စည်သူ
ဇန်နဝါရီ ၂
စာအုပ်တစ်အုပ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည့် စာအုပ်ပွဲတော်တစ်ခုကို လာမည့် ဇန်နဝါရီ လေးရက်မှ ခုနှစ်ရက် အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေးအဆောက်အအုံ ငါးလွှာရှိ Yangon Book Plaza တွင် ရောင်းချပေးသွား မည်ဖြစ်သည်ဟု Yangon Book Plaza ရှိ နေစေးစာပေမှ ဦးတင်မိုးက ပြောသည်။
အထူးသဖြင့် ၂၀၀ ကျပ်နှင့် ဝယ်ယူနိုင်မည့် စာအုပ်အမျိုးအစားများမှာ ယခင် စာအုပ်အငှားဆိုင်များတွင် ထင်ရှားခဲ့သည့် အချစ်ဝတ္ထုစာအုပ်များ၊ လျှို့ဝှက်ဆန်းကြယ်စာအုပ်များနှင့် ဟာသဝတ္ထုစာအုပ် အဟောင်းများဖြစ်ပြီး အုပ်ရေ သုံးသောင်း ကျော်ရှိမည် ဖြစ်သည်။
“ စာအုပ်ဈေးနှူန်းကြီးမြင့်လို့ စာအုပ်တွေနဲ့ဝေးကွာနေသူများ၊ အခုမှ စတင်ပြီး စာအုပ်ဖတ်မယ့် လူငယ်များအတွက် ရည် ရွယ်ပါတယ်” ဟု ဦးတင်မိုးက ဆိုသည်။
ယင်းအပြင် စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် တန်ဖိုးမြင့်စာအုပ်များကိုလည်း လူတစ်ဦးချင်းဝယ်လျှင် တန်ဖိုး၏ ၂၀ ရာခိုင် နှုန်း၊ စာကြည့်တိုက်များအတွက် ဝယ်ယူလိုလျှင် ၃၀ ရာခိုင်နှုန်းအထိ တန်ဖိုးလျော့ပေးမည့် အစီအစဉ်များလည်း ပါဝင် သည်။