၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ Analysis ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။
လူသားတွေဟာ အသက်ရှင်သန်ဖို့၊ ကျန်းမာ ကြံ့ခိုင်ဖို့နဲ့ စွမ်းအင်ရရှိဖို့ အစားအစာ (Food) နဲ့ ရေအပါအဝင် အရည်မျိုးစုံ သောက်ကြရပါတယ်။ အဲဒီအတွက်အရေးကြီးတဲ့ အချက်တွေကတော့ စားသုံး၊ သောက်သုံးသမျှတွေဟာ ဘေးအန္တရာယ် ကင်းရှင်းခြင်း (Safe)၊ အာဟာရပြည့်စုံခြင်း (Nutritious)၊ ကျန်းမာရေးနဲ့ညီညွတ်ခြင်း (Healthy) ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံခြင်းပါပဲ။
အဲဒီအချက်တွေနဲ့ ကိုက်ညီစေဖို့ နိုင်ငံတကာက လက်ခံ သဘောတူတဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်တွေ (Quality and Standard) ကို နိုင်ငံအသီးသီးက တရားဝင် သတ်မှတ်ပြဋ္ဌာန်းကြပါတယ်။ အဲဒီအထဲက တစ်ချက်ချက်နဲ့ လွဲ မှားနေရင်း “စားသုံးရန်မသင့်” လို့ သတ်မှတ်ပြီး တားမြစ်ပိတ်ပင် ခြင်း (Ban)၊ ပြန်လည်ရုပ်သိမ်းခြင်း (Recall)၊ ဖျက်ဆီး ဖျောက် ပယ်ခြင်း (Demage/Discard) နဲ့ အရေးယူ ဆောင်ရွက်ကြပါတယ်။
စားသောက်ကုန်ပစ်္စည်းတစ်ခု အဲဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ စားသုံးရန် သင့်၊ မသင့်ကို စစ်ဆေးကြပ်မတ်မှု တွေ ဆောင်ရွက်ပြီး စားသုံးသူ ပြည်သူများကို ကာကွယ်စောင့် ရှောက်ပေးရတဲ့ အလုပ်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေ က တရားဝင် ထုတ်ပြန်အသိပေးချက်တွေနဲ့ ပြည်သူလူထုကို အသိပေးကာကွယ်ပေးရပါတယ်။
တချို့နိုင်ငံမှာဆိုရင် အစိုးရရဲ့ တရားဝင် ခန့်အပ်တာဝန်နဲ့ လုပ်ပိုင်ခွင့်အပ်နှင်းချက်အရ (Seasonal Warning/Recommmendation) ရာသီအလိုက် စားသုံးရန် မသင့်၊ စားသုံးရန် တိုက် တွန်းကြောင်း ထုတ်ပြန်ချက်တွေကို စားသုံးသူများ အကျိုးအတွက် (Public Alert/Recommend) လုပ်ကြပါတယ်။
ဖွံ့ဖြိုးတိုးတက်ပြီး အုပ်ချုပ်စီမံရေး စနစ်တကျ ခိုင်မာတဲ့ နိုင်ငံတွေမှာ အစိုးရက တရားဝင်ခန့်အပ် တာဝန်ပေးလုပ်ဆောင် စေတဲ့ ဌာနဆိုင်ရာတွေအပြင် အပြန်အလှန် ထိန်းကျောင်း ပူး ပေါင်းကူညီ လုပ်ဆောင်နိုင်မှုအတွက် (Third Party Inspection and Calibration) သီးခြားစစ်ဆေးကြပ်မတ်မှု အဖွဲ့ အစည်းကို အစိုးရဌာန၊ စားသုံးသူနဲ့ ထုတ်လုပ်သူ လုပ်ငန်းရှင် အကြား တရားဝင် ဖွဲ့စည်းဆောင်ရွက်ခွင့် ပေးပါတယ်။
အဲဒီအဖွဲ့အစည်းတွေဟာ မိမိတို့ရဲ့ အချက်အလက် အပြည့် အစုံ အမှန်အကန်ကို သက်ဆိုင်ရာနယ်ပယ်က သြဇာရှိ အဖွဲ့ အစည်း၊ ပုဂ်္ဂိုလ်ပညာရှင်တွေရဲ့ ထောက်ခံမိတ်ဆက်ပေးမှုနဲ့ အစိုးရဆီ တင်ပြခွင့်ပြုချက် တောင်းခံရပါတယ်။ အဲဒီလို တင်ပြ ရာမှာ မိမိအဖွဲ့အစည်းအကြောင်း အသေးစိတ် (About us)၊ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးချင်းရဲ့ ကိုယ်ရေးရာဇဝင်၊ ပညာ ရေးနောက်ခံ၊ လုပ်ဆောင်ခဲ့မှုအတွေ့အကြုံ၊ ကျွမ်းကျင်မှု (Who we are)၊ မိမိတို့ရဲ့ လုပ်ဆောင်မှုမှတ်တမ်း (What we do)၊ အစီ အစဉ် ရေးဆွဲကြံရွယ်ထားမှု (Investors, Donation sources, Accounting and Auditing records)၊ ပူးပေါင်းဆောင် ရွက်မှုအဖွဲ့အစည်း (Partners and Coordinators) စာရင်းကို အစိုးရနဲ့ ပြည်သူသိအောင် မှန်ကန်စွာ ဖော်ပြကြေညာရပါတယ်။
အစိုးရတွေအနေနဲ့ ပုဂ္ဂလိကပြင်ပ အဖွဲ့အစည်းတွေကို ဖွဲ့ စည်းမှတ်ပုံတင်ခွင့်၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းဘောင် အတွင်းက လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုနေတာဟာ ရည်ရွယ်ချက်များစွာ ရှိပါတယ်။ အပြန်အလှန် ထိန်းကျောင်း ကြပ်မတ်ခွင့်ဆိုတဲ့အတိုင်း ဒီပြင်ပ ပုဂ္ဂလိကအဖွဲ့တွေနဲ့ ယှဉ်ပြိုင် ရပ်တည်လုပ်ကိုင်နေရခြင်းကြောင့် အစိုးရဌာနဆိုင်ရာတွေ အနေနဲ့ ဖိအားခံစားမှုရပြီး တာဝန်ဝတ္တရား ပိုပြီးကျေပွန်အောင်၊ အကျင့်ပျက် ခြစား ကိုယ်ကျိုးရှာမှုမှာ အဟန့်အတား တစ်စုံတစ် ရာ အတိုင်းအတာ ဖြစ်ပေါ်အောင် ရည်ရွယ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ပုဂ္ဂလိက အရပ်ဘက်အဖွဲ့အစည်းတွေ ကို အချက်အလက် အပြည့်အစုံ တင်ပြခိုင်းတာက ဒီအဖွဲ့အစည်း တွေထဲမှာ ရိုးသားဖြောင့်မတ်စွာ အများအကျိုး သယ်ပိုးချင်လို့ ဖွဲ့စည်းလုပ်ဆောင်တဲ့ အဖွဲ့ ရှိသလို အမည်ခံကိုယ်ကျိုးရှာ အမှိုက် သရိုက် စုန်းပြူးအဖွဲ့တွေလည်း ရှိတတ်ပါတယ်။ စည်းလွတ်ဘောင် လွတ်မလုပ်နိုင်အောင်၊ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး ထင် ပေါ်ကျော်ကြားရေးနဲ့ ရန်ပုံငွေအလွဲသုံးစားပြု ကိုယ်ကျိုးရှာရေးမပြုလုပ်နိုင်အောင်နဲ့ မသေချာမရေရာတဲ့ ပြည်သူသို့ သတင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး လူသိများအောင်၊ အလှူငွေ ပိုမို ရရှိလိုမှုအခြေခံပြီး ပြည်သူလူထု စားသုံးသူများထိတ်လန့်စေခြင်း (Public Scare) ကို ပြည်သူသို့သတိပေးခြင်း (Public Alert) အသွင်ယူ ကိုက်ကျိုးရှာခြင်း မလုပ်နိုင်အောင် ထိန်းချုပ်ထားခြင်း ရည်ရွယ်ချက် ဖြစ်ပါတယ်။
အဲဒီမှာ စဉ်းစားစရာရှိလာတာက ပုဂ္ဂလိက ဓာတ်ခွဲစမ်း သပ်ခန်း (Third Party Laboratory) တွေရဲ့ ပါဝင်ပတ်သက် နိုင်မှုပါပဲ။ အစားအသောက် ဘေးကင်းလုံခြုံမှု (Food Safety) နဲ့ ပတ်သက်လို့ ပြည်သူလူထုကို ကြေညာအသိပေးထုတ်ပြန်ရာမှာ သတ်မှတ်လိုက်နာရမည့် စံနှုန်းတွေ ရှိပါတယ်။
(၁) သိပ္ပံနည်းကျသက်သေခိုင်မာမှုရှိရမယ် (Scientific Based approved evidence)။
(၂) မိမိရဲ့ ထုတ်ပြန် ကြေညာချက်အပေါ် တရားဥပဒေ အခြေခံတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရမယ်။
(၃) သက်ဆိုင်ရာရဲ့ ဆင့်ခေါ်မှုအရ မိမိရဲ့ အများပြည်သူ စားသုံးသူ များသို့ ထုတ်ပြန်ကြေညာချက်ကို တိကျပြည့်စုံစွာ ရှင်းလင်းသက် သေပြနိုင်ခွင့် ရှိရမယ်။
(၄) ပြည်သူလူထု စားသုံးသူ တစ်ဦးတစ်ယောက်က တောင်းဆို လာရင် တွေ့ဆုံဖြေရှင်း ဆွေးနွေးနိုင်ခြင်း ရှိရမယ် ဆိုတဲ့ စည်း ကမ်းချက်တွေ ဖြစ်ပါတယ်။
ဖြစ်တတ်တာက တစ်ခါတစ်ရံ သက်ဆိုင်ရာအစိုးရဌာနရဲ့ ဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိမှုဟာ ပုဂ္ဂလိကအဖွဲ့အစည်း သို့ မဟုတ် တတိယအဖွဲ့အစည်းတစ်ခုရဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေး တွေ့ရှိမှုနဲ့ မတူကွဲပြားနေတတ်ရာ အဲဒီလို ဖြစ်လာရင် ဘယ်သူက ဘယ်လို ဆုံးဖြတ်ပေးမှာလဲဆိုတဲ့ အကျပ်အတည်းပါပဲ။
နိုင်ငံတချို့မှာ အစိုးရက တာဝန်ပေးခံရမှုနဲ့ တရားဝင် နိုင်ငံ တော်ကိုယ်စား လုပ်ကိုင်လည်ပတ်နေတဲ့ နိုင်ငံတကာ အသိ အမှတ်ပြု လက်မှတ် (ISO ၁၇ဝ၂၅ ) စံချိန်စံညွှန်းနဲ့ ကိုက်ညီသော အဆင့်မြင့်စားသောက်ကုန် ဓာတ်ခွဲခန်းတွေ ရှိကြပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် FDA (Food and drug Administration)၊ USDA (United States Department of Agriculture)၊ CDC (Center of Disease Prevention and Control)၊ FSIS( Food Safety Inspection Services) လို ဌာနတွေဟာ နိုင်ငံတကာ အဆင့်ပညာရှင်တွေ၊ ဝန်ထမ်းတွေ၊ ဓာတ်ခွဲခန်းတွေ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနတွေ အပြည့်အစုံနဲ့ လည်ပတ်နေသလို ပုဂ္ဂလိက အရပ်ဘက် အဖွဲ့အစည်းတချို့ဟာ လည်း အဆင့်တူပညာရှင်တွေ၊ လိုအပ်တဲ့ အဆောက်အအုံ၊ အထောက်အပံ့ (Facilities) တွေနဲ့ လုပ်ကိုင် ဆောင်ရွက်နေတာ တွေ ရှိပါတယ်။
အဲဒီမှာဖြစ်တတ်တာက တစ်ခါတစ်ရံ သက်ဆိုင်ရာ အစိုးရ ဌာနရဲ့ ကုန်ပစ္စည်းတစ်ခုအပေါ် ဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိ ချက်နဲ့ ပုဂ္ဂလိက အရပ်ဘက်အဖွဲ့အစည်းရဲ့ စစ်ဆေးတွေ့ရှိချက် ကွဲပြားတဲ့အခါ တရားရုံးတော်သို့ ဦးတည် လျှောက်ထားပြီး ဖြေ ရှင်းရပါတယ်။ တချို့ကိစ္စရပ်တွေမှာတော့ သက်ဆိုင်ရာ လွှတ် တော်ကော်မတီက ကြားနာစစ်ဆေးခြင်း (Senate Hearing) ဆင့်ခေါ်ရပါတယ်။ အဲဒီကြားနာမှု တွေ့ရှိချက်တွေကို တရားရုံးကို ပေးပို့ပြီး တရားသူကြီးအတွက် အထောက်အကူပြုစေပါတယ်။
မြန်မာနိုင်ငံမှာ အများပြည်သူစားသုံးသူများ ဘေးကင်း လုံခြုံစွာ စားသုံးနိုင်မှုအတွက် FDA (အစားအသောက်နှင့် ဆေး ဝါး ကွပ်ကဲရေးဦးစီးဌာန)၊ YCDC (ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ)၊ Department of Agriculture (စိုက်ပျိုး ရေးဦးစီးဌာန) Ministry of Industry (စက်မှုလုပ်ငန်းဦးစီးဌာန)တွေရဲ့ လက်အောက်ဓာတ်ခွဲခန်းတွေ ရှိပါတယ်။ ဒါ့အပြင် UMFCCI (မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်) လက်အောက်ခံ JICA ဓာတ်ခွဲခန်းတို့လည်း ရှိကာ သားငါးစားသုံးမှုအတွက် Venerinary Department (မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန)၊ သားသတ်ရုံ (YCDC) နဲ့ ငါးလုပ်ငန်းဦးစီးဌာနဓာတ်ခွဲခန်းတို့လည်း ရှိပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနဓာတ်ခွဲခန်းဟာ ၂ဝ၁၂ မှာ ISO-၁၇ဝ၂၅ Certificate (နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်) ရရှိထားပြီး ဖြစ်ပေမယ့် စစ်ဆေးနိုင်မှုနယ်ပယ် (Parameter) အနေနဲ့ EU Requirement (ဥရောပသမဂ္ဂစံနှုန်း) က သတ် မှတ်တဲ့ လိုအပ်ချက် အပြည့်အစုံကိုတော့ ပြည့်မီအောင် စစ်ဆေး ဓာတ်ခွဲနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဓိက အကြောင်းရင်းက ဘတ်ဂျက်ရန်ပုံငွေကြောင့် ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံ စားသောက်ကုန်နဲ့ သားငါးထုတ်လုပ် ရောင်းချ စားသုံးမှုအတွက် ပုဂ္ဂလိက နိုင်ငံတကာအဆင့် ဓာတ်ခွဲ ခန်းတွေကို လာရောက်ရင်းနှီး လုပ်ကိုင်ခွင့်ပြုခြင်း မရှိသေးတာ တွေ့ရသလို လွှတ်တော်မှာလည်း ဒီအကြောင်းအရာကို အဆိုပြု ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်း မရှိသေးတာ တွေ့ရပါတယ်။
မြန်မာ့စားသောက်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်နဲ့ ရေထွက် ကုန်ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက အရည်အသွေး (Quality) နဲ့ စံချိန် စံညွှန်း (Standard) ကိစ္စပါပဲ။
နိုင်ငံဝင်ငွေတိုးစေဖို့နဲ့ မြန်မာ့ထုတ်ကုန်အတွက် နည်း ပညာ ဖွံ့ဖြိုးတိုးတက်စေဖို့ အစိုးရက ခေတ်မီဓာတ်ခွဲခန်းနဲ့ လူစွမ်းအား အရင်းအမြစ် လေ့ကျင့်ပျိုးထောင်ဖို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနနဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးထောက်ပံ့မှာလား။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကနေ ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်း အမြစ်နဲ့ ဈေးကွက်ကွန်ရက်တွေ ရယူမှာလားဆိုတာ အစိုးရက သုံးသပ်ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်ပါတယ်။
Office : 
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com