“အုပ်ချုပ်ရေးမှူးနှစ်ဦး၊ ထွေအုပ်စာရေး၊ ကျောင်းဆရာမနှင့်သူနာပြုဆရာမတို့ပါဝင်”
ယောနယ် – ၂၀၂၁ ဇွန် ၁ (မော်ကွန်း)
မနေ့ ညနေပိုင်းက ဂန့်ဂေါမြို့နယ်ဘက်ကနေ ပြန်လာတဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေပါတဲ့ ကားကို ယောနယ် ပြည်သူ့ခုခံကာကွယ်ရေးတပ်ဖွဲ့က မြို့ရဲ့ မိုင်သုံးဆယ်အကွာလောက်မှာ စစ်ဆေးဖို့ တားဆီးခဲ့ရာ ရပ်မပေးတာကြောင့် ပစ်ခတ်ရာမှာ ကားပေါ်ပါသူ ငါးဦးစလုံး သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က မော်ကွန်းကို ပြောပါတယ်။
ကားပေါ်မှာ အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့အတူ ထွေအုပ်စာရေးတစ်ဦး၊ ကျောင်းဆရာမတစ်ဦးနဲ့ သူနာပြုဆရာမတစ်ဦးတို့ ပါဝင်တယ်လို့ ပြောပါတယ်။
“သူတို့က မြို့ကနေ စစ်ကောင်စီဆီက လက်နက်တွေ တင်လာတာ ပါတဲ့သူ ငါးဦးစလုံးသေတယ် ကားရောမီးရှို့ပစ်လိုက်တယ်”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ဂန့်ဂေါနယ်မှာ အကြီးဆုံးရွာတစ်ရွာဖြစ်တဲ့ ဟံသာဝတီရွာက အုပ်ချုပ်ရေးမှူး ဦးတာလူး ၊ မြောက်ခရမ်းရွာက အုပ်ချုပ်ရေးမှူး ဦးစိန်ဦးနဲ့ ထွေအုပ်စာရေးတို့အပါအဝင် ကျောင်းဆရာမ တစ်ဦးနဲ့ သူနာပြုဆရာမတစ်ဦးတို့ ပါဝင်ခဲ့ပါတယ်။
“အဲဒီဟံသာဝတီအုပ်ချုပ်ရေးမှူးဆိုရင် CDM ဝန်ထမ်းတွေကို စစ်ကောင်စီကို သတင်းပေးတယ် လိုက်ပြတယ် ကြာပြီလုပ်နေတာ။ သူ့အိမ်မှာဆို ကြက်တွေ ရိုက်ချက်ပြီးတောင် ပွဲလုပ်ပြီး ကျွေးတာ စစ်သားတွေကို”လို့ ဒေသခံကပြောပါတယ်။
အဲဒီ အုပ်ချုပ်ရေးမှူး နှစ်ယောက်စလုံးဟာ စစ်အုပ်စုကနေ ခန့်အပ်ထားတာဖြစ်ပြီး တော်လှန်ရေးကာလမှာ CDM ဝန်ထမ်းတွေကို သတင်းပေးတောက်လျှောက်လုပ်ခဲ့ပြီး လက်နက်တွေ သယ်ဆောင်ကာ ဒေသအခြေစိုက်တော်လှန်ရေးသမားတွေကို တိုက်ခိုက်ဖို့လုပ်နေတယ်လို့ဆိုပါတယ်။
ဒီကိစ္စကို ယောခုခံကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force) ကလည်း ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ကို သတင်းရထားလို့ ရပ်တန့်စစ်ဆေးရာမှာ ပြန်လည်တိုက်ခိုက်တာကြောင့် ငါးဦးသေဆုံးခဲ့ရပြီး ယောခုခံကာကွယ်ရေးအဖွဲ့က စစ်ဆေးတာကို မလိုက်နာရင် အခုလို ထပ်ကြုံနေဦးမယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ နိုင်ငံကို စစ်အုပ်စုအာဏာသိမ်းပြီး ရက်ပေါင်း (၁၂၀) အတွင်း စစ်အုပ်လက်ချက်နဲ့ သေဆုံးခဲ့ရသူ အနည်းဆုံး ၈၄၀ ရှိနေပြီး ဖမ်းဆီးခံထားရသူ ၄၄၀၀ ကျော်ရှိနေပါတယ်။
#Dailynews

