ရန်ကုန် – ၂၀၂၅ မတ် ၃ (မော်ကွန်း)
ပြည်တွင်းဆန်စပါးဈေးကွက်မှာ ဆန်ကုန်သည်တွေနဲ့ စပါးစိုက်တောင်သူတွေဟာ စပါးဈေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ကုန်သည်နဲ့ စပါးစိုက်တောင်သူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီတုန်းက တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ နီးပါးပေါက်တဲ့ စပါးအစိုဟာ အခု ကျပ် ၁၅ သိန်း ဝန်းကျင်ပဲပေါက်တဲ့အပြင် ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
နောက်ထပ်စိုက်ပျိုးရာသီဖြစ်တဲ့ နွေစပါးစိုက်ရာသီမစတင်မီ စပါးဈေးကျဆင်းနေတာကြောင့် ထပ်မံအရှုံးပေါ်မှာကိုလည်း စိုးရိမ်တယ်လို့ ၎င်းတောင်သူကပြောပါတယ်။
“အခုနွေစပါးစိုက်ရတော့မှာပေါ့နော်၊ အခုထိစပါးဈေးက ပြန်မတက်ဘူး။ အကျတန်းမှာပဲ ဆက်ရှိနေရင်တော့ အရှုံးပေါ်ဖို့များတယ်လေ။ အခုက ဆောင်းစပါးပေါ့၊ အဲဒါကိုတောင် ဝယ်မယ့်လူမရှိဘူး။ တချို့တွေဆို ဝယ်တဲ့သူမရှိလို့ ကိုယ့်ဘာသာပဲ ပြန်သိမ်းရတာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ နွေစပါးစိုက်ပျိုးရမယ့် ရာသီကို ရောက်ရှိနေပြီး ပြည်တွင်းက ဒေသတချို့မှာတော့ နွေစပါးကို စတင်စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။
စပါးဈေးကျဆင်းနေပေမယ့် စိုက်ပျိုးစရိတ်၊ သွင်းအားစုတွေအပါအဝင် ကုန်ကျစရိတ်တွေက မြင့်တက်နေတာကြောင့် စပါးတင်း ၁၀၀ ကို အနည်းဆုံး ကျပ် ၁၈ သိန်းဝန်းကျင်လောက်ထိ ရမှပဲတွက်ခြေကိုက်မယ်လို့လည်း တောင်သူတချို့က ပြောပါတယ်။
“အခုက စပါးဈေးမဖွင့်ဘူး၊ ဈေးနှိမ်ဝယ်တာတွေပဲရှိတယ်။ အခုဈေးက ၁၄ သိန်း၊ ၁၅ သိန်းလောက်ပဲပေးတယ်ပြောတယ်။ ဒီဈေးနဲ့က စိုက်စရိတ်ကာမိရုံတောင်မရဘူး” လို့ တောင်သူတစ်ဦးက ပြောပါတယ်။
အခုလို စပါးဈေးကျဆင်းတာကို တောင်သူအပြင် ပြည်တွင်းက ဆန်ကုန်သည်တွေအနေနဲ့လည်း ကြုံတွေ့နေရတာဖြစ်တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
နိုင်ငံတကာဈေးကွက်မှာလည်း ဆန်ဈေးနှုန်း ကျဆင်းနေတာကြောင့် ပြည်ပတင်ပို့ဖို့ကလည်း တွက်ခြေမကိုက်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
“အိန္ဒိယက ဒီနှစ်မှာ ပိုလျှံနေတဲ့အရန်ဆန်တွေ ထုတ်ရောင်းတော့ နိုင်ငံတကာဈေးကွက်မှာလည်း ဆန်ဈေးက ထိုးကျနေတယ်” လို့ ၎င်းကုန်သည်က ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးမမှန်တာ၊ ဆန်စက်တွေ မလည်ပတ်နိုင်တာတွေကြောင့် စပါးအဝယ်ကျဆင်းသွားပြီး စပါးဈေးကွက်ပါ ကျဆင်းသွားတယ်လို့ ကုန်သည်တချို့ကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဆန်လက်ကားဈေးဟာ ဆန်ကြမ်းတစ်အိတ်ကို ရှစ်သောင်းနှစ်ထောင်ကျပ်၊ ဆန်ချော ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို တစ်သိန်းသုံးသောင်းကျပ် ရှိနေတာပါ။
စစ်ကောင်စီဟာ သူတို့သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းအတိုင်း မရောင်းချရင် ဆန်လက်လီ၊ လက်ကားဆိုင်တွေကို အရေးယူမယ်လို့လည်း ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန် လူသုံးကုန်တွေရဲ့ ဈေးနှုန်းတွေ မြင့််တက်ခဲ့ပြီး ပြည်တွင်းဆန်ဈေးဟာလည်း လေးနှစ်အတွင်း သုံးဆကျော်မြင့်တက်ခဲ့တာကြောင့် စစ်ကောင်စီဟာ ကုန်ဈေးနှုန်းတွေကို ဝင်ရောက်ထိန်းချုပ်ခဲ့ရပါတယ်။
ပုံစာ – စပါးရိတ်သိမ်းနေတဲ့ တောင်သူတချို့
ဓါတ်ပုံ – မော်ကွန်း

