြင်နေရ မှာလား””
သူက မစားရသေးသော အစားအစာတို့ကို တစ်လှည့်၊ မိမိ ကို တစ်လှည့် ကြည့်ကာ စိတ်ဆိုးစ ပြုလာပြီး ဇွန်း၊ ခက်ရင်းကို စားပွဲပေါ် ဆောင့်ချလိုက်သည်။
““ဒီအစားအစာတွေ လာချပေးတဲ့ စားပွဲထိုးလေးက ဆယ် နှစ်ကျော်ပဲ ရှိသေးတယ်။ သူက လူကြီးတွေလိုပဲ တစ်ရက်ကို ရှစ် နာရီမက အလုပ်လုပ်ရတယ်။ ကလေးဆိုပြီး အချိန်ပိုင်းပဲ ခိုင်း မယ် မထင်နဲ့။ ဒီလို ကလေးလုပ်သားတွေ ရှိတဲ့ဆိုင်ကို အားမပေး သင့်ဘူး မဟုတ်လား။ ကိုအောင်မျိုးမင်းတို့လို လူ့အခွင့်အရေး ပညာပေးသူတွေဆိုရင် ပိုပြီး ဂရုစိုက်ရမယ် မဟုတ်လား။ ကလေး အလုပ်သမားတစ်ယောက် လာပြီး ဝန်ဆောင်မှုပေးတဲ့ အစား အစာကို စားတယ်ဆိုတာ ဖြစ်သင့်သလား။ စားခါနီး အလုပ် အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင်ဆိုတာ ဒါကို ပြောတာပါ””
““အင်း… ဒီလိုဆိုတော့လည်း ဟုတ်သားပဲ။ ဆိုင်အတော် များများက ကလေးအခွင့်အရေးကို ဂရုမစိုက်ကြဘူး။ ဒီလို ဆိုင် တွေမှာ စားတယ်ဆိုတာ အခွင့်အရေး ချိုးဖောက်တာကို အား ပေးသလို ဖြစ်တော့မှာပေါ့””
ဤသို့ဖြင့် ကလေးအလုပ်သမား မရှိဟု ယူဆရသော နောက်တစ်ဆိုင်သို့ ပြောင်းထိုင်ကြသည်။ ထိုဆိုင်တွင် စားပွဲထိုး များမှာ ကလေးများ မဟုတ်သော်လည်း ပန်းကန်ဆေးနေသူမှာ ဆယ်နှစ်ဝန်းကျင် မိန်းကလေး ဖြစ်နေသည်ကို လှမ်းတွေ့ရပြန်၏။ ထို့ကြောင့် နောက်တစ်ဆိုင် ပြောင်းရပြန်၏။
ငါးဆိုင်မြောက် အရောက်တွင်မှ မိမိတို့ အဆင်ပြေကြ၏။ အဆာလွန်သွားသဖြင့် ကောင်းစွာ မစားနိုင်ကြ။
ထိုနေ့မှ စပြီး လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်မျိုးမင်း သည် စားသောက်ဆိုင် တစ်ခုခုသို့ ရောက်တိုင်း ကလေးလုပ်သား ရှိ၊ မရှိ ဦးစွာ စူးစမ်း၏။ မရှိဟု သေချာမှ အစားအစာ မှာလေသည်။
သို့သော် ဒုက္ခသီရိနိုင်ငံတော်တွင် ကလေးလုပ်သား အသုံး မပြုသည့်ဆိုင် ရှားပါးလှ၏။ အနယ်နယ်သို့ သွားရောက်စဉ် ဗိုက်ဖြည့်ရန်အတွက် စားသောက်ဆိုင်ကိုသာ အားကိုးရသော ကိုအောင်မျိုးမင်းသည် များစွာ ဒုက်္ခရောက်လေ၏။ ဆိုင်တစ်ဆိုင် သို့ ဝင်တိုင်း ကလေးလုပ်သား ရှိ၊ မရှိကို ဆိုင်တွင်း၊ ဆိုင်ပြင်၊ ဆိုင် နောက်ဖေးအထိ သွားရောက် ထောက်လှမ်းသူ ဖြစ်လာသည်။
နေ့လယ်စာ၊ ညစာ ငတ်သောနေ့တွေ များလာ၏။ ထိုသို့ အစားအသောက် ပျက်လာသောကြောင့် ကိုအောင်မျိုးမင်း သိသိသာသာ ပိန်ချုံးလာ၏။ နောက်ဆက်တွဲအနေဖြင့် ဆေးရုံပင် တင်လိုက်ရလေ၏။
ဤသည်မှာ စားခါနီး အလုပ်အကိုင်အကြောင်း သတိကပ်၊ ဆင်ခြင်ရာမှ ပိန်လှီ၊ ဝိတ်ကျသွားသော ကိုအောင်မျိုးမင်း အကြောင်း ဖြစ်ချေ၏။
နိဂုံး
ဖြစ်ကြောင်းကုန်စင်ကို သိသွားကြသော မိတ်ဆွေအပေါင်း တို့က မိမိကို ကန့်ကွက်ကြကုန်၏။
မိမိတို့၏မိတ်ဆွေ မခင်လေးက မိမိကို ဖုန်းဆက်ပြီး ဆူ လေသည်။
““ရှင် ဘာတွေ လျှောက်လုပ်နေတာလဲ။ လူဆိုတာ အစာ မစားရင် သေသွားမှာပေါ့။ ဘာကြောင့် သူ့ကို လိုက်ပြီး ဟန့်တား နေရတာလဲ””
““ဟင်…သူ့ကို မဟန့်တားရပါလား။ ကလေးလုပ်သားခိုင်း တဲ့ ဆိုင် ဟုတ်၊ မဟုတ် ဆင်ခြင်ဖို့ပဲ ပြောတာပါ””
““တစ်နိုင်ငံလုံး ကလေးလုပ်သား သုံးနေကြတာ မတွေ့ဘူး လား။ အဲဒီလိုဆိုင် မစားနဲ့ဆိုရင် ဆိုင်ကိုပဲ အားကိုးရတဲ့လူက ငတ် သေတော့မှာပေါ့။ ဆင်ခြင်စေချင်ရင် ကိုယ်တိုင်ကိုယ်ကျ လုပ် လေ၊ အများပြည်သူ ပါဝင်လာအောင် စည်းရုံးလေ””
ဆူပူမှု အပြီး မခင်လေး ဖုန်းချသွား၏။
မိမိ မည်သို့ပင် ဆူပူခံရသည်ဖြစ်ပါစေ၊ ကိုအောင်မျိုးမင်း ပိန်သွား၊ ဝိတ်ကျသွားလျှင် မိမိ တာဝန်ကျေပြီ မဟုတ်လော။
ယခုအခါ ကိုအောင်မျိုးမင်းသည် လူ့အခွင့်အရေး ပညာ ပေးမှု ဆက်လက် လုပ်ကိုင်လျက်ရှိသည်။ ကလေးလုပ်သား အသုံးပြုမှု၊ နာရီပေါင်းများစွာ ခိုင်းစေမှုတို့သည် မဖြစ်သင့် ကြောင်း အာပေါက်မတတ် ပြောဆို လှုံ့ဆော်နေဆဲဖြစ်သည်။
ကလေးလုပ်သားရှိသောဆိုင်မှ ဝယ်ယူစားသောက်မှု မပြု ကြရေး အစီအစဉ်မှာ အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် လှုပ် ရှားမှုဖြစ်ကြောင်း သူက ပြောသည်။
လအနည်းငယ်အတွင်း ပိန်ကျ၊ ဝိတ်ကျသွားရာ မည်သို့ ပင် ဖြစ်စေကာမူ မိမိ ပေးခဲ့သောအကြံကြောင့် ကျေးဇူးတင်နေ ဖွယ် ရှိသည်ဟု ယူဆရပါကြောင်း။
- #Yan_Lo_Kyal
- #mawkun
- #magazine
- #chronicle