စစ်မှုထမ်းဥပဒေအောက်က လွတ်မြောက်ဖို့ရုန်းကန်နေကြရတဲ့ မြန်မာလူငယ်များ

ရန်ကုန် – ၂၀၂၄ မေ (မော်ကွန်း)

ပြည့်ဖြိုးအောင်ဟာ သူရောက်နေတဲ့မြို့ငယ်လေးကစိုက်ခင်းထဲမှာ ပေါက်တူးတစ်လက်နဲ့ မြေကြီးတွေတူးဆွရင်း ဘာကြောင့်ဒါတွေလုပ်နေရတာလဲလို့ စိတ်နာနာနဲ့တွေးနေမိပါတယ်။

အသက် ၂၄ နှစ်အရွယ် လူငယ်ဘဝမှာ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ကိုရီးယားသွားမယ်၊ မိသားစုအိမ်လေးကို ပြန်ဆောက်မယ်၊ အဖေ့ရဲ့ အကြွေးတွေလည်းကူဆပ်မယ်ပေါ့။

အိပ်မက်တွေမက်လို့ကောင်းတုန်း ဒဂုံမြို့သစ်တောင်ပိုင်းက သူနေထိုင်တဲ့ရပ်ကွက်မှာ အသက် ၂၄ နှစ်ကနေ ၃၀ ကြားလူငယ်တွေကို စစ်မှုထမ်းဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ‌စာရင်းကောက်ယူမှုတွေ မေလဆန်းပိုင်းမှာ စတင်ခဲ့ပါတယ်။ ဒီမှာတင်ပဲ သူ့အိပ်မက်တွေဟာ ခြိမ်းခြောက်ခံနေရပြီလို့ ပြည့်ဖြိုးအောင် ခံစားလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာ သူဟာ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ EPS-TOPIK ကို ဖြေဆိုဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတာပါ။

စစ်မှုထမ်းစာရင်းကောက်ယူသွားပြီးနောက်မှာတော့ သူ့မိသားစုဟာ တစ်ဦးတည်းသောသားဖြစ်သူကို နေရပ်ကနေ တိမ်းရှောင်စေခဲ့ပါတော့တယ်။

အခုတော့ သူ့မိဘဆွေမျိုးတွေရှိတဲ့ ရှမ်းပြည်နယ်ကမြို့လေးတစ်မြို့မှာ ခဏတိမ်းရှောင်နေရပြီး သူ့ဆွေမျိုးတွေရဲ့ တောင်ယာစိုက်ခင်းတစ်ခုမှ ဝင်ကူလုပ်နေတာပါ။

“အခုဗျာ စိုက်ခင်းထဲမှာ ပေါက်ပြားပေါက်နေရတယ်” လို့ ပြည့်ဖြိုးအောင်က ခပ်တိုးတိုးပဲ ဖုန်းထဲကတစ်ဆင့် ပြောပါတယ်။ လက်ရှိရောက်နေတဲ့ နေရာမှာလည်း သိုသိုသိပ်သိပ်ပဲနေထိုင်ရတာပါ။

စစ်မှုထမ်းဥပဒေကြောင့် ပြည့်ဖြိုးအောင်တို့လို အသက်အရွယ်အပိုင်းအခြား လူငယ်တွေရဲ့အနာဂတ်တွေဟာ မရေမရာဖြစ်လာပြီး ခြိမ်းခြောက်ခံနေရတာ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။

စစ်သားစတင်စုဆောင်းနေပြီဖြစ်တဲ့စစ်ကောင်စီ အာဏာတည်မြဲဖို့ လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီနှစ် ဖေဖော်ဝါရီလမှာ အသက်သွင်းခဲ့ပါတယ်။

အဲဒီ ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ လူငယ်တွေဟာ စစ်မှုထမ်းဖို့ လိုအပ်သလိုဆင့်ခေါ်ခံရနိုင်တဲ့ အခြေအနေရှိနေတာပါ။

စစ်ကောင်စီဟာ လူငယ်တွေကို စစ်တပ်ထဲဆွဲသွင်းပြီး စစ်အင်အားတိုးချဲ့မယ့်ခြေလှမ်းကို ဒီနှစ်သင်္ကြန်မတိုင်မီကာလကစပြီး ခပ်စိပ်စိပ်လုပ်ဆောင်လာပါတယ်။

မတ်လကုန်ပိုင်းကစတင်ပြီး နိုင်ငံတစ်ဝန်းက ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အသက် ၂၄ နဲ့ ၃၀ နှစ် အသက်အပိုင်းအခြားမှာရှိတဲ့ လူငယ်တွေရဲ့စာရင်းကို စတင်ကောက်ယူခဲ့ပါတယ်။ အဲဒီ့စာရင်းထဲက လူငယ်တွေကို စစ်မှုထမ်းဖို့ ကံစမ်းမဲဖောက်သလို မဲဖောက်ရွေးချယ်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

စစ်မှုထမ်းသင်တန်းဆင့်ခေါ်ခံရတဲ့ လူငယ်များ (ဓာတ်ပုံ – စစ်ကောင်စီသတင်းနဲ့ပြန်ကြားရေး)

ပထမဆုံးအနေနဲ့ လူငယ်ငါးထောင်ကို စတင်စုဆောင်းခဲ့ပြီး ဧပြီ ၈ ရက်မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) ကို စစ်ကောင်စီကစတင်ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီသင်တန်းမဆုံးခင် မေလဆန်းပိုင်းမှာပဲ နောက်ထပ်ဒုတိယအသုတ်သင်တန်းအတွက် စာရင်းကောက်ယူခဲ့ပြီး သင်တန်းအပတ်စဉ် (၂) ကို မေလ ၁၄ ရက်မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။

သင်တန်းအပတ်စဉ် တစ်ခုကို လူငယ် ၅,၀၀၀ အထိ ခေါ်ယူသွားမှာဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး ငါးသောင်းအထိ စစ်သားစုဆောင်းမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။

အာဏာသိမ်းယူပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာဖြစ်ပွားလာတဲ့ ခုခံတော်လှန်စစ်ပွဲတွေကြောင့် အင်အားပြုန်းတီးလာတဲ့စစ်ကောင်စီဟာ သူ့တပ်အင်အားကိုပြန်ဖြည့်တင်းဖို့ အခုလိုလုပ်ဆောင်လာတာလို့ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

ရှမ်းမြောက်၊ ရခိုင်၊ ကရင်နီ၊  မြန်မာပြည်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း စတဲ့ဒေသတွေမှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုသတင်းတွေဟာအာဏာသိမ်းပြီး ကာလတစ်လျှောက်လုံး  လူမှုကွန်ရက်တွေနဲ့ သတင်းတွေမှာ အမြဲဖော်ပြနေကြတာပါ။

အဲဒီသတင်းတွေကို  နေ့စဉ်မြင်နေကျ ပိုင်စိုးနဲ့ သူ့သူငယ်ချင်းတစ်ဖွဲ့လုံးက စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ဆန္ဒမရှိဘူးလို့ ပြောပါတယ်။

ဒါကြောင့်လည်း အသက် ၂၈ နှစ်အရွယ်ပိုင်စိုးဟာ ထိုင်းနိုင်ငံကိုထွက်ခွာတော့မယ်လို့ မော်ကွန်းကိုပြောပါတယ်။

“တစ်ဖက်က နွေဦးတော်လှန်ရေးဆိုတာလည်း ကျွန်တော်တို့လိုပြည်သူတွေပဲလေ။ ဒီထဲက သူတို့(စစ်ကောင်စီ)လက်အောက်မနေချင်လို့ ထွက်သွားကြသူတွေပဲ။ သူတို့ကိုတိုက်ဖို့ ကျွန်တော်က စစ်တပ်ထဲဝင်ဖို့က တွေးကြည့်လို့တောင်မရပါဘူး” လို့ သူကပြောပါတယ်။

ပိုင်စိုးတို့ သူငယ်ချင်းတစ်စုတင်မက တစ်နိုင်ငံလုံးမှာ လူငယ်အများအပြားဟာ စစ်မှုထမ်းတာကို ရှောင်လွှဲဖို့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့၊ အနာဂတ်အတွက် အိပ်မက်တွေမက်ဖို့ ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာဖို့ ကြိုးပမ်းလာကြပါတယ်။

နောက်ထပ်ကျပ်လိုက်တဲ့ ဝက်အူတစ်ရစ်

လူငယ်တွေအခုလို ပြည်ပထွက်ခွာမှုမြင့်တက်လာတာကို တွေ့ မြင်လာရတဲ့စစ်ကောင်စီဟာ နောက်ထပ် ဝက်အူတစ်ရစ်ကို ထပ်ကျပ်လိုက်ပါတယ်။

အဲဒါကတော့ မေလဆန်းပိုင်းကစပြီး ပြည်ပမှာ အလုပ်သွားလုပ်မယ့်လူငယ်တွေရဲ့ အသက်အရွယ်ကို ကန့်သတ်လိုက်တာပဲဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ အသက်၂၃ နှစ်ကနေ ၃၁ နှစ်ကြား အမျိုးသားတွေရဲ့ အလုပ်ခေါ်စာအသစ်တွေ လက်မခံတော့တဲ့အကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီ အကြောင်းကြားလာခဲ့ပါတယ်။

သံတမန်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး  ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကတော့ ဒီကန့်သတ်ချက်ဟာ မေလ ၁ ရက်နောက်ပိုင်း ပြည်ပအလုပ်ခေါ်စာ (Demand Letter) တင်မယ့်သူအားလုံးအတွက် အကျုံးဝင်မယ်လို့ပြောပါတယ်။

“ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ MoU (နားလည်မှုစာချွန်လွှာ) နဲ့ အေဂျင်စီစနစ်နဲ့ သွားမယ့်သူတွေ၊ မေလ ၁ ရက်နောက်ပိုင်းမှာ Demand တင်မယ့်သူအားလုံး အကျုံးဝင်တယ်” လို့ သူကပြောပါတယ်။

နားလှည့်ပါးလှည့် အလုပ်သမားဝန်ကြီးဌာန

ပြည်ပကို အလုပ်အကိုင်နဲ့သွားရောက်မယ်ဆိုရင် ပြည်ပမှာရှိတဲ့အလုပ်ရှင်က အလုပ်သမားလိုအပ်တယ်လို့ အေဂျင်စီတွေဆီ သံရုံးကတစ်ဆင့်တရားဝင်အကြောင်းကြားစာ ပေးပို့လေ့ရှိပါတယ်။

အဲဒီအကြောင်းကြားစာအပေါ်မူတည်ပြီး မြန်မာနိုင်ငံဘက်က အေဂျင်စီတွေကလည်း  ရှိနေတဲ့အလုပ်သမား အရေအတွက်၊ အလုပ်အကိုင်အမျိုးအစားနဲ့တကွ အလုပ်ခေါ်စာလို့ခေါ်တဲ့ Demand Letter ကို အလုပ်သမားဝန်ကြီးဌာနကနေတစ်ဆင့် ပြန်လည်ပေးပို့ရပါတယ်။

အဲဒီကနေ အလုပ်သမားဝန်ကြီးဌာန၊ အေဂျင်စီ၊ တစ်ဖက်နိုင်ငံက အလုပ်ရှင်တို့ဟာ တရားဝင်စာချုပ်ပြီးမှ ပြည်ပကို အလုပ်သမားစေလွှတ်ရတာပါ။

ထိုင်းနိုင်ငံကို ထွက်ခွာမယ့် MoU လုပ်သားတွေကို မြင်တွေ့ရစဉ်(ဓာတ်ပုံ – Royal Employees Agency)

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပအလုပ်အကိုင်တွေကို ကန့်သတ်ထားတယ်လို့ တရားဝင် မထုတ်ပြန်ထားပေမယ့် အေဂျင်စီဘက်က တင်တဲ့အလုပ်သမားစာရင်းမှာ အဲဒီအသက်အပိုင်းအခြားပါရင်   ခွင့်ပြုဖို့မရှိဘူးလို့ ကိုရီးယားအလုပ်အကိုင်အေဂျင်စီလုပ်ငန်းလုပ်ကိုင်တဲ့ မဟေသာ(အမည်လွှဲ) က‌ပြောပါတယ်။

“သူတို့က နားလှည့်ပါးရိုက်လုပ်မှာလေ။ တရားဝင်တော့ ဘာမှမထုတ်ပြန်ထားဘူး။ တင်ရင်လည်း လွှတ်မှာမဟုတ်ဘူး” လို့ သူကပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်းက အဲဒီကိစ္စကိုမစိုးရိမ်ကြဖို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာ MRTV ကနေ မေလ ၉ ရက်မှာ ထွက်ပြောခဲ့ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေတင်ရတဲ့ အလုပ်ခေါ်စာ (Demand Letter) တွေကို ကန့်သတ်ထားတာမရှိဘူးလို့ ဦးညွန့်ဝင်းကပြောခဲ့ပြီး တင်လာတဲ့အလုပ်ခေါ်စာအားလုံးကိုတော့ လက်ခံစေလွှတ်မှာမဟုတ်ဘူးလို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။

“Demand ဆိုတာ တင်တိုင်းကျတဲ့အနေအထားတော့ မရှိဘူးပေါ့နော်။ Demand အရေအတွက်ကိုတော့ ကန့်သတ်ရန် တားဆီးရန်မရှိပါဘူး။ သို့သော်လည်း Demand အရ စေလွှတ်မယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ Profile တွေ၊ အချက်အလက်တွေကို ကြည့်ပြီးတော့ စိစစ်ပြီးမှ စေလွှတ်သွားမှာဖြစ်ပါတယ်” လို့ ဦးညွန့်ဝင်းက ပြောခဲ့တာပါ။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အတွက် Demand Letter တွေ အရမ်းများတာကြောင့် အလုပ်သမားဝန်ကြီးဌာနကဝန်ထမ်းတွေဟာ ဝန်နဲ့အားမမျှဖြစ်နေတယ်လို့လည်း သူက ထည့်သွင်းဝန်ခံခဲ့ပါသေးတယ်။

သူက ဒီလိုပြောနေပေမယ့် အလုပ်အကိုင်အေဂျင်စီတွေကတော့ အလုပ်ခေါ်စာမကျသေးတဲ့ အသစ်တွေဆိုရင် အဲဒီအသက်အပိုင်းအခြားကို မတင်ကြတော့ဘူးလို့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်တဲ့ မဟေသာက ပြောပါတယ်။

“မေ ၁ ရက် မတိုင်မီက ထွက်ဖို့ Calling ကျပြီးသားလူတွေကတော့ ရတယ်။ မေ ၁ ရက်နောက်ပိုင်းမှာ အသစ်တင်မယ်ဆိုရင် အသက် ၂၃ နဲ့ ၃၁ ကြား မတင်ပေးတော့ဘူး” လို့ ၎င်းက ပြောပါတယ်။

နည်းပါးတဲ့လုပ်ခလစာ၊ ရှားပါးလာတဲ့အလုပ်အကိုင်အခွင့်အလမ်း

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာမသိမ်းခင် ကိုဗစ်ကပ်ရောဂါကာလမှာတည်းက ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေဟာ စတင်ကျဆင်းလာပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဆိုးဝါးဆုံးအခြေအနေကိုရောက်ရှိခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ကောက်ယူထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းနဲ့ ပြည်ပထွက်ခွာနှုန်းတွေဟာ တရိပ်ရိပ်မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၀၁၇ မှာ ၀ ဒသမ ၅ သန်း ရှိရာက ၂၀၂၂ မှာတော့ ၁ ဒသမ ၈ သန်းထိ သုံးဆကျော်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ပြည်ပကိုအလုပ်သွားလုပ်တဲ့နှုန်းကလည်း  ၂၀၁၇ မှာ ၁၂ ဒသမ ၃ သန်း ရှိရာကနေ ၂၀၂၂ မှာတော့ ၁၈ သန်းကျော်ထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ၂၀၂၃ မှာ ထုတ်ပြန်ခဲ့တဲ့ A Growing Crisis: Work, Workers, and Wellbeing in Myanmar ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Photo – World Bank

ဒီအစီရင်ခံစာဟာ ၂၀၂၂ အထိပဲ ထုတ်ပြန်ထားတာြဖစ်ပြီးတော့ အခုကာလမှာ ဒီထက်ဆိုးတဲ့ အခြေအနေတွေရှိနိုင်ပါတယ်။

ပြည်သူတွေကို ပြည်ပထွက်ဖို့တွန်းပို့နေတဲ့ အဓိကအကြောင်းအရာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်ခိုက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ မြင့်တက်မလာတဲ့ လုပ်ခလစာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒါ့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းကအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသူရိန်အောင်က ပြောပါတယ်။

“လက်ရှိဖြစ်နေတဲ့ ကုန်ဈေးနှုန်းကသိသာပါတယ်။ ကိန်းဂဏန်းတွေတောင် မပြောတော့ပါဘူး။ လုပ်ခလစာကလည်း ဘယ်လိုမှမလောက်ငလို့ အလုပ်သမားတွေ အဆိုးဆုံးအခြေအနေမှာနေကြရတယ်။ အညံ့စားတွေစားပြီး ရှင်သန်နေရတာပေါ့” လို့ သူက ပြောပါတယ်။

အဲဒီလို ပြည်ပထွက်မယ့်သူတွေများပြားနေတာကြောင့် ပြည်တွင်းမှာပါ အလုပ်သမားလိုအပ်ချက်တွေ ရှိလာတယ်လို့ သုံးသပ်မှုတွေရှိနေတာပါ။

ပြည်ပကို မရ ရတဲ့နည်းနဲ့ ထွက်ခွာသူများလာ

အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုတွေဟာ လူငယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကိုထွက်ခွာဖို့ တွန်းပို့နေပြီး တရားဝင်နည်းလမ်းတွေအပြင် တရားမဝင်နည်းလမ်းတွေနဲ့ပါ ထွက်ခွာဖို့ စဉ်းစားလာပါတော့တယ်။

ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအရှေ့မှာ စောင့်ဆိုင်းနေကြသူများ (ဓာတ်ပုံ- မော်ကွန်း) 

မြန်မာနိုင်ငံမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး လစဉ် အလုပ်သမားတစ်သောင်းဝန်းကျင်ကို ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူနဲ့ မလေးရှားတို့ကို စေလွှတ်နေတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်နဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီလို တရားဝင်လမ်းကြောင်းတွေကနေ ထွက်ခွာသူတွေများပြားလာနေသလို တရားမဝင်လမ်းကြောင်းတွေ၊ အလည်အပတ်ဗီဇာနဲ့ ထွက်ခွာမယ့်သူတွေ၊ ကျောင်းသွားတက်မယ့်လူငယ်တွေလည်း အများအပြားရှိလာပါတယ်။

ပိုင်စိုးကတော့ ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ထွက်လို့မရရင် အောက်လမ်းလို့ခေါ်တဲ့ တရားမဝင်လမ်းကြောင်းကထွက်မယ်လို့ ပြောပါတယ်။

“MoU က ကြာတယ်ဗျ။ အလုပ်ခေါ်စာတွေစောင့်ရတယ်။ ရတဲ့နည်းနဲ့ အရင်ထွက်သွားရဖို့လိုတယ်။ ဟိုဘက်မှာ လူခံရှိရင် ထွက်သာထွက်” လို့ သူက ပြောပါတယ်။

ပြည်ပက အလုပ်သမားအရေး လုပ်ကိုင်သူတချို့ကတော့ တရားမဝင်နည်းလမ်းတွေနဲ့ ထွက်ခွာတာဟာ အန္တရာယ်ရှိတယ်လို့ သတိပေးပါတယ်။

အထူးသဖြင့် လူကုန်ကူးမယ့်သူတွေကြောင့် ဒုက္ခရောက်နိုင်တဲ့အပြင် တစ်ဖက်နိုင်ငံကဖမ်းဆီးတာကိုလည်း ခံရနိုင်ခြေတွေ ရှိနေတာပါ။

ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အလုပ်သမားတွေကို ကူညီနေသူတစ်ဦးဖြစ်တဲ့ ကိုဇော်ကတော့ ယခုလပိုင်း (မေလ) မှာ ထိုင်းနိုင်ငံအစိုးရက အထောက်ထားမဲ့ အလုပ်သမားတွေကို ပန်းရောင်ကတ်လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကတ်ပြားတွေ မထုတ်ပေးတော့တာကြောင့် ပွဲစားနဲ့လာမယ့်သူတွေ သတိထားဖို့လိုတယ်လို့ ပြောပါတယ်။

“အယုံမလွယ်နဲ့၊ သေချာအချိတ်အဆက်ရှိမှလာ” လို့ သူက ပြောပါတယ်။

တရားမဝင်ရောက်လာသူတွေကိုဖမ်းမိရင် ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးမယ့်အပြင် နိုင်ငံအတွင်း နှစ်နှစ် အလုပ်လုပ်ကိုင်ခွင့် ပိတ်ခံရမယ်လို့ ထိုင်းလဝကဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒီလို တရားမဝင်လမ်းကြောင်းတွေအပြင် တချို့ကလည်း အလည်အပတ်ဗီဇာနဲ့ သွားရောက်ပြီးမှ တစ်ဖက်နိုင်ငံမှာ အလုပ်ရှာဖွေမယ့်သူတွေလည်း ရှိနေပါသေးတယ်။

အလည်အပတ်ဗီဇာတွေကတော့ လက်ရှိအချိန်ထိ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သံရုံးတွေမှာ သက်တမ်းတိုးခွင့်ရှိနေသေးပါတယ်။

ပိုင်စိုးနဲ့သူ့သူငယ်ချင်းတွေကတော့ သူတို့ရဲ့အနာဂတ်အိပ်မက်တွေကိုရိုက်ချိုးမဲ့ စစ်မှုထမ်းဥပဒေကိုနည်းလမ်းမျိုးစုံနဲ့ ရှောင်ထွက်မယ်လို့ အခုလိုပြောပါတယ်။

“ရအောင် ထွက်ရင်ထွက်၊ မဟုတ်ရင် အဲဒီ့အထဲ (စစ်ကောင်စီတပ်ထဲ) ရောက်သွားရင်တော့ ကျွန်တော်တို့ဘဝတွေ ဆုံးသွားမှာ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."