ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း)
ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်ကြတဲ့အပေါ်မှာ ရခိုင်ဒေသခံတွေက စိုးရိမ်နေကြပြီး အခြေအနေတွေကို မပြုပြင်နိုင်ရင် စားနပ်ရိက္ခာကပ်ဘေးပါ ကျရောက်လာမှာကို စိုးရိမ်နေကြပါတယ်။
“ နှစ်ဖက်စလုံးက တိုက်ပွဲတွေကို ရပ်ပေးဖို့ပေါ့။ တစ်လ တန်သည်၊ နှစ်လ တန်သည်ပေါ့။ စပါးတွေ မရိတ်ရလို့ ပျက်စီးခဲ့ရင် ဒါဟာ အမျိုးသားအကျိုးစီးပွား ပျက်စီးတာလည်း ဖြစ်တယ်လေ” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့က လယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိ ကျောက်တော်ဒေသမှာ စပါးတွေ ပေါ်နေပြီဖြစ်ပေမယ့် စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ဝင်နိုင်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ထားတာ သီတင်းနှစ်ပတ်ရှိလာပြီမို့ ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်သွားပြီလို့ ၎င်းက ဆက်ပြောပါတယ်။
“ စပါးရိတ်စက်တွေကို ထည့်သုံးရမယ့် ဒီဇယ်ဆီက ဝယ်လို့ကို မရတော့ဘူး။ တိုက်ပွဲတွေရပ်၊ လမ်းတွေပြန်ဖွင့်ပေးမှပဲ ဒီစပါးတွေကို အချိန်မီ သိမ်းနိုင်ကြမှာ။ လူငှားရိတ်ဖို့ကြတော့လည်း လူက မရှိဘူး” လို့ သူက ပြောပါတယ်။
တစ်ရာသီကို တစ်သီးသာစိုက်ပျိုးလို့ရတဲ့ ရခိုင်ဒေသမှာ စပါးရိတ်သိမ်းရာသီဟာ ဒီလနှောင်းပိုင်းနဲ့ နောက်လထဲမှာ ပြီးစီးအောင် လုပ်ဆောင်ရမှာလို့ ဒေသခံတွေက ပြောပါတယ်။
“ အခုက မြို့နားက လယ်တွေကိုတောင် (စစ်ကောင်စီက) ရိတ်ခွင့်မပေးဘူး။ အခု လယ်သမားတွေ စုပေါင်းပြီး ထွေအုပ်ကို တင်ပြ နေကြတယ်။ သူတို့ကတဆင့် တပ်ဘက်ကို တင်ပြပေးမှာပေါ့။ ခွင့်မပြုရင်တော့ ဒီနှစ်တော့ ဘာမှ ရမှာ မဟုတ်တော့ ဘူး” လို့ ရခိုင်မြောက်ပိုင်း၊ ရသေ့တောင်မြို့မှာနေထိုင်တဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
ရသေ့တောင်မှာလည်း စက်သုံးဆီပြတ်လပ်နေပြီး တစ်လီတာကို ခြောက်ထောင်ကျပ်အထိပေးဝယ်နေရပေမယ့် လိုသလောက် မရဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်ပွဲတွေကြောင့် စပါးရိတ်သိမ်းမှု နောက်ကျနေရတဲ့ ရခိုင်ပြည်နယ်ဟာ ကပ္ပလီပင်လယ်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအာနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်ဘက်ကို ရောက်လာပြီး မုန်တိုင်းအဖြစ်ပြောင်းလဲခဲ့ရင် သက်ရောက်ခံရဖို့ ရှိနေ ပါတယ်။
“ ဒီကာလမှာ ဖြစ်တဲ့ မုန်တိုင်းတွေဟာ များသောအားဖြင့် မြန်မာပြည်ကိုမလာဘူး။ မဝင်ဘူး။ အိန္ဒိယတို့၊ ဘင်္ဂလားတို့ကိုတော့ ဝင်တတ်တာပေါ့လေ။ အိန္ဒိယဘက်ကိုဝင်ရင်တော့ မြန်မာပြည်မှာတော့ သိပ် effect (သက်ရောက်မှု) မရှိဘူး။ ဘင်္လားဒေ့ရှ် ဘက်ကို ဝင်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းတုန်းက ဖြစ်တဲ့ မုန်တိုင်းတစ်လုံး ရှိတယ်။ ဟာမွန်းပေါ့လေ။ အဲဒီမုန်တိုင်း လိုပဲ မြန်မာနိုင်ငံမှာ မိုးတွေ ရွာတာတွေ ရှိနိုင်တယ် ” လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက ပြောပါတယ်။
တကယ်လို့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ်ပြောင်းလဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ခဲ့ရင် ဒီမုန်တိုင်းအရှိန် ကြောင့် ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ကချင်၊ချင်း၊နဲ့ရှမ်းပြည်နယ်တွေမှာ မိုးရွာတာတွေ ဖြစ်နိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။
“ ကာလအရကတော့ မြန်မာပြည်ကို မဝင်ဘူး။ အိန္ဒိယဘက်ကို သွားတာများတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို တခါတလေ သွားလေ့ ရှိတယ်။ မြန်မာပြည်ကို ဒဲ့မဝင်တာတော့ ကျိန်းသေတယ်။ ဒါပေမဲ့ သူ့ရဲ့သက်ရောက်မှုပေါ့။ မိုးရွာတာတွေ ဘာတွေ တော့ ဖြစ်နိုင်တယ်” လို့ သူက ပြောတယ်။
မုန်တိုင်းသာ ဘင်္လားဒေ့ရှ်ကို ဝင်ခဲ့ရင် ရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေတဲ့ မြန်မာပြည်က စပါးခင်းတွေထိခိုက်ပျက်စီးတာတွေ ဖြစ်နိုင်သလို အိန္ဒိယကို ဝင်ခဲ့ရင်တော့ မိုးအုံ့တာ၊ အနည်းငယ်ရွာတာလောက်နဲ့ ပြီးသွားနိုင်တယ်လို့ ဦးလှထွန်းက ခန့်မှန်းတယ်။
ဒီနေ့ မလက္ကာရေလက်ကြားမှာ တည်ရှိနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်မှာ ဘင်္ဂလားပင်လယ်အော်ဘက်ကို ကူးလာနိုင်ပြီး ဒီဇင်ဘာ ၂ ရက်လောက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ပြောင်းနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားတာ ပါ။
ရခိုင်ပြည်နယ်ဟာ ဒီနှစ်မေလတုန်းကလည်း မိုခါမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေစဉ်မှာပဲ စစ်ပွဲတွေနဲ့ဆက်လက်ကြုံတွေ့နေရတာပါ။
ကျောက်တော်ဒေသခံလယ်လုပ်ငန်းရှင်ကတော့ မုန်တိုင်းဘေးထက် အခုကြုံနေရတဲ့ စစ်ဘေးကို နှစ်ဖက်စလုံးက ခေတ္တ ရပ်ပြီး ကူညီပေးမှ ဒေသခံတွေ သက်သာရာရမှာဖြစ်ပြီး မဟုတ်ရင်တော့ မုန်တိုင်းမဖျက်ရင်တောင် စက်သုံးဆီအခက်အခဲနဲ့ တိုက်ပွဲ တွေကြောင့် သူတို့ဒေသက စပါးခင်းထက်ဝက်လောက် ပျက်စီးရဖို့ ရှိနေတယ်လို့ ပြောပါတယ်။
“စက်သုံးဆီကလည်းမရှိ။ သွားလို့မရ၊ လာလို့မရနဲ့ အခုက စပါးခင်းတွေကို ဒီအတိုင်း ထိုင်ကြည့်နေကြရတာပေါ့။ မုန်တိုင်းပါ ဝင်လာရင်တော့ ရေမြုပ်တာတွေ ဘာတွေ ဖြစ်ပြီး အပျက်အစီးက များကုန်မှာပေါ့”လို့ သူက ပြောတယ်။
ရသေ့တောင်ဒေသခံ လယ်သမားကတော့ သူတို့ဆီမှာ စပါးလည်း သိမ်းမရသလို ဆန်၊ဆီ၊ဆေးဝါးလို အခြေခံစားကုန်တွေ အဝင်မရှိလို့ ပြတ်လပ်လာနေတယ်လို့ ပြောပါတယ်။
“ ခန့်မှန်းကြည့်တာကတော့ နောက် ၁၅ ရက်လောက်ဆိုရင် ဆိုင်ကယ်ဆီတောင် ဝယ်လို့ ရမယ်မထင်တော့ဘူး။ အခုက တစ်ခါဝယ် ၁ လီတာပဲရတာ။ ဒါတောင် ခြောက်ထောင်ပေးရတယ်” လို့ သူက ပြောပါတယ်။
ဧမထဆန်ကြမ်း တစ်ပြည်ကို လေးထောင်ကျပ် ပေါက်ဈေးရှိပြီး စားအုန်ဆီ တပိဿာကို တစ်သောင်းခွဲကျပ်ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သူက ဆက်ပြောတယ်။
အခြေခံဆေးဝါးတွေ မြို့ပေါ်မှာ ဝယ်လို့မရတော့သလို တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် မြို့နေလူထုရဲ့ တစ်ဝက် လောက်က ကျေးလတ်တွေဘက်ကို ရွှေ့ပြောင်းသွားကြပြီလို့ ဒီညနေပိုင်းဆက်သွယ်တော့ ရသေ့တောင်မြို့ အခြေအနေကို သူက ရှင်းပြတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့က ဒေသခံတစ်ဦးကတော့ ရေလမ်း၊ ကုန်းလမ်း အကုန်လုံးကို ပိတ်ထားတဲ့အတွက် မြို့ပေါ်ကို ဘာကုန်စည်မှ အဝင်မထွက်မရှိတော့ဘူးလို့ ပြောပါတယ်။
ရေလုပ်ငန်းတွေရှိတဲ့ သူတို့မြို့ကို စစ်ကောင်စီက ပင်လယ်ပြင်ဘက်ကနေ ရေတပ်သင်္ဘောတွေနဲ့ပါ ပိတ်ဆို့ထားတဲ့အတွက် ငါးဖမ်းလှေသမားတွေ ပင်လယ်ပြင်မထွက်ရတာ ကြာပြီလို့ သူက ပြောပါတယ်။
“ အနီးအနားပိုက်ချသမားလောက်တော့ ခွင့်ပြုတယ်။ လှေတွေ တစ်စီးမှ ပေးမထွက်ဘူး။ ကုန်းလမ်းတွေလည်း အကုန်ပိတ် ထားတယ်။ ရေသန့်ဘူးကြီး(၂၀လီတာ)တစ်ဘူးကို အခု ငါးထောင်အထိ ဈေးပေးနေရတယ်လေ။ ဘာမှလည်း လုပ်စရာမရှိဘူး။ ဒီအတိုင်းပဲ အိမ်မှာ ထိုင်ပြီး ရှိတာလေး စားနေရတာပဲ ” လို့ ဂွမြို့က ဒေသခံက ပြောတယ်။
နိုဝင်ဘာ ၁၃ ရက်မှာ ရက္ခိုင့်တပ်တော်(AA) က စစ်ကောင်စီစခန်းတွေကို စတင်တိုက်ခိုက်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ သူတို့ပါဝင်တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ကို ကျယ်ပြန့်စေပြီးနောက် ဒါကို တုန့်ပြန်တဲ့အနေနဲ့ စစ်ကောင်စီက လည်း ရခိုင်ပြည်နယ်ကို ပိတ်ဆို့ပြီး ပြည်မနဲ့ အဆက်အသွယ်ဖြတ်လိုက်တဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေကြရတာ အခုဆိုရင် သီတင်းနှစ်ပတ်လောက် ရှိလာပြီးလည်း ဖြစ်ပါတယ်။
ပုံစာ- နိုဝင်ဘာ ၁၃ က ပြန်လည်စတင်သည့်တိုက်ပွဲတွေအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် AA တပ်ဖွဲ့ဝင် တစ်ဦးကို တွေ့ရစဉ်။
ဓါတ်ပုံ- AA Info

