ရန်ကုန်၊ ၂၀၂၃ မေ ၂၄ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ပရဟိတသမား ငါးဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
မိုခါမုန်တိုင်းဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေလုပ်ကိုင်နေစဉ်မှာ အခုလို ဥပဒေမဲ့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (ACN) က မနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
စာရေးဆရာဝေဟင်အောင်အပါအဝင် ငါးဦးဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ မနေ့ကနေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ပရဟိတလုပ်ဆောင်နေသူတွေကို ဖမ်းဆီးတာဟာ မုန်တိုင်းသင့်ပြည်သူတွေကိုကူညီနေတဲ့ အရပ်ဘက်အဖွဲ့တွေ၊ ပရဟိတလူမှုအသင်းတွေအပေါ် ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်လာတယ်လို့ အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
“သူတို့ဘာဖြစ်လို့ အဖမ်းခံရတယ်ဆိုတာတော့မသိပေမယ့်ပေါ့လေ၊ အကူအညီပေးရေးအဖွဲ့တွေအတွက် ကန့်သတ်သလိုဖြစ်လာပြီး စိုးရိမ်မှုတွေရှိလာတာပေါ့။ မြေပြင်မှာဆင်းနေတဲ့သူတွေ မလုံခြုံဘူးလို့ ခံစားလာရတယ်၊ ကူညီကယ်ဆယ်ရေးမှာလည်း နှောင့်နှေးတာတွေရှိလာနိုင်တယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရသူငါးဦးကို စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးသွားကာ စစ်တွေမြို့က အောင်သပြေ စစ်ကြောရေးစခန်းမှာစစ်ဆေးနေတယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပြီး ဘာကြောင့်အခုလို ဖမ်းဆီးသွားလဲဆိုတာကိုတော့ သေချာမသိရသေးရဘူး။
စာရေးဆရာဝေဟင်အောင်နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရသေ့တောင်မြို့နယ်က မုန်တိုင်းသင့်ကျေးရွာတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာလို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စာရေးဆရာဝေဟင်အောင်နဲ့အဖွဲ့ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးပြန်လွှတ်ပေးမယ်လို့ သတင်းမီဒီယာတွေကို ဒီနေ့မနက်ပိုင်းမှာ ဖြေကြားထားပါတယ်။
စာရေးဆရာဝေဟင်အောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ က စာပေဟောပြောပွဲမှာ ဟောပြောချက်တွေကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာကာ ဒေသတွင်းလူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။
Photo – Wai Hun Aung Facebook
#Dailynews