ကြံခင်း-၂၀၂၄ မတ် ၂၁ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်မှာ စစ်မှုထမ်းဥပဒေကိစ္စ စာရင်းလာကောက်စဉ် ရာအိမ်မှူးနဲ့ စကားများလို့ ဖမ်းခံရပြီးသေဆုံးခဲ့သူကို အတက်ရောဂါကြောင့်သေဆုံးတာလို့ စစ်ကောင်စီကပြောပေမယ့် မိသားစုနီးစပ်သူတွေက မဟုတ်ဘူးလို့ မော်ကွန်းကိုပြောပါတယ်။
သေဆုံးခဲ့တဲ့သူဟာ အသက် ၅၅ နှစ်အရွယ် ကျန်းမာရေးကောင်းမွန်တဲ့ ရဲဝန်ထမ်းဟောင်း ဦးသန်းထွန်းအေးဆိုသူဖြစ်ပြီး အခုလ ၂၀ ရက်က သူနေထိုင်တဲ့အိမ်ကို ရာအိမ်မှူးကိုနိုင်ဆိုသူနဲ့ လူတချို့ စစ်မှုထမ်းဥပဒေအတွက် သန်းခေါင်စာရင်းမေးမြန်းစဉ် စကားများပြီးနောက် ဖမ်းခံခဲ့ရတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူက ကျွန်တော်တို့ ဒီမှာတောက်လျှောက်တွေ့တာတော့ အဲလိုမျိုး(အတက်ရောဂါ)မရှိဘူးဗျ။ သူအလုပ်တွေဘာတွေလုပ်တာ တက်တာတွေတစ်ခါမှမရှိဘူး။ တစ်ခါမှ အဲလိုမျိုးမရှိဖူးဘူး။ စစ်မှုထမ်းစာရင်းလာကောက်တဲ့ ရာအိမ်မှူးကိုနိုင်နဲ့ စကားများတာ၊ ပြီးတော့ ဖမ်းခေါ်ခံရပြီး စခန်းမှာနာရီပိုင်းလေးအတွင်းဖြစ်သွားတာ” လို့ သူကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာတော့ ဦးသန်းထွန်းအေးဟာ စစ်မှုထမ်းစာရင်းလာကောက်တယ်ထင်ပြီး ဆဲဆိုခဲ့တာကြောင့် ရပ်ကွက်ရုံးခေါ်ရှင်းပြပေမယ့် မရလို့ ရဲစခန်းခေါ်သွားပြီး မေးမြန်းစဉ်အတက်ရောဂါဖြစ်ပွားခဲ့လို့ ဆေးရုံပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဦးသန်းထွန်းအေးဟာ ဆေးရုံကို မနက် ၉ နာရီခွဲမှာရောက်ပြီး ၁၁ နာရီမှာ သေဆုံးသွားတာဖြစ်တယ်လို့ စစ်ကောင်စီက ငြင်းဆိုထားပေမယ့် မိသားစုနဲ့နီးစပ်သူတစ်ဦးကတော့ ဖြစ်စဉ်ကို အခုလိုပြန်ပြောပြပါတယ်။
“သူ့ကို ခေါ်သွားတာက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့မရဲစခန်းဗျ။ မနက် ၁၀ နာရီလောက်ကပေါ့။ (သေဆုံးချိန်နဲ့)နာရီဝက်လောက်ပဲကွာတယ်။ အိမ်မှာလာခေါ်တုန်းကတော့ မတွေ့ဘူး။ သူမြို့ထဲကို ဆိုက်ကားနဲ့ထွက်တော့ ရဲသုံးယောက်ပါတယ်။ ယူနီဖောင်းမပါဘူး။ မြို့ထဲမှာဖမ်းတော့ သူက လက်ထိပ်ခတ်မခံဘူး။ သူကဒီတိုင်းလိုက်သွားတာ” လို့ သူက ဆိုပါတယ်။
ရဲစခန်းကဖမ်းဆီးပြီးနောက် မကြာခင် နာရေးကူညီမှုအသင်းတစ်ခုဆီဆက်သွယ်ကာ ဦးသန်းထွန်းအေးရဲ့ အလောင်းကို လာယူခိုင်းပြီး မနေ့ကသင်္ဂြိုဟ်ခိုင်းလို့ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကူညီပေးခဲ့သူတစ်ဦးကလည်းပြောပါတယ်။
သူ့ရဲ့ အလောင်းမှာတော့ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရပေမယ့် ခန္ဓာကိုယ်တွင်းပိုင်းမှာတော့ ဘယ်လိုဒဏ်ရာတွေရခဲ့လဲမသိဘူးလို့ ကူညီခဲ့သူတချို့နဲ့ မိသားစုနီးစပ်သူတွေကပြောပါတယ်။
အခုလ ၁၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ရေတွင်းချောင်းကျေးရွာမှာလည်း အမျိုးသားတစ်ဦး စစ်မှုထမ်းဖို့မဲနှိုက်ရွေးချယ်ရာမှာ မဲပေါက်လို့ အဆိပ်သောက်သတ်သေခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က အတည်ပြုခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အခုလထဲမှာ နိုင်ငံအနှံ့က မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို စာရင်းကောက်တာ၊ မဲနှိုက်ရွေးချယ်ခိုင်းတာတွေ စတင်ပြုလုပ်နေပါတယ်။
စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို လူစာရင်းကောက်တာ၊ မဲနှိုက်ရွေးချယ်တာတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေသလို ပြည်ပနိုင်ငံတွေကို ထွက်ပြေးတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေဆီနဲ့ တော်လှန်ရေးတပ်တွေဆီ ခိုလှုံသွားကြတဲ့ လူငယ်တွေ၊ မိသားစုတွေလည်း အများအပြားရှိလာနေပါတယ်။
ပုံစာ-ရဲစခန်းမှာ ဖမ်းခံရပြီးမကြာမီသေဆုံးခဲ့တဲ့ ဦးသန်းထွန်းအေးရဲ့ ရုပ်အလောင်း။
ဓာတ်ပုံ-မေတ္တာမွန်လူမှုကူညီရေး ပရဟိတအဖွဲ့