ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
ဒီကနေ့ ချင်းတွင်းမြစ်ကြောင်းမှာ ဟုမ္မလင်းဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဉ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။
“အဓိကတော့ ရေကြောင်းတိုက်ခိုက်ခံရဖူးတဲ့အရှိန်ကြောင့်ပေါ့။ ရန်သူက သူတို့အတွက်လုံခြုံဖို့ ကြိုထုတာပဲဗျ။ လူအထိခိုက်တော့မရှိဘူး၊ ပြည်သူတွေထိပ်လန့်နေကြတာပေါ့။ ခုဆို ပုလဲဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ရွာကို ရောက်ရှိနေတယ်”လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီကနေ့ နံနက် ၈း၃၀ လောက်က စတင်ကာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်လေးစီး ၊ မိုးကာအုပ်သင်္ဘောခုနစ်စီး၊ သစ်တင်သင်္ဘောငါးစီး စုစုပေါင်း ၁၆ စီးပါ ရေယာဥ်အုပ်စုဟာ အောက်ဘက်ကို စုန်ဆင်းလာတာပါ။
အဲဒီရေယာဉ်အုပ်စုဟာ ဟုမ္မလင်းဘက်ကနေ ကျောက်စိမ်းတွေတင်ဆောင်လာပြီး ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာကာ လမ်းတလျှောက်သစ်တွေပါ တင်ဆောင်လာလာတို့ဆိုပါတယ်။ မုံရွာမှာ ခရီးတစ်ထောက်နားကာ ဒီနေ့မှ ဧရာဝတီမြစ်ဘက်ကို စုန်ဆင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရေယာဉ်အုပ်စုဟာ ချင်းတွင်းမြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ချင်းတွင်းမြစ်ကမ်းဘေး၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတချို့ စစ်ရှောင်နေရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်လို့မရတော့တဲ့အချိန် မိုးတွင်းကာလ၊ ရေတက်ချိန်မှာတော့ ချင်းတွင်းမြစ်ကို အသုံးပြုပြီး စစ်ရေယာဉ်တွေနဲ့ ရိက္ခာ၊ လက်နက်၊ လူ၊ သစ်၊ ကျောက်စိမ်းစတာတွေကို ပို့ဆောင်နေရပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကလည်း မြစ်ကြောင်းတစ်လျှောက်တွေမှာ တိုက်ခိုက်နေပါတယ်။
ပုံစာ – ပျက်စီးသွားတဲ့ ဝဲကြီးရွာဘုန်းကြီးကျောင်းနဲ့ဘုရားဆင်းတုများ
ဓါတ်ပုံ – Supplied
#Dailynews

