စစ်မှုထမ်းစာရင်းလိုက်ကောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ တစ်ပတ်အတွင်းအသတ်ခံရသူ ၁၄ ဦးထိရှိလာ

ရန်ကုန်-၂၀၂၄ မတ် ၂၆ (မော်ကွန်း)

အာဏာသိမ်းစစ်ကောင်စီ အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပက်သက်ပြီး နိုင်ငံအနှံ့မှာ စစ်မှုထမ်းစာရင်းတွေ ကောက်ယူတာကြောင့် တစ်ပတ်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၄ ဦးထက်မနည်းရှိလာပါတယ်။

မော်ကွန်းက စုဆောင်းထားတဲ့ အချက်အလက်တွေအရ အခုလ ၁၈ ရက်ကနေ ၂၄ ရက်အတွင်း စစ်မှုထမ်းစာရင်းကောက်ယူတဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရခိုင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ထွေအုပ်စာရေး စတဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၄ ဦးအထိ သတ်ဖြတ်ခံခဲ့ရပါတယ်။

“အခု စစ်မှုထမ်းဥပဒေစာရင်းကောက်ဆို ကောက်ပေးလိုက်တာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ)ခိုင်းတာ မလုပ်ရင်လည်း မရဘူးလေ။ မလုပ်ရင် ငါတို့ကို(ဖမ်း)ခေါ်သွားမှာပေါ့။ အခုကျ PDF လည်း ဒါတွေလုပ်ရင် သတ်မယ်ဖြတ်မယ်ဆိုတော့ ကြားညပ်နေတယ်။ ဒီဘက်လည်း မလုပ်ပေးလို့မရ၊ ဟိုဘက်လည်း မလုပ်လို့မရဖြစ်နေတယ်” လို့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့၊ စစ်မှုထမ်းဥပဒေ အသက်ဝင်အောင်ကူညီဆောင်ရွက်တာတွေမလုပ်ကြဖို့ တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြို့ပြ‌ပြောက်ကျားအဖွဲ့တွေက စာထုတ်ပြီးမကြာခင်မှာ ရပ်ကွက်တွေမှာ စစ်မှုထမ်းစာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ သတ်ဖြတ်ခံလာရတာပါ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း အခုလ ၂၂ ရက်က စစ်မှုထမ်းစာရင်းကောက်ယူနေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး နှစ်ရက်အကြာမှာပဲ စစ်မှုထမ်းစာရင်းကောက်ယူတဲ့ ရွှေဘိုထွေအုပ်စာရေး ဒေါ်မြမြငြိမ်းဆိုသူကို ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က နေအိမ်မှာပစ်သတ်ခဲ့ပါတယ်။

“စစ်ကောင်စီအလိုကျ မြို့နေရပ်ကွက်နေ ပြည်သူလူငယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဆောင်ဖို့ရာ စာရင်းကောက်ခံဖိအားပေးတာ၊ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းအချက်အလက်ကို စကစထံ သတင်းပို့စေခိုင်းမှုကြောင့် မြို့ပြတော်လှန်ရေးရဲဘော်တွေ ဖမ်းဆီးခံရတာကြောင့် အပြစ်ပေးဆောင်ရွက်လိုက်ရတာ” လို့ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုထားပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာလည်း ရန်ကုန် ပကဖ အပါအဝင် မြို့ပြပြောက်ကျားအဖွဲ့တွေက အခုလ ၁၉ ရက်က စစ်မှုမထမ်းမနေရ အမိန့်နဲ့ပက်သက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ပူးပေါင်းကူညီနေသူတွေကို စစ်ကောင်စီထောက်တိုင်တွေအဖြစ်သတ်မှတ်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စမ်းချောင်းမြို့နယ် ပင်မသပိတ်စစ်ကြောင်းက စမ်းချောင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ ပုံတွေကို ထုတ်ပြန်ပြီးနောက် အုပ်ချုပ်ရေးမှူးတချို့တော့ နှုတ်ထွက်သွားကြတယ်လို့ မနေ့က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့က သတိပေးထားပြီးသား၊ စစ်မှုထမ်းကိစ္စမှာ မပူးပေါင်းဖို့၊ ပါဝင်ပတ်သက်ခြင်းမပြုကြဖို့ သတိပေးစာတွေ ထုတ်ပြန်ခဲ့ပြီးသား၊ ဒါကို မလိုက်နာလို့ လိုက်လံရှင်းလင်းတာပါ။ ဆက်လက်ပြီး မလိုက်နာတဲ့ သူတွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားဖို့ ဆောင်ရွက်နေပါတယ်”လို့ ရန်ကုန်အခြေစိုက်ပြောက်ကျားရဲဘော်တစ်ဦးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ခံရတာတွေနဲ့ ပသက်လို့ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်မှုထမ်းဥပဒေအတည်ပြုပြီး တစ်လကျော်ကာလအတွင်းမှာပဲ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက မြို့နယ်၊ ရပ်ကွက် အသီးသီးမှာ လူစာရင်းကောက်ခံတာတွေ၊ မဲနှိုက်ရွေးချယ်တာတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ စတဲ့ဒေသတွေအပါအဝင် နိုင်ငံအနှံ့မှာ စတင်လုပ်ဆောင်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်ပြည့်ပြီး လူငယ် ၁၃ သန်းကျော်ရှိတယ်လို့ ပြောထားပါတယ်။

ပုံစာ-၂၀၂၁ ဖေဖော်ဝါရီက ရန်ကုန်တိုင်းအတွင်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ဓာတ်ပုံ-မော်ကွန်း

တစ်ပတ်အတွင်းသတ်ဖြတ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များ

၁၈-၃-၂၀၂၄ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတစ်ဦး ပစ်ခံရ၊ ပျူစောထီးသေ။

၁၈-၃-၂၀၂၄ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး ပစ်သတ်ခံရ။

၁၉-၃-၂၀၂၄ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု ပစ်သတ်ခံရ။

၂၀-၃-၂၀၂၄ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မိချောင်းတက်ရွာ၊ ရာအိမ်မှူး ဦးသောင်းထွန်း နေအိမ်မှာ ပစ်သတ်ခံရ။

၂၀-၃-၂၀၂၄ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းရွာ အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နဲ့ ထွေအုပ်စာရေး ဦးစန်းနိုင် ပစ်သတ်ခံရ၊ နှစ်ဦးလုံးသေဆုံး။

၂၁-၃-၂၀၂၄ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းရွှေ လည်လှီးသတ်ခံရ။

၂၁-၃-၂၀၂၄ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဇီးကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေနဲ့ ထွေအုပ်စာရေး ကိုဖြိုး ပစ်ခံရ၊ အုပ်ချုပ်ရေးမှူးသေဆုံး။

၂၂-၃-၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး နန်းနွယ်ဦး ပစ်သတ်ခံရ။

၂၃-၃-၂၀၂၄ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ (င)ရပ်ကွက်၊ ရပ်ကျေးစာရေး သေနတ်နဲ့ပစ်ခံရ၊ ထွက်ပြေးလွတ်မြောက်။

၂၃-၃-၂၀၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟန်လင်းရွာ အုပ်ချုပ်ရေးမှူး အောင်ကိုကို သတ်ခံရ။

၂၃-၃-၂၀၂၄ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ သပြေကိုင်းရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်စိန် သတ်ခံရ။

၂၄-၃-၂၀၂၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းကြည် ပစ်သတ်ခံရ။

၂၄-၃-၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွှေဘို ထွေအုပ်စာရေး မြမြငြိမ်း နေအိမ်မှာ သတ်ခံရ။

၂၄-၃-၂၀၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးရွာ အုပ်ချုပ်ရေးမှူး ဦးစံလွင် ပစ်သတ်ခံရ။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."